အငြင်းပွားမှုများ ရှိခဲ့သည့် ရုပ်ရှင်ထူးချွန်ဆုပေးပွဲ

အငြင်းပွားမှုများ ရှိခဲ့သည့် ရုပ်ရှင်ထူးချွန်ဆုပေးပွဲ
Published 25 December 2016
လင်းလင်းခိုင်

၂၀၁၆ ခုနှစ် ဧပြီလဆန်းတွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပြီး အငြင်းပွားမှုများစွာ ဖြစ်ပေါ်ခဲ့သည့် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ၂၀၁၆ ခုနှစ် အနုပညာလောကအတွင်း ထင်ရှားသည့်ဖြစ်ရပ် တစ်ခုအဖြစ် ရွေးချယ် ဖော်ပြအပ်ပါသည်။ ယခုနှစ်တွင် ပြုလုပ်ခဲ့သည့် ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်များအတွက် ပြုလုပ်ပေးအပ်ခဲ့သည့် အကယ်ဒမီ ထူးချွန်ဆုပေးပွဲဖြစ်ပြီး ထူးချွန်ဆု ရွေးချယ် ပေးအပ်ခဲ့ခြင်းများအပေါ် အငြင်းပွားမှုများစွာ ဖြစ်ပေါ်စေခဲ့သည့် ပွဲတစ်ပွဲလည်း ဖြစ်သည်။
ယခုနှစ်တွင် ပြုလုပ်ခဲ့သည့် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကို ပုံမှန်ကျင်းပနေကျ နှစ်ကုန်ပိုင်း အချိန်ကာလ မဟုတ်ဘဲ ပူပြင်းသည့် ရာသီဥတုဒဏ်ကို ခံစားရသည့် ဧပြီလဆန်းတွင် ကျင်းပခဲ့ခြင်းကြောင့် ပရိသတ် စိတ်ဝင်စားမှုလည်း လျော့ကျခဲ့သည်။ ထို့ပြင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲ၌ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း၏ အဖွင့်နှုတ်ခွန်းဆက် စကား၌ ပါဝင်ခဲ့သည့် အကြောင်းအရာ အချို့ပေါ်၌လည်း ရုပ်ရှင်လောကသားများနှင့် ပရိသတ်များကြားတွင် ဝေဖန်မှုနှင့် အငြင်းပွားမှုများ ဖြစ်ပွားစေခဲ့သည်။
ဧပြီ ၃ ရက်တွင် ပြုလုပ်ခဲ့သည့် အကယ်ဒမီ ထူးချွန်ဆုပေးပွဲတွင် ဇာတ်ပို့ဆုနှင့် ဇာတ်ဆောင်ဆုများအား အငြင်းပွားမှု၊ ၂၀၁၄ ခုနှစ် အတွက် ဆုများပေးအပ်ရာတွင် အရေးကြီးဆုံးဆု တစ်ခုဖြစ်သည့် ဒါရိုက်တာဆုကို ပေးအပ်ခဲ့ခြင်း မရှိဘဲ ချန်လှပ်ထားခဲ့မှု၊ ရုပ်ရှင်အနုပညာနှင့် အတတ်ပညာပိုင်းဆိုင်ရာ ဆုအချို့ကို ပေးအပ်ခြင်း မရှိဘဲ ချန်လှပ်ထားခဲ့မှု၊ ပရိသတ်များ ခန့်မှန်းထားခဲ့သည့် အနုပညာရှင်အချို့ အကယ်ဒမီဆုနှင့် လွဲချော်ခဲ့ကာ မျှော်မှန်းမထားသူအချို့ ဆုရရှိခဲ့မှုစသည့် အငြင်းပွားမှုများစွာ ဖြစ်ပေါ်ခဲ့သည်။
“ဒီနှစ်ကျင်းပခဲ့တဲ့ အကယ်ဒမီနဲ့ ပတ်သက်လို့ကတော့ အငြင်းပွားစရာတွေ၊ ဝိဝါဒကွဲပြားစရာတွေ အများကြီး ဖြစ်ခဲ့တယ်။ အဲဒါနဲ့ ပတ်သက်လို့ကလည်း ဆုရွေးချယ်ရေး အဖွဲ့က စံချိန်စံညွှန်းတွေနဲ့အညီ ရွေးချယ်လာတဲ့အပေါ် ရမှတ်အများဆုံးသူကို ရွေးချယ် ပေးအပ်ခဲ့တာပါ။ ၂၀၁၆ အတွက် စိစစ်အကဲဖြတ်ရာမှာတော့ အရင်နှစ်က ကြုံတွေ့ခဲ့တဲ့ အားနည်းချက်တွေကို ပြုပြင်နိုင်ဖို့ ကြိုးပမ်းထားတယ်။ စိစစ်အကဲဖြတ်တဲ့ အချက်တွေ အားလုံးကိုလည်း အွန်လိုင်းမှာ ထုတ်ပြန်ထားတယ်။ မရှင်းလင်းတာရှိရင် အခုကတည်းက အချိန်မရွေး မေးမြန်းနိုင်တယ်။ ဇာတ်ပို့ဇာတ်ဆောင်နဲ့ ပတ်သက်လို့ကတော့ ထုတ်လုပ်သူနဲ့ ဒါရိုက်တာက အတည်ပြု သတ်မှတ်တဲ့အတိုင်း စိစစ်တယ်။ မရိုးမသား တင်ထားတယ်လို့ ထင်မယ်ဆိုရင်လည်း အကဲဖြတ်အဖွဲ့ဝင် အားလုံးတိုင်ပင်ပြီး ဒါကိုပြောင်းလဲ စိစစ်သွားဖို့ ရှိမယ်” ဟု အကယ်ဒမီဆု ရွေးချယ်ပေးအပ်ရေး စီမံခန့်ခွဲမှု ကော်မတီမှ ဥက္ကဋ္ဌ ဦးနှင်းမိုးက ဆိုသည်။
ဧပြီလအတွင်း ပြုလုပ်ခဲ့သည့် အကယ်ဒမီ ထူးချွန်ဆုပေးပွဲ အပြီးတွင် သရုပ်ဆောင်ခင်လှိုင် ပြောကြားခဲ့သည့် အကယ်ဒမီပွဲအပေါ် သုံးသပ်ချက် ဗီဒီယိုဖိုင်မှာ ပရိသတ်များကြား အချိန်အတန်ကြာ ပျံ့နှံ့ခဲ့သည်။ အကယ်ဒမီဆုပေးပွဲ အပြီးတွင် ဝေဖန်မှုနှင့် အငြင်းပွားမှုအချို့ ထွက်ပေါ်လေ့ ရှိသော်လည်း နှစ်နှစ်စာ ပေးအပ်သော ယခုနှစ် ထူးချွန်ဆုပေးပွဲမှာ အငြင်းပွားမှု အများဆုံးနှင့် အပြင်းထန်ဆုံး ဖြစ်သည်။ အငြင်းပွားမှုများနှင့် ပတ်သက်၍ ဧပြီလကုန်ပိုင်းတွင် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၌ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။ 

Most Read

Most Recent