၂၀၂၄ မလေးရှားစူပါလိဂ်ပြိုင်ပွဲ ပွဲစဉ်(၂) ကို ပြီးခဲ့သည့်မေ ၁၇၊ ၁၈၊ ၁၉ ရက်များက ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာ့လက်ရွေးစင်ညာတောင်ပံတိုက်စစ်ကစားသမားဖြစ်သူ ဟိန်းထက်အောင်သည် နီဂရီဆမ်ဘီလန်အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့ကြောင်း သိရသည်။
နီဂရီဆမ်ဘီလန်အသင်းသည် ၂၀၂၄ မလေးရှားစူပါလိဂ်ပြိုင်ပွဲတွင် ပထမဆုံးပွဲအဖြစ် လက်ရှိချန်ပီယံ ဂျိုဟိုးလ်ဒါရူးလ်အသင်းနှင့် အဝေးကွင်းသွားရောက်ယှဉ်ပြိုင်ကစားခဲ့ရခြင်းဖြစ်ပြီး(၁-၃) ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည်။
ယင်းပွဲတွင် ဟိန်းထက်အောင်သည် နီဂရီဆမ်ဘီလန်အသင်း၌ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ပွဲကစားချိန်(၂၈) မိနစ်တွင် အသင်းအတွက် ချေပဂိုးကို တစ်ဖက်အသင်းနောက်တန်းကစားသမား ရှင်းထုတ်ရာမှ ပြန်လျှံထွက်လာသည့် ဘောလုံးကို ပြေးဝင်ပိတ်သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
ဟိန်းထက်အောင်သည် ယင်းပွဲတွင် ပွဲကစားချိန်(၇၈) မိနစ်၌ လူစားလဲခံခဲ့ရသည်။
ဟိန်းထက်အောင်သည် ၂၀၂၄ မလေးရှားစူပါလိဂ်ပြိုင်ပွဲ ပထမဆုံးပွဲစဉ်တွင် ပထမဆုံးပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ပြီး အသင်းအတွက် ပထမဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။
ဟိန်းထက်အောင်သည် မလေးရှားစူပါလိဂ်ကလပ် ဆီလန်ဂေါအသင်း၏ ကစားသမားဖြစ်သော်လည်း ပြီးခဲ့သည့်ရာသီကတည်းက နီဂရီဆမ်ဘီလန်အသင်းတွင် အငှားသွားရောက်ကစားနေခြင်းဖြစ်သည်။
ဟိန်းထက်အောင်သည် ပြီးခဲ့သည့် ၂၀၂၃ ရာသီက နီဂရီဆမ်ဘီလန်အသင်းအတွက် ပြိုင်ပွဲစုံ ၁၀ ပွဲကစား၊ နှစ်ဂိုး သွင်းယူပေးခဲ့ကြောင်း သိရသည်။
ဟိန်းထက်အောင်၏ နီဂရီဆမ်ဘီလန်အသင်းသည် ၂၀၂၃ မလေးရှားစူပါလိဂ်ပြိုင်ပွဲအပြီးတွင် အမှတ်ပေးဇယား အဆင့် ၉ နေရာတွင် ရပ်တည်နိုင်ခဲ့သည်။
ထို့ကြောင့် နီဂရီဆမ်ဘီလန်အသင်းသည် ယခုရာသီတွင်လည်း ဟိန်းထက်အောင်ကို တစ်ရာသီအငှားစားချုပ်ဖြင့် ဆက်လက်ချုပ်ဆိုကာ ခေါ်ယူထားခြင်း ဖြစ်သည်။
ဟိန်းထက်အောင်သည် ၂၀၂၁ နှစ်ဆန်းပိုင်းကတည်းက မလေးရှားစူပါလိဂ်ကလပ် ဆီလန်ဂေါအသင်းသို့ သွားရောက်ကစားနေခြင်းဖြစ်ပြီး ဆီလန်ဂေါအသင်းက ၎င်းကို ကာလရှည်စာချုပ် ချုပ်ဆိုထားခြင်း ဖြစ်သည်။
သို့သော် ဆီလန်ဂေါအသင်းနှင့် ဟိန်းထက်အောင်တို့၏ စာချုပ်သက်တမ်းမှာ ယခုရာသီကုန်တွင် ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။
မြန်မာကစားသမားတစ်ဦးပင်ဖြစ်သည့် ကွင်းလယ်လူကျော်မင်းဦးသည်လည်း မလေးရှားစူပါလိဂ်ကလပ် PDRM အသင်းတွင် ပြီးခဲ့သည့် ၂၀၂၃ ရာသီကတည်းက ကစားနေလျက်ရှိသည်။
ယခုရာသီတွင် ကျော်မင်းဦး၏ PDRM အသင်းသည် နှစ်ပွဲကစား၊ တစ်ပွဲနိုင်၊ တစ်ပွဲရှုံး ရလဒ်ရရှိထားပြီး အဆင့်(၅) နေရာတွင် ရပ်တည်နေသည်။
ကျော်မင်းဦးသည် PDRM အသင်းတွင် ပုံမှန်ပွဲထွက်ကစားခွင့်ရနေသူဖြစ်သည်။















