ရန်ကုန်မြို့တွင် လူမိုက်ဟုဆိုသည့် ဦးကျော်ဝင်းစိန် သတ်ဖြတ်ခံရမှုတွင် ကျူးလွန်သူ အမျိုးသားကိုးဦးအား စစ်ကိုင်းမြို့၌ မတ် ၆ ရက်က ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
ဦးကျော်ဝင်းစိန်အား သတ်ဖြတ်မှုဖြင့် နာမည်ထွက်နေသည့် ပြစ်မှုဟောင်းလည်းရှိသည်ဆိုသည့် ဦးရဲမျိုးသိန်း (ခ) ငမျိုး ဦးဆောင်သည့်အဖွဲ့ကို စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ သစ္စာစေတီဘုရားအနီး ပုဗ္ပာရုံ ကျောင်းအတွင်း၌ ဘုရားတည်ရန်ဟုဆိုကာ ရောက်ရှိတိမ်းရှောင်နေကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များပါဝင်သော လုံခြုံရေးပူးပေါင်းတပ်ဖွဲ့က မတ်လ ၆ ရက်၊ မွန်းလွဲပိုင်းတွင် သွားရောက်ဖမ်းဆီးရာ ၎င်းတို့က ထွက်ပြေးရန်ကြိုးစားခဲ့သဖြင့် ခြောက်လှန့်ပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်း သိရသည်။
ယင်းနောက် အမှုတွင်ကျူးလွန်သူများဖြစ်သည့် ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်သည့် ရဲမျိုးသိန်း (ခ) ငမျိုး၊ ဧရာဝတီတိုင်း၊ မအူပင်မြို့တွင်နေထိုင်သည့် အောင်ကျော်ကြား (ခ) ကျော်ကြီး၊ လှိုင်သာယာမြို့နယ်နေ၊ ဟိန်းထက်အောင် (ခ) ခေါင်းကြီး၊ ကျိုက်လတ်မြို့နယ်နေ အောင်မြတ်မင်း (ခ) အောင်ကြီး၊ ထန်းတပင်မြို့နယ်နေ ဥက္ကာ၊ လှိုင်သာယာမြို့နယ်နေ အောင်တင်မြင့်ထွေး (ခ) အောင်လေး၊ ကြည့်မြင်တိုင်မြို့နယ်နေ ကျော်ဆန်းလင်း (ခ) သံမဏိ၊ ကော့မှူးမြို့နယ်နေ မျိုးမင်းနိုင် (ခ) အရှည်ကြီးနှင့် ကြည့်မြင်တိုင်မြို့နယ်နေ ဇော်မင်းဦး (ခ) တွတ်ပီ ဆိုသူတို့ကိုးဦးကို ဓါးရှည် (၅) ချောင်း၊ ဓါးမြှောင် (၂) ချောင်း၊ လေးခွ (၁) လက်၊ သံကုန်းသီး (၄၂) လုံးနှင့် အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့သို့ လွှဲပြောင်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဦးကျော်ဝင်းစိန်သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၈ ရက် ညသန်းခေါင်ယံအချိန်တွင် ကြည့်မြင်တိုင်မြို့နယ် ကျောင်းကြီးလမ်းတွင် လူတစ်စုက ဓားဖြင့်ခုတ်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းသတ်ဖြတ်ခံရသည့် ရုပ်သံဖိုင်သည် လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် လူသိထင်ကြား အမှုတစ်မှုဖြစ်ခဲ့သည်။
ထို့နောက် ဦးကျော်ဝင်းစိန်အား သတ်ဖြတ်ခဲ့သူသည် ကြည်မြင်တိုင်မြို့နယ်မှ ပြစ်မှုဟောင်းများရှိပြီး လူမိုက်ဆိုသည့် ဦးရဲမျိုးသိန်း (ခ) ငမျိုးဦးဆောင်သည့် အဖွဲ့ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားပြောဆိူမှုများရှိခဲ့သော်လည်း ဦးရဲမျိုးသိန်း (ခ) ငမျိုးဦးဆောင်သည့် အဖွဲ့မှာ ဘာသာရေးလုပ်ငန်းများ၊ ပရဟိတလုပ်ငန်းများဆောင်ရွက်နေပုံများကို TitTok လူမှုကွန်ရက်စာမျက်နှာတွက် ဖော်ပြကာ ပြင်ပတွင် သွားလာနေထိုင်နေသည်ကိုတွေ့ရသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ ဦးကျော်ဝင်းစိန်၏ဇနီးဖြစ်သူက အမှုဖွင့်ရာတွင်ကြုံတွေ့ရသည့်အခက်အခဲများ၊ ကျူးလွန်သူများကို ဖမ်းဆီးရမိခြင်းမရှိသည့်အခြေအနေများစသည့်အခြေအနေများကို ပြီးခဲ့သည့် လပိုင်းအတွင်းက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီယနောက် ယခုကဲ့သို့ ကျူးလွန်သူများကို ဖမ်းဆီးရမိခြင်း ဖြစ်သည်။
သတ်ဖြတ်ခံရသည့်ကျော်ဝင်းစိန်သည် အင်းစိန်မြို့နယ်တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ၁၉၉၆ ခုနှစ်ခန့်က ပြန်ပေးဆွဲမှု၊ လုယက်မှု အစရှိသည့် အမှုများဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရသည်။ ၂၀၁၆ ခုနှစ်တွင် မူးယစ်ဆေးဝါးမှု၊ ဓားကိုင်ဆောင်မှု အစရှိသည်တို့ဖြင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ယခင်အမှုများ အပါအဝင် ထောင်ဒဏ် ထပ်မံ ချမှတ်ခံရပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက် လာခဲ့သူတစ်ဦးလည်း ဖြစ်သည်။