မော်ရင်ဟိုရဲ့မျက်ရည်တွေ

မော်ရင်ဟိုရဲ့မျက်ရည်တွေ
Published 18 January 2024
AK

မော်ရင်ဟိုကို ရိုးမားအသိုင်းအဝိုင်းက ပြဿနာတစ်ခုလို မြင်ခဲ့ပါတယ်။ လက်ရှိရာသီရလဒ်ဆိုးတွေဟာ မော်ရင်ဟိုရဲ့ပြန်လည်တည်ထောင်ခါစ ဂုဏ်သိက္ခာကို ထိပါးစေခဲ့ပြီ။ တကယ်ဆိုရင် ရိုးမားအတွက် မော်ရင်ဟို စွမ်းသလောက် လုပ်ပြပြီးပြီ။ ရိုးမားသမိုင်းတစ်လျှောက် ပထမဆုံး ဥရောပအောင်ပွဲ၊ ပထမဆုံး ကွန်းဖရန့်လိဂ်အောင်ပွဲ၊ ပြီးတော့ ယူရိုပါလိဂ်ဖိုင်နယ်၊ အဲဒီအရာတွေအလွန်မှာ လက်ရှိရာသီဒုက္ခတောထဲ မော်ရင်ဟို အလိုမတူဘဲ ရှင်သန်နေရတယ်။

မော်ရင်ဟိုကို ရိုးမားအသိုင်းအဝိုင်းက ပြဿနာတစ်ခုလို မြင်ခဲ့ပါတယ်။ လက်ရှိရာသီရလဒ်ဆိုးတွေဟာ မော်ရင်ဟိုရဲ့ပြန်လည်တည်ထောင်ခါစ ဂုဏ်သိက္ခာကို ထိပါးစေခဲ့ပြီ။ တကယ်ဆိုရင် ရိုးမားအတွက် မော်ရင်ဟို စွမ်းသလောက် လုပ်ပြပြီးပြီ။ ရိုးမားသမိုင်းတစ်လျှောက် ပထမဆုံး ဥရောပအောင်ပွဲ၊ ပထမဆုံး ကွန်းဖရန့်လိဂ်အောင်ပွဲ၊ ပြီးတော့ ယူရိုပါလိဂ်ဖိုင်နယ်၊ အဲဒီအရာတွေအလွန်မှာ လက်ရှိရာသီဒုက္ခတောထဲ မော်ရင်ဟို အလိုမတူဘဲ ရှင်သန်နေရတယ်။ ဘာလို့များ ရိုးမားဟာ အသင်းတစ်သင်းလို တည်ရှိမနေတာလဲ။ မေးခွန်းတွေ၊ မော်ရင်ဟိုခေါင်းကိုက်စေမယ့် မေးခွန်းတွေ ဘိုင်အိုဂျက်ဆစ်သောက်လည်း ပျောက်မယ်မထင်ဘူး။

ပြီးခဲ့တဲ့နွေမှာ မော်ရင်ဟိုဆီ ရူးလောက်ချင်စရာ ကမ်းလှမ်းမှု ရောက်လာတယ်။ "အားလပ်ရက်မှာ နည်းပြတစ်ဦးအတွက် အကြီးမားဆုံးနဲ့ ရူးသွပ်ချင်စရာအကောင်းဆုံး ကမ်းလှမ်းမှုကို ကျွန်တော် ရခဲ့ဖူးတယ်။ အဲဒီကမ်းလှမ်းမှုကို ကျွန်တော် ပယ်ချခဲ့တယ်။ ဘာလို့လဲဆိုတော့ ရိုးမားမှာ ဆက်နေမယ်ဆိုပြီး ကျွန်တော့် ကစားသမားတွေကို ပြောထားလို့၊ ရိုးမားပရိသတ်တွေကို ပြောထားလို့၊ ရိုးမားအသင်း ပိုင်ရှင်တွေကို ပြောထားလို့ပါပဲ။ အခုသုံးလလောက်ကြာ တော့ ကျွန်တော်က ရိုးမားအတွက် ပြဿနာဖြစ်လာပြီတဲ့လား။ ဒါကို ကျွန်တော် လက်မခံပါဘူး။ ၂၀၂၄ ခုနှစ်၊ ဇွန်၊ စာချုပ်သက်တမ်းကုန်တဲ့အထိ ရိုးမားအတွက် ကျွန်တော် တိုက်ပွဲဝင်သွားပါမယ်။ ကျွန်တော့်ကို ရာထူးကထုတ်ခွင့်ရှိတာ အသင်းပိုင်ရှင်တွေပါ။ မီဒီယာတွေမဟုတ်ပါဘူး။ ဒီတော့ ပြင်ပဖိအားတွေကို ဂရုမစိုက်ပါဘူး။ ကျွန်တော် ကွင်းထဲဝင်လာချိန်ဝိုင်းဆဲနေလည်း ဂရုမစိုက်ပါဘူး" လို့ မော်ရင်ဟို ပြောခဲ့တယ်။

