၂၀၁၆ ခုနှစ်အတွင်း စိတ်ဝင်စား လှုပ်ရှားမှု များပြားခဲ့ပြီး အာရုံစိုက်လာကြသည့် စာကြည့်တိုက်များ၏ အခန်းကဏ္ဍ

၂၀၁၆ ခုနှစ်အတွင်း စိတ်ဝင်စား လှုပ်ရှားမှု များပြားခဲ့ပြီး အာရုံစိုက်လာကြသည့် စာကြည့်တိုက်များ၏ အခန်းကဏ္ဍ
Published 25 December 2016
ပြည့်စုံနေဝင်း

၂၀၁၆ ခုနှစ်အတွင်း စာကြည့်တိုက်များ၏ အခန်းကဏ္ဍသည် လှုပ်ရှားဆောင်ရွက်မှု များပြားခဲ့ပြီး အများပြည်သူအကြား စာဖတ်သည့် အလေ့အထ တိုးတက်စေရန်အတွက် အမှန်တကယ် အလုပ်ဖြစ်မည့် ဆောင်ရွက်မှုများ ရှိခဲ့သည့် နှစ်တစ်နှစ် ဖြစ်ခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံရှိ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးစေရန် ရည်ရွယ်ချက်ဖြင့် Public Library Master Plan ရေးဆွဲခြင်းကဲ့သို့ လှုပ်ရှားမှုများလည်း ယခုနှစ်အတွင်း ရှိခဲ့သည်။
ဆန်းသစ်သည့် စိတ်ကူးများဖြင့် ပေါ်ပေါက်လာသည့် ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်ငယ်များ
မြန်မာနိုင်ငံတွင် စာရင်းများအရ စာကြည့်တိုက်ပေါင်း ငါးသောင်းကျော်ရှိခဲ့ပြီး လက်ရှိတွင် စာကြည့်တိုက် ၆၀၀၀ ဝန်းကျင်ခန့်သာ ကျန်ရှိကြောင်း သိရသည်။ ယင်း ၆၀၀၀ ဝန်းကျင်တွင် အစိုးရ စာကြည့်တိုက်များမှာ ၁၀ ရာခိုင်နှုန်း ဝန်းကျင်သာရှိပြီး ကျန်စာကြည့်တိုက်များမှာ ကိုယ့်အားကိုယ်ကိုး ပုဂ္ဂလိက စာကြည့်တိုက်များဖြစ်ကြောင်း သိရသည်။ သို့ရာတွင် အဆိုပါ စာကြည့်တိုက်များသည် စာရင်းအရသာဖြစ်ပြီး စာဖတ်သူများ စိတ်ဝင်စားသည့်၊ အမှန်တကယ် လည်ပတ်နေသည့် စာကြည့်တိုက်များမှာ အနည်းစုသာ ရှိနေခဲ့သည်။ ၂၀၁၆ ခုနှစ်အတွင်းတွင် ယင်းအားနည်းချက်များကို ပြင်ဆင်ပြီး စာဖတ်သူများ လက်လှမ်းမီနိုင်သည့် အပြင်အဆင်များ၊ စိတ်ဝင်စားစေမည့် ထူးခြားသည့် စိတ်ကူးများဖြင့် ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များ ပေါ်ထွက်လာခဲ့သည်။ 
အခြေအနေ အမျိုးမျိုးကြောင့် စာကြည့်တိုက်များသို့ မသွားရောက်နိုင်သည့် သူများအတွက် ရည်ရွယ်ကာ ဖတ်ပြီးပြန်ထား စောင့်ကြည့်သူမဲ့ စာကြည့်တိုက်ငယ်များ ပေါ်ပေါက်လာခဲ့သည်။ စာအုပ် ၃၀ ခန့် ဆန့်သည့် တစ်နိုင်တစ်ပိုင်စင်များကို လူသွားလူလာများသည့် လမ်းဘေးနေရာများတွင် ထားရှိထားပြီး မည်သူမဆို ငှားရမ်းဖတ်ရှုနိုင်ရန် စီစဉ်ခဲ့သည်။ ထို့ပြင် အခြားအဖွဲ့များက ဖွင့်လှစ်သည်များလည်း ရှိလာပြီး ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက် အချို့သည် အိမ်တိုင်ရာရောက် လှည့်လည်ငှားရမ်းသည့် ပုံစံမျိုးဖြင့် ကြိုးပမ်းမှုများ ရှိခဲ့သည်။
စာကြည့်တိုက် ကွန်ရက်မှလည်း ရွေ့လျားစာကြည့်တိုက်များ ပေါ်ထွန်းလာရန် အတွက် ကူညီပေးခြင်း၊ မြို့နယ်များ အတွင်းရှိ စာကြည့်တိုက်များအတွက် စာအုပ်မျှဝေပေးခြင်း အစီအစဉ်များကို တစ်လကျပ် ၁၀၀၀ ပါဝင် လှူဒါန်းနိုင်သည့် အစီအစဉ်ဖြင့် ယခုနှစ်အတွင်း လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များအကြောင်း၊ တည်နေရာ၊ သမိုင်း၊ စာအုပ်အညွှန်း အစရှိသည့် အချက်အလက်များ ရှာဖွေနိုင်မည့် Save the Library Application ကို ယခုနှစ် နိုဝင်ဘာလအတွင်း အခမဲ့ ဖြန့်ချိနိုင်ခဲ့သည်။
