နေရာလဲထိုင်သဖြင့် အသက်ရှင်ကျန်ရစ်ခဲ့ဟု ချာပီကိုအန်ဆီ အသင်းနောက်ခံလူ ရူချယ် ဖွင့်ဟ

နေရာလဲထိုင