မော်ရင်ဟိုကို ဘယ်လိုသဘောထားလဲ။ မောက်မာသူလား၊ စကား ပရိယာယ်ကြွယ်ဝသူလား၊ အောင်ပွဲရ စစ်သူကြီးလား။ လူတွေက မော်ရင်ဟိုကို ချစ်နေဆဲမှာပဲ မသိစိတ်ထဲ မော်ရင်ဟို မုန်းနေမိပြန်တယ်။ မော်ရင်ဟိုနဲ့ ပတ်သက်ရင် ခံစားချက်ဟာ အမြဲတမ်း ရောထွေးနေတတ်တယ်။ ကျွန်တော်လည်း မော်ရင်ဟို ပရိသတ်မဖြစ်ခဲ့ဘူး။ ချယ်လ်ဆီးမှာ မော်ရင်ဟိုရဲ့ ပရိသတ်မဟုတ်ခဲ့ဘူး။ မော်ရင်ဟိုပရိသတ် မဟုတ်တဲ့အပြင် တစ်ခါတလေမှာ ကြည့်မရခဲ့ဘူး။ အဲဒီအချိန်တုန်းက ငွေကြေးနဲ့ တည်ထောင်တဲ့အသင်းတွေ၊ ငွေနဲ့ဖန်ဆင်းတဲ့ အသင်းတွေဆိုရင် ကြည့်မရတဲ့ ငယ်စိတ်လေးကြောင့် ဖြစ်မယ်ထင်တာပဲ။ ဒါပေမဲ့ အင်တာမီလန် ရောက်ချိန်မှာ မော်ရင်ဟိုကို စကြွေပါပြီ။ အင်တာမီလန်မှာ မော်ရင်ဟို ဖန်ဆင်းသမျှ အရာအားလုံးဟာ အနှစ်တွေချည်းပဲ။ သူ့ရဲ့ နည်းပြသက်တမ်းတစ်လျှောက် ဂန္ထဝင်အဆန်ဆုံး အောင်ပွဲကို မော်ရင်ဟို ပိုင်ဆိုင်ခဲ့တာပါ။ အဲဒီနောက်၊ အဲဒီနောက် ရီးယဲလ်၊ ချယ်လ်ဆီး၊ မန်ယူ၊ စပါး၊ ရိုးမား မော်ရင်ဟိုရဲ့ ရိုလာကိုစတာ လောကဓံကို ခံစားခဲ့ရတယ်။ သူဟာ အရောင် မှိန်သွားသလိုပဲ။ မော်ရင်ဟိုခေတ် ကုန်သွားပြီလို့ ယူဆခံရပါတယ်။ လူအိုတစ်ယောက်လို သူ ရှင်သန်ခဲ့ရပါတယ်။

