အင်ဖလေးရှင်း (ငွေကြေးဖောင်းပွခြင်း) သည် နိုင်ငံရေးအကြောင်းတရားဖြစ်နိုင်သကဲ့သို့ နိုင်ငံရေးသည်လည်း အင်ဖလေးရှင်း (ငွေကြေးဖောင်းပွခြင်း) ၏ အကြောင်းတရား ဖြစ်လာနိုင်သည်။ ထိုသို့ အပြန်အလှန်ဆက်စပ်သက်ရောက်နိုင်သည့်အခြေအနေသည် အမေရိကန်စီးပွားရေး အဆောက်အအုံအတွင်း ဖြစ်ပေါ်နေသည်။ ယခုအင်ဖလေးရှင်းအကြောင်းတရားသည် အမေရိကန်နိုင်ငံရေးအပေါ် သက်ရောက်မှုရှိနိုင်သည်ဟု သုံးသပ်မှုများရှိလာသည်။
အမေရိကန် စီးပွားရေးအဆောက်အအုံအတွင်း လွန်ခဲ့သည့်လက ကုန်စည်ဈေးနှုန်းများ သုည ဒသမ ၆၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ကို ဖေဖော်ဝါရီလ၏ စားသုံးသူစျေးဆနှုန်းကိန်း (CPI) သတင်းအချက်အလက်များက ပြသနေသည်။ အကယ်၍ လာမည့်လများအတွင်း ထိုနှုန်းအတိုင်း ဆက်လက်မြင့်တက်ဖြစ်ပေါ်နေပါက နှစ်စဉ်အင်ဖလေးရှင်းနှုန်းသည် ၇ ဒသမ ၄ ရာခိုင်နှုန်း ဖြစ်နေလိမ့်မည်။ သို့သော် စားသုံးသူဈေးဆနှုန်းကိန်းသည် ထိုကဲ့သို့ အလျင်အမြန်မြင့် တက်လာမည်မဟုတ်ဟုလည်း ရှုမြင်ထားသည်။ .
လွန်ခဲ့သည့်နှစ်များစွာအတွင်း စားသုံးသူဈေးဆနှုန်းကိန်း နှစ်စဉ်တိုးမြင့်လာမှုအခြေအနေ အားလုံးနီးပါးသည် ပထမနှစ်ဝက်တွင် ရောက်ရှိခဲ့လာသည်။ လွန်ခဲ့သည့်နှစ်များကဲ့သို့ပင် ယခုနှစ်တွင် ထိုသို့ဖြစ်ခဲ့ပါက လတစ်လပြီးတစ်လဖြစ်ပေါ်လာသော အင်ဖလေးရှင်းနှုန်းသည် နှစ်လယ်နောက်ပိုင်းတွင် ရပ်တန့်သွားမည်။ ထိုအခြေအနေသည် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် သမ္မတဂျိုးဘိုင်ဒင်အစိုးရအပေါ် အကျိုးသက်ရောက်မှုဖြစ်လာနိုင်ဖွယ်ရှိသည်။
အခြေအနေသည် နှေးကွေးနေသည့်တိုင် နှစ်စဉ်အင်ဖလေးရှင်းနှုန်း ကျဆင်းလာလိမ့်မည်။ ၂၀၂၃ ခုနှစ်က အင်ဖလေးရှင်းနှုန်း ၃ ဒသမ ၄ ရာခိုင်နှုန်းဖြစ်သည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီတွင် ဖြစ်ပေါ်ခဲ့သော ထိုအခြေအနေသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီတွင် ၃ ဒသမ ၂ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပြီးဖြစ်သည်။ ထိုနှုန်းအတိုင်း ဆက်လက်ကျဆင်းနေပါက အမေရိကန်ဗဟိုဘဏ် (Federal Reserve) သည် ၎င်း၏မျှော်မှန်းချက်ဖြစ်သည့် ငွေကြေးဖောင်းပွမှုနှုန်း နှစ်ရာခိုင်နှုန်းကို ခြောက်လတာကာလအတွင်း ရောက်ရှိသွားလိမ့်မည်။ ထိုအခြေအနေသည် သမ္မတဂျိုးဘိုင်ဒင်အစိုးရအဖွဲ့၏ နိုဝင်ဘာလ မျှော််လင့်ချက်ကို နောက်ထပ်သေချာစေမည့် အားတက်စရာအချက်တစ်ချက်ဖြစ်လိမ့်မည်ဟု ယူဆကြသည်။
လူအများစုသည် အင်ဖလေးရှင်းကို မစိုးရိမ်ကြ။ စျေးနှုန်းကြီးမြင့်ကို စိုးရိမ်မှုရှိသည်။ အူကြောင်ကြောင်ရှိလှသည်ဟု ဆိုရမည်။ ဆိုလိုသည်မှာ အင်ဖလေးရှင်းကြောင့်ဖြစ်ပေါ်လာမည့် အထွေထွေဈေးနှုန်းအဆင့် (အရေးပါသော၊ အသုံးများသော ကုန်ပစ္စည်းများ၏ ဈေးနှုန်းများ မြင့်တက်နေမှု) ကို ဈေးနှုန်း၊ ငွေကြေးသဘောတရား အယူအဆများအရ ယေဘုယျသိပြီးသားဖြစ်၍ စိုးရိမ်မှုမရှိသကဲ့သို့ ဖြစ်နေပြီး ဝယ်ယူစားသုံးမည့် ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုဈေးနှုန်းများမြင့်တက်မှု လက်တွေ့ကြုံလာရမည်ကိုတော့ စိုးရိမ်ကြသည်။ ကိုယ်တိုင်တိုက်ရိုက်ခံစားရမည်ကို စိုးရိမ်ကြခြင်းဖြစ်သည်။
အင်ဖလေးရှင်း မြင့်တက်သည်ဖြစ်စေ၊ ကျဆင်းသည်ဖြစ်စေ မည်သည့်အခြေအနေဖြစ်ဖြစ် လူအများအမြဲစောင့်ကြည့်နေနိုင်မည် မဟုတ်ပေ။ ၎င်းတို့ ဝယ်ယူမည့် ကုန်ပစ္စည်းအတွက် ပေးရမည့်ငွေကြေးပမာဏကိုသာ စိတ်ဝင်စားနေကြလိမ့်မည်။ ထို့ကြောင့်အမေရိကန်ဗဟိုဘဏ် ဦးတည်နေသော အင်ဖလေးရှင်းပန်းတိုင်ကို နိုဝင်ဘာတွင် ရောက်ရှိခဲ့သည့်တိုင် ဈေးနှုန်းများသည် ယခင်အခြေအနေများကဲသို့ ဖြစ်လာမည်မဟုတ်။
လွန်ခဲ့သောနှစ်အနည်းငယ်က ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများထက် မြင့်မားနေဆဲဖြစ်လိမ့်မည်။ နိုင်ငံသူနိုင်ငံသားများ၏ အခြေအနေသည် သမ္မတဂျိုးဘိုင်ဒင် အစိုးရအဖွဲ့၏အုပ်ချုပ်ရေးနှင့် ဆက်နွှယ်နေလိမ့်မည်။
