တိုယိုတာ မဲခေါင်ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် ဒါနန်းနှင့် ရတနာပုံအသင်း ယနေ့ယှဉ်ပြိုင်ကစားမည် အဝေးကွင်းတွင် ရလဒ်ကောင်း ရယူနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း နည်းပြ ရီနေးပြောကြား

တိုယိုတာ မဲခေါင်ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် ဒါနန်းနှင့် ရတနာပုံအသင်း ယနေ့ယှဉ်ပြိုင်ကစားမည် အဝေးကွင်းတွင် ရလဒ်ကောင်း ရယူနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း နည်းပြ ရီနေးပြောကြား
Published 23 December 2016

၂၀၁၆ တိုယိုတာ မဲခေါင်ဖလား ကလပ်အသင်းများပြိုင်ပွဲ အုပ်စုဒုတိယ ပွဲစဉ်အဖြစ် ဗီယက်နမ်ကလပ် ဒါနန်းအသင်းနှင့် မြန်မာကလပ် ရတနာပုံအသင်းသည် ဒီဇင်ဘာ ၂၃ ရက် (ယနေ့) မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ မိုင်ဒင်းကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။
ရတနာပုံအသင်းသည် ယင်းပြိုင်ပွဲတွင် အုပ်စုအဆင့်မှ စတင်ကစားခဲ့ရပြီး ပထမဆုံးပွဲအဖြစ် ဒါနန်းအသင်းနှင့် အဝေးကွင်းပွဲစဉ် ကစားရခြင်းဖြစ်သည်။ ဒါနန်းအသင်းသည် နိုဝင်ဘာ ၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် လာအိုကလပ် လန်နေဇန်အသင်းနှင့်ပွဲတွင် (၂-၁) ဂိုးဖြင့် ရှုံးနိမ့်ထားသောကြောင့် ယခုပွဲတွင် အနိုင်ရရှိမှသာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ရန် မျှော်လင့်နိုင်မည်ဖြစ်သည်။ ပထမအဆင့် အုပ်စုတွင် ရတနာပုံ(မြန်မာ)၊ လန်နေဇန်(လာအို)၊ ဒါနန်း(ဗီယက်နမ်) အသင်းတို့ပါဝင်နေပြီး အမှတ်အများဆုံးရရှိသည့် ထိပ်ဆုံးတစ်သင်းသာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။ ရတနာပုံအသင်း နည်းပြချုပ် ရီနေးက ဒါနန်းအသင်းနှင့် ယှဉ်ပြိုင်ရမည့် အဝေးကွင်းပွဲတွင် ရလဒ်ကောင်းရရှိရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရီနေးက “ဒီပွဲအတွက် အကောင်းဆုံး ပုံစံရရှိနေတဲ့ ၁၈ ဦးကို ရွေးချယ်လာပါတယ်။ ဒါပေမဲ့ ကစားသမားတချို့ကိုတော့ ဒဏ်ရာနဲ့ ကြံ့ခိုင်မှု ပြဿနာတွေကြောင့် ချန်လှပ်ထားခဲ့ရပါတယ်။ ဒါ့အပြင် ဆူဇူကီးဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာ့လက်ရွေးစင်အသင်းကို ကစားသမားအများစု ပေးခဲ့ရတာကြောင့် စုစည်းလေ့ကျင့်ရက် အနည်းငယ်ပဲရခဲ့ပါတယ်။ အဝေးကွင်းမှာ ရလဒ်ကောင်းရဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး ဒီပြိုင်ပွဲမှာ အောင်မြင်မှုရရှိဖို့ မျှော်မှန်းထားပါတယ် ဟုပြောကြားခဲ့သည်။
ယင်းပွဲစဉ်ကို ဗီယက်နမ် ရုပ်သံလိုင်းဖြစ်သည့် VTV 6 မှတိုက်ရိုက် ထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးအဖွဲ့က ထုတ်ပြန်ကြေညာထားသည်။ ရတနာပုံအသင်းသည် အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် လာအိုကလပ် လန်နေဇန် ယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၇ ရက်တွင် မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပမည်ဖြစ်သည်။

Most Read

Most Recent