တကယ်လို့များ ဘောလုံးလောကကို တကယ်မချစ်ဘူးဆိုရင် အောင်မြင်မှုတချို့ ရယူပြီးတဲ့အခါ အနားယူပါလိမ့်မယ်။  ဘောလုံးလောကရဲ့ အပြင်ဘက်မှာ ကိုယ့်အောင်မြင်မှုလေးကိုယ် ပွတ်သပ်ပြီး ကြည်နူးနေလိမ့် မယ်။ တကယ်လို့များ ဘောလုံးလောကကို တကယ်ချစ်တယ်ဆိုရင်  ဘယ်တော့မှ ရပ်တန့်ချင်မှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် အိုမင်းသွားပြီလို့ ခံစားနေရမှာ မဟုတ်ဘူး။ အမြဲတမ်း နုပျိုလတ်ဆတ်လို့နေ၊ ကိုယ့်ရဲ့ နောက်ဆုံးနေ့တွေအထိ ဒီသဘောအတိုင်း တည်ရှိနေလိမ့်မယ်။ ဒါဟာ ဘောလုံးလောကထဲ နှစ်ကာလများစွာ ဆက်လက်ရှင်သန်ချင်သူ တစ်ဦးရဲ့ ရင်တွင်းဖြစ်အသံတွေ၊ မော်ရင်ဟိုရဲ့ အသံတွေ။ ဒါဟာ အောင်မြင်သူတစ်ဦးရဲ့ အဆုံးအစမဲ့ ပျံသန်းလိုတဲ့ စိတ်လိပ်ပြာ၊ ဟိုဆေးမော်ရင်ဟိုရဲ့ DNA ၊  စိတ်အားထက်သန်မှုဆိုတာ ဟိုဆေးမော်ရင်ဟိုရဲ့ DNA အစိတ်အပိုင်းတစ်ခုပါပဲ။ ဆုဖလားအောင်မြင်မှုဆိုတာ ဟိုဆေးမော်ရင်ဟိုရဲ့ ယဉ်ကျေးမှုပဲ။ သူ့ရဲ့ ဘယ်သူ့မှ ဂရုမစိုက်တဲ့ မျက်နှာပေးဟာ ဆုဖလားအောင်မြင်မှုတွေကြောင့် ပိုပြီး မာန်ဝင့်နေပေါ့။ ဘဝမယ်အကြီးအကျယ် ခမ်းနားခဲ့ပြီးမှ ဇာတာကျသူတစ်ဦးဟာလည်း ဟိုဆေးမော်ရင်ဟိုပါပဲ။ ရောက်လေရာအရပ်မှာ ဆုဖလားအောင်မြင်မှုတွေနဲ့ နေသားကျခဲ့သူဟာ ဘယ်သူမှ သိပ်တန်ဖိုးမထားမယ့် (UEFA ရဲ့ ငွေရှာပြိုင်ပွဲ) ကွန်းဖ ရန့်လိဂ်မှာ ရိုးမားနဲ့အတူ ချန်ပီယံဖြစ်တော့ ငိုခဲ့ဖူးတယ်။

မော်ရင်ဟိုက သူ့ရဲ့နည်းပြဘ၀ အဆိုးရွားဆုံးကာလလို့ ဝန်ခံတယ်။ ရိုးမား ကစားသမားတွေက စုစည်းမှုမရှိဘူး။ စုစည်းမှုမရှိတော့ အသင်းလိုက် စိတ်ဓာတ်မရှိဘူး။ အသင်းလိုက်စိတ်ဓာတ်မရှိတော့ နိုင်ပွဲလည်း မရှိပါဘူး။ မော်ရင်ဟိုက "ရိုးမားကို သမိုင်းတစ်လျှောက် ဥရောပပြိုင်ပွဲ ဖိုင်နယ်နှစ်ကြိမ်ဆက် ပထမဆုံးကစားခွင့်ရအောင် ကျွန်တော်လုပ်ပေးနိုင်ခဲ့တာ မေ့မထားနဲ့။ လက်ရှိ အစုအဖွဲ့နဲ့ဆိုရင် အခြေအနေဆိုးက လွတ်မြောက်အောင် ရုန်းထွက်နိုင်ပါတယ်။ ပြင်းပြင်းထန်ထန်ကြိုးစားဖို့တော့ လိုပါတယ်။ အပြောင်းအရွှေ့ရာသီမဟုတ်လို့ ဘယ်သူမှလည်း ထပ်ရောက်လာမှာမဟုတ်ဘူး။ ဘယ်သူမှလည်း ထွက်သွားလို့ ရမှာ မဟုတ်ဘူး။ လက်ရှိအစုအဖွဲ့ ပိုင်ဆိုင်ထားတဲ့ အရည်အသွေးနဲ့ပဲ ပြဿနာတွေကို ဖြေရှင်းရပါ မယ်။ ငိုနေဖို့ အချိန်မရှိပါဘူး။ စိတ်ထဲမှာ ကြိတ်ငိုခွင့်ရှိပြီး ဒါက နာကျင်ပါလိမ့်မယ်။ လာမယ့်ပွဲက အရေးကြီးတယ်ဆိုပေမယ့် ခုနစ်မှတ်၊ ရှစ်မှတ်ရမယ့်ပွဲ မဟုတ်ပါဘူး။ နိုင်ရင် သုံးမှတ်ပဲရမှာပါ}}လို့ ပြောလိုက်တယ်။ Special One မော်ရင်ဟို တစ်ယောက် အခြေအနေဆိုးကနေ ဘယ်လိုမှ မလွတ်မြောက်ခဲ့ဘူး။

