■ လီဗာပူးလ်ပရိသတ်အချို့၏ပေးစာကို ဖတ်ပြီး မျက်ရည်ပေါက်ပေါက်ကျအောင် ငိုခဲ့ရကြောင်း ကလော့ပ် ဝန်ခံ

■ လီဗာပူးလ်ပရိသတ်အချို့၏ပေးစာကို ဖတ်ပြီး မျက်ရည်ပေါက်ပေါက်ကျအောင် ငိုခဲ့ရကြောင်း ကလော့ပ် ဝန်ခံ
Photo: Sky Sports
Photo: Sky Sports
Published 17 May 2024

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က မိမိအနေဖြင့် အသင်းပရိသတ်အချို့၏ ပေးစာကို ဖတ်ပြီး မျက်ရည်ပေါက်ပေါက်ကျအောင် ငိုခဲ့ရကြောင်း ဝန်ခံပြောကြားခဲ့သည်။ 

လီဗာပူးလ်အသင်းကို (၉)နှစ်နီးပါး ကိုင်တွယ်ခဲ့သည့် ဂျာမန်လူမျိုးနည်းပြ ယာဂန်ကလော့ပ်သည် မေလ (၁၉) ရက်(တနင်္ဂနွေနေ့)၌ ကစားမည့် ဝုလ်ဗ်အသင်းနှင့် ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်တွင် လီဗာပူးလ်နည်းပြဘဝနောက်ဆုံးပွဲကို ကိုင်တွယ်မည်ဖြစ်သည်။ 

ဝုလ်ဗ်အသင်းနှင့်ကစားမည့်ပွဲအတွက် ပြုလုပ်ခဲ့သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ၎င်းအနေဖြင့် အသင်းပရိသတ်များထံမှာ ပေးစာများစွာကို ရရှိခဲ့ပြီး ပရိသတ်အချို့၏ပေးစာကြောင့် ငိုကြွေးခဲ့ရကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ကလော့ပ်က "ပြီးခဲ့တဲ့လအနည်းငယ်အတွင်း ကျွန်တော့်အနေနဲ့ ပေးစာတွေ၊ Email တွေ အများကြီး လက်ခံရရှိခဲ့ပါတယ်။ တကယ်လို့ အဲဒီစာတွေအားလုံးကို ပြန်ဖြေမယ်ဆိုရင် ကျွန်တော့်အနေနဲ့ ဒီ(လီဗာပူးလ်အသင်း)မှာ ၂၀၂၈ ခုနှစ်အထိ ရှိနေပါလိမ့်မယ်။ ဒါကြောင့် ပေးစာတွေအားလုံးကို စာမပြန်နိုင်တဲ့အပေါ် ကျွန်တော် တောင်းပန်ပါတယ်။ ပြီးတော့ နောက်ဆုံးပွဲအတွက် လက်မှတ်တောင်းဆိုသူတွေလည်း အများကြီးပါပဲ။ ကျွန်တော့်ကို ပေးတဲ့ ပေးစာတွေထဲမှာ တချို့ကတော့ ရင်ထဲထိပါတယ်။ အချို့ပရိသတ်တွေအတွက် လီဗာပူးလ်အသင်း ဘယ်လောက်အထိ အဓိပ္ပာယ်ရှိတယ်ဆိုတာကို ဖတ်ရတာ ကျွန်တော့်ကို မျက်ရည်ပေါက်ပေါက်ကျစေပါတယ်။ ကျွန်တော်တို့ဟာ အရမ်းကောင်းတဲ့ အသင်းအားပေးသူပရိသတ်တွေကို ပိုင်ဆိုင်ထားတာပါ။ လွန်ခဲ့တဲ့ (၉)နှစ်အတွင်း လီဗာပူးလ်ဟာ သူတို့အတွက် ကမ္ဘာကြီးဖြစ်ခဲ့တယ်။ အဲဒီအတွက် ကျွန်တော် အရမ်းပျော်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

အသက် (၅၆) နှစ်အရွယ်ရှိ ကလော့ပ်သည် လီဗာပူးလ်အသင်းကို ၂၀၁၅ အောက်တိုဘာ (၈) ရက်တွင် စတင်ကိုင်တွယ်ခဲ့ပြီး (၉) နှစ်နီးပါးကာလအတွင်း ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ FA ဖလား၊ လိဂ်ဖလား (၂) ကြိမ်၊ ဥရောပစူပါဖလား၊ ဖီဖာကလပ်ကမ္ဘာ့ဖလားနှင့် ကွန်မြူနတီဒိုင်းများ ရယူပေးနိုင်ခဲ့သည်။ 

Most Read

Most Recent