အရေးပေါ် ထိခိုက်ဒဏ်ရာများအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးရန် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အနီးတွင် မြို့ချောင်း အထူးတိုက်နယ်ဆေးရုံကို အထူးအစီအစဉ်ဖြင့် တည်ဆောက် ဖွင့်လှစ်ထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ ဆေးရုံမှာ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အနီးတွင် တည်ရှိပြီး ဆေးရုံတွင် ပြင်ပလူနာဌာန၊ ခွဲစိတ်ခန်း၊ လူနာဆောင်၊ ဆေးသိုလှောင်ခန်း၊ ဓာတ်မှန်ခန်း စသည်တို့ ထားရှိကာ တိုက်နယ်ဆရာဝန်၊ သူနာပြုနှင့် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့တို့ ရှိကြောင်းနှင့် အမြန်လမ်းတွင် ထိခိုက်ဒဏ်ရာ ရရှိသူများအတွက် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အထူးအစီအစဉ်ဖြင့် တည်ဆောက် ဖွင့်လှစ်ထားသော ဆေးရုံဖြစ်ကြောင်းလည်း သိရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်း တစ်လျှောက်တွင် အရေးပေါ် လူနာတင်ယာဉ် စနစ် (Emergency Medical Services) ကို ယခုနှစ် သြဂုတ် ၁ ရက်တွင် စတင်ဝန်ဆောင်မှု ပေးလျက်ရှိပြီး အမြန်လမ်းတစ်လျှောက်ရှိ လှည်းကူး၊ ဘုရားကြီး၊ မြို့ချောင်း၊ ဖြူး၊ တောင်ငူ၊ လယ်ဝေး၊ အလယ်ရွာ၊ မိတ္ထီလာ၊ ပြင်စည် (နွားထိုးကြီး)နှင့် တံတားဦး ပြည်သူ့ဆေးရုံများ၌ လူနာတင်ယာဉ်များထားရှိ အခြေပြု၍ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
လူနာများကို ကနဦး အသက်ကယ် ကုသမှု ဆောင်ရွက်၍ လူနာတင်ယာဉ်များဖြင့် ပြည်သူ့ဆေးရုံများသို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး အရေးပေါ် ထိခိုက်ဒဏ်ရာ အခြေအနေများ အတွက် ဖုန်းနံပါတ် ၁၉၂ သို့ ခေါ်ဆိုရမည်ဖြစ်ပြီး နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) တွင် Command and Control Centre ဖွင့်လှစ်ကာ လူနာတင်ယာဉ် စေလွှတ်ခြင်းကို စိစစ်ဆောင်ရွက်လျက် ရှိကြောင်းနှင့် လူနာတင်ယာဉ်များပေါ်၌ ယာဉ်မောင်းတစ်ဦးနှင့် အသက်ကယ် ဝန်ထမ်းနှစ်ဦး ပါဝင်ပြီး လူနာတင်ယာဉ် ကွပ်ကဲမှုကို သက်ဆိုင်ရာ ဆေးရုံမှ အရေးပေါ် ဆရာဝန်က အနီးကပ်ကြီး ကြပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ တရားဝင် ထုတ်ပြန်ချက်အရ ၂၀၁၆ ခုနှစ်၊ သြဂုတ်လအထိ တစ်နိုင်ငံလုံးတွင် စုစုပေါင်း လူဦးရေ သန်း ၅၀ ကျော်ရှိသည့်အနက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံးတွင် အထူးကုဆေးရုံ ၃၂ ရုံ၊ သင်ကြားရေးဆေးရုံ ကိုးရုံ၊ ခုတင် ၅၀၀ ဆံ့ ဆေးရုံ ၁၁ ရုံ၊ ခုတင် ၃၀၀ ဆံ့ ဆေးရုံသုံးရုံ၊ ခုတင်၂၀၀ ဆံ့ဆေးရုံ ၂၇ ရုံ၊ ခုတင် ၁၅၀ ဆံ့ ဆေးရုံနှစ်ရုံ၊ ခုတင် ၁၀၀ ဆံ့ ဆေးရုံ ၄၁ ရုံ၊ ခုတင် ၅၀ ဆံ့ ဆေးရုံ ၁၁၂ ရုံ၊ ခုတင် ၂၅ ဆံ့ဆေးရုံ ၁၅၁ ရုံ၊ ခုတင် ၁၆ ဆံ့ ဆေးရုံ ၁၀ ရုံ၊ တိုက်နယ်ဆေးရုံ ၇၂၅၊ စုစုပေါင်း ဆေးရုံ ၁၁၂၃ ရုံနှင့် ယင်းဆေးရုံများတွင် ခွင့်ပြုခုတင် စုစုပေါင်း ၅၄၇၀၃ ရှိကြောင်း သိရသည်။
အထူးကုဆေးရုံများ၊ သင်ကြားရေး ဆေးရုံများကို မြို့ကြီးများတွင်သာ ဖွင့်လှစ်နိုင်သေးပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုက်နယ်ဆေးရုံ၊ ၂၅ ခုတင်ဆံ့၊ ခုတင် ၅၀ ဆံ့ ပြည်သူ့ဆေးရုံများကိုသာ အများဆုံး ဖွင့်လှစ်ထားနိုင်သေးကြောင်း သိရသည်။
အရေးပေါ် ထိခိုက်ဒဏ်ရာများအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးရန် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အနီးတွင် ‘မြို့ချောင်း အထူးတိုက်နယ်ဆေးရုံ’ ကို ဖွင့်လှစ်ထား