ရောမဟာ သစ္စာတရားတွေ ထွန်းကားရာ နယ်မြေ၊ တော့တီဟာ ရိုးမားကို သစ္စာမြဲလွန်းလို့ ဘယ်နေရာကိုမှ မရွေးချယ်ခဲ့ဘူး။ ရီးယဲလ်ကိုလည်း ဂရုမစိုက်ခဲ့ဘူး။ မိုးရေထဲ မရပ်မနားလေ့ကျင့်နေတဲ့ တော့တီကို မြင်ခဲ့ရတယ်။ အကောင်းဆုံးဆုတံဆိပ်တွေ ငြင်းပယ်ခဲ့တဲ့ တော့တီကို မြင်ခဲ့ရတယ်။ ရောက်လေရာနေရာတိုင်းမှာ အောင်ပွဲတွေဆွတ်ခူးဖူးတဲ့ ဂျူးလီယက်ဆီဆာလိုမျိုး မော်ရင်ဟို တည်ရှိခဲ့ပေမယ့် မျက်ရည်ပြဇာတ်နဲ့သာ အဆုံးသတ်ခဲ့ရတယ်။ အီတလီမီဒီယာတွေက မော်ရင်ဟိုကို အင်တာမီလန်မှာကတည်းက ကြည့်မရဘူး။ မောက်မာလွန်းသူလို့ မြင်ကြတယ်။ ရိုးမားရောက်တော့လည်း အဲဒီအမြင်ဟာ မပြောင်းလဲခဲ့ဘူး။ အီတလီဒိုင်တွေက မော်ရင်ဟိုဆိုရင် အနီကတ်ပြဖို့ ချောင်းနေပြီ။ သူဟာ ရန်သူတစ်ထောင်နဲ့ ရင်ဆိုင်ခဲ့ရ သလိုမျိုးပဲ။ တကယ်ဆိုရင် အီတလီဟာ မော်ရင်ဟိုရဲ့ အအောင်မြင်ဆုံးရပ်ဝန်း၊ အင်တာမီလန်နဲ့အတူ ဖလားသုံးလုံးအောင်ပွဲ ပိုင်ဆိုင်ခဲ့တဲ့နယ်မြေ၊ အဲဒီနယ်မြေမှာ မော်ရင်ဟိုက ချစ်ခြင်းမေတ္တာတွေ ဖြန်းပက်ချိန်ကျမှ နာကျင်ရတာ တရားပါရဲ့လား။ ရိုးမားနည်းပြဘဝကနေ ထုတ်ပယ်ခံရပြီး နောက ်မော်ရင်ဟိုကို ပရိသတ်တွေ လာနှုတ်ဆက်တယ်။ မော်ရင်ဟိုက သူစီးလာတဲ့ကားကိုရပ်ခိုင်း ကားမှန်ချပြီး ရိုး မားပရိသတ်တွေကို တခုတ်တရပြန်နှုတ်ဆက်တယ်။ အဲဒီအချိန်မှာ မော်ရင်ဟို ငိုနေပြန်တယ်။ မျက်လုံး တွေနီရဲနေအောင် မော်ရင်ဟို ငိုတယ်။ မန်ယူကနေ ထုတ်ပယ်ခံရတယ်၊ စပါးကနေ ထုတ်ပယ်ခံရတယ်၊ အခု ရိုးမားကနေ ထုတ်ပယ်ခံရပြန်တယ်။ မော်ရင်ဟိုက အဲဒီအရာတွေနဲ့ ထိုက်တန်လို့လား။ ကျွန်တော်  မတွေးချင်ဘူး။ သူဟာ စွမ်းသလောက် Special One ခဲ့ပြီးပြီ။

မော်ရင်ဟိုဟာ လူညံ့မဟုတ်ဘူး။ မျက်ရည်တွေဆိုတာ ဝမ်းနည်းလို့ ကျတာမှမဟုတ်တာ မခံချင်စိတ်ကြောင့်လည်း မျက်ရည်ကျတတ်ပါတယ်။