အခြေအနေများအရ အမေရိကန်ဗဟိုဘဏ်၏ အင်ဖလေးရှင်း ထိန်းချုပ်ရေး မည်မျှပင် အောင်မြင်မှုရှိနေစေကာမူ ဖြစ်ပေါ်နေသော အင်ဖလေးရှင်းသည် သမ္မတဂျိုးဘိုင်ဒင် ပြန်လည်ရွေးကောက်ခံမှုအပေါ် အနုတ်လက္ခဏာဆောင်သော သက်ရောက်မှုအဖြစ်သာ စဉ်းစားကြပေလိမ့်မည်။ အဘယ့်ကြောင့်နည်း။ သမ္မတဂျိုးဘိုင်ဒင်ပြောဆိုခဲ့ဖူးသည့် “ငွေကြေးဖောင်းပွမှုသည် အကူးအပြောင်းဖြစ်စဉ်တစ်ခုသာဖြစ်သည်” (ဆိုလိုသည်မှာ အင်ဖလေးရှင်းသည် အချိန်တိုခဏတာသာဖြစ်မည်) ဟူသောစကားကို အမေရိကန်နိုင်ငံသူ၊ နိုင်ငံသားများ မှတ်မိနေကြသောကြောင့်ဖြစ်မည်။ သမ္မတဂျိုးဘိုင်ဒင်လက်ထက် စတင်ချိန်မှစ၍ ယခုအချိန်အထိ ကုန်ပစ္စည်းဈေးနှုန်းများ မြင့်မားနေဆဲ။ လွန်ခဲ့သောနှစ်များက ဖြစ်ပေါ်ခဲ့သည့် ကုန်ဈေးနှုန်းများထက် မြင့်မားနေဆဲဖြစ်သည်ကို အားလုံးလက်တွေ့ကြုံနေကြရသည်မဟုတ်ပါလား။
မည်သို့ပင်ဆိုစေကာမူ ငွေကြေးဖောင်းပွမှုသည် မျှော်လင့်ထားသည်ထက် ပိုမိုလျင်မြန်စွာ ကျဆင်းသွားသည်ဟုယူဆကြသည်။ (သမ္မတဂျိုးဘိုင်ဒင်နှင့် ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျရွန်းပါဝဲလ်တို့ ညွှန်းဆိုခဲ့သကဲ့သို့ အလျင်အမြန်ကျဆင်းမှုတော့မဟုတ်ပေ)။ ထိုအခြေအနေတွင် ထိုသို့သုံးသပ်ဝေဖန်ခဲ့ပါက တရားမျှတမှုရှိပါသလားဟု သမ္မတဂျိုးဘိုင်ဒင်အစိုးရအဖွဲ့ကို မျက်နှာသာပေးသည့်သူများက မေးခွန်းထုတ်မှုများလည်းရှိလာသည်။ ကျဆင်းလာနေသော အင်ဖလေးရှင်းအခြေအနေကိုကြည့်၍ အောင်မြင်မှုဟု သတ်မှတ်ညွှန်းဆိုချင်သူများရှိပြီး အမေရိကန်ဗဟိုဘဏ်နှင့် ဥက္ကဋ္ဌ ဂျရွန်းပါဝဲလ်ကို ချီးကျူးဂုဏ်ပြုချင်သူများလည်းရှိနေသည်။
လေ့လာသုံးသပ်သူအချို့ကမူ မဲဆန္ဒရှင်ပြည်သူအများစုက ထိုသို့မြင်ကြလိမ့်မည်မဟုတ်ဟုဆိုသည်။ ကုန်ဈေးနှုန်းများသည် မြင့်မားနေဆဲ၊ မျှော်လင့်လျက်ရှိသည့် ဈေးနှုန်းအဆင့်အထိ ကျဆင်းလာနိုင်မည်မဟုတ်သေး စသည်ဖြင့် ထင်မြင်ချက်များရှိနေသည်။ ပြည်သူအများစုက ထိုအချက်ကို အလေးထားဂရုစိုက်ကြည့်နေကြ၏။ ၂၀၂၄ ခုနှစ် နိုဝင်ဘာတွင် ပြုလုပ်မည့်ရွေးကောက်ပွဲတွင် ထိုသက်ရောက်မှုရှိလာလိမ့်မည်ဟုလည်း ကြိုတင်မှန်းဆသုံးသပ်နေကြသည်။
https://www.eurasiareview.com/