မြို့လယ်ကောင် ပြန်ရွှေ့ခွင့်ရခဲ့သည့် အမျိုးသား စာကြည့်တိုက်
နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်ဒြပ်ဟု ခေါ်ဆိုနိုင်သည့် အမျိုးသား စာကြည့်တိုက်သည် စာပေပညာရှင်များ၊ စာပေသုတေသနဆိုင်ရာ လုပ်ငန်းများအတွက် အားထားစရာ ဖြစ်သော်လည်း လူသူအရောက်နည်းသည့်  ကမ္ဘာအေးဘုရားလမ်းမကြီး သီရိမင်္ဂလာရိပ်သာလမ်းတွင် ဖွင့်လှစ်ထားသည့် အမျိုးသား စာကြည့်တိုက် (ရန်ကုန်) ကို သွားလာရလွယ်ကူသည့် ဂုဏ်တင့်တယ်သည့် မြို့လယ်နေရာ တစ်ခုသို့ ပြောင်းရွှေ့ ဖွင့်လှစ်ပေးပါရန် ရန်ကုန်တက္ကသိုလ် ဗဟိုစာကြည့်တိုက်မှူးဟောင်း ဦးသော်ကောင်း၊ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း ဥက္ကဋ္ဌ ဦးသန်းအောင်၊ Yangon Heritage Trust မှ ဒေါက်တာ သန့်မြင့်ဦးတို့က သမ္မတ ဦးထင်ကျော်ထံသို့ ၂၀၁၆ ခုနှစ် မေလအတွင်းက စာရေးသား တင်ပြခဲ့ကြသည်။ ထိုသို့စာတင်ပြပြီးနောက် သြဂုတ်လ အတွင်းတွင် သမ္မတဦးထင်ကျော်က ရန်ကုန်မြို့ ကုန်သည်လမ်းရှိ အဆောက်အအုံသို့ ပြောင်းရွှေ့ ဖွင့်လှစ်ရန် ခွင့်ပြုခဲ့သည်။ ယင်းသို့ အမျိုးသား စာကြည့်တိုက် ရန်ကုန်မြို့လယ်သို့ ပြန်လည် ပြောင်းရွှေ့ခွင့်ရခြင်းနှင့် ပတ်သက်ပြီး စာပေပညာရှင်များနှင့် နယ်ပယ် အသီးသီးမှ ဝမ်းမြောက် ကြိုဆိုခဲ့ကြသည်။
လက်ရှိတွင် အမျိုးသား စာကြည့်တိုက် ပြောင်းရွှေ့ဖွင့်လှစ်ရန် စီစဉ်ထားသည့် ရန်ကုန်မြို့ ကုန်သည်လမ်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ရုံးစိုက်ခဲ့ရာ အဆောက်အအုံကို ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိနေပြီး လာမည့် ၂၀၁၇ ခုနှစ်အတွင်း အပြီးပြောင်းရွှေ့သွားမည် ဖြစ်ကြောင်း သိရသည်။
စာကြည့်တိုက်များ ရေရှည်တည်တံ့ ဖွံ့ဖြိုးရန်အတွက် Public Library Master Plan ရေးဆွဲခြင်း
ယခုနှစ်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးစေရန် ကြိုးပမ်းလှုပ်ရှားမှုများ အသီးသီး ရှိခဲ့သည့်အနက် Public Library Master Plan ရေးဆွဲခြင်းမှာလည်း တစ်ခုအပါအဝင် ဖြစ်သည်။ ပြန်ကြားရေး ဝန်ကြီးဌာန၊ အင်န်ဂျီအို အဖွဲ့များ၊ အစိုးရ စာကြည့်တိုက်များနှင့် လူထုစာကြည့်တိုက်များ ပါဝင်သည့် စာကြည့်တိုက်များအတွက် Master Plan ရေးဆွဲခြင်းကို ယခုနှစ်အတွင်း ပြုလုပ်နိုင်ခဲ့သည်။ Master Plan တွင် လာမည့်ခြောက်နှစ် အတွင်း ပြည်သူ့စာကြည့်တိုက်များ၏ လိုအပ်ချက်များ၊ ဝန်ဆောင်မှုအပိုင်း၊ Partnership များ ရှာဖွေရန် အစိုးရပိုင်းမှ ဝင်ရောက် ကူညီနိုင်မှု စသည့် အချက်တို့ကို ထည့်သွင်း ရေးဆွဲထားသည်ဟု သိရပြီး စာကြည့်တိုက်များနှင့် ပတ်သက်၍ ဥပဒေတစ်ခု ထွက်နိုင်ရန်အထိ ရည်ရွယ်ထားသည်ဟု သိရသည်။

Most Read

Most Recent