မြိတ်မြို့နယ် ကျွဲကူးကျေးရွာ အနီးတွင် ကျောက်မိုင်းခွဲရာမှ တောင်အောက်၌ ကျောက်တင်နေသည့် အလုပ်သမား ၁၀ ဦးအား ကျောက်စများ ထိမှန်ပြီး နှစ်ဦးသေဆုံးကာ ရှစ်ဦးဒဏ်ရာ ရခဲ့ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်းတွင် ကျွဲကူးကျေးရွာအနီး မိုင်းကွက်အမှတ် ၃ ကျောက်မိုင်းတွင် မိုင်းဆရာ ဦးရန်နိုင်ကျော် (၃၂ နှစ်) မှာ ကျောက်မိုင်းခွဲရန်အတွက် ယမ်းများကို ကျင်းအတွင်းထည့်ပြီး ဘက်ထရီဖြင့် ရှော့တိုက်ဖောက်ခွဲရန် လင်းငယ်ဆိုသူအား စေခိုင်းခဲ့ကြောင်း၊ မိုင်းဖောက်ခွဲသည့် အရှိန်ကြောင့် ကျောက်လုံး၊ ကျောက်စများ လွင့်စဉ်ထွက်လာပြီး ကျောက်မိုင်းအောက်တွင် ကျောက်များကို ကားပေါ်တင်နေသည့် အလုပ်သမား ၁၀ ဦးအား ထိမှန်ကာ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဦးကျော်ထွေး (၃၃ နှစ်) နှင့် ရဲကျော်သူ (၂၃ နှစ်) ကျောက်ဖြူ တောင် ကျေးရွာနေသူများမှာ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများအား မြိတ်မြို့ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကာ ကုသပေးခဲ့ကြောင်း အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျောက်မိုင်းခွဲသူ လင်းငယ်နှင့် ကျောက်မိုင်းခွဲရန် စေခိုင်းသူ မိုင်းဆရာ ရန်နိုင်ကျော်တို့ကို မြိတ်မြို့မ ရဲစခန်းမှ (ပ) ၂၄၄၇/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/ ၃၃၈/ ၃၀၄ (က) အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
မြိတ်မြို့နယ်တွင် ကျောက်မိုင်းခွဲရာမှ အလုပ်သမား ၁၀ ဦး ကျောက်စထိမှန်ကာ နှစ်ဦးသေဆုံး
Most Read
Most Recent
2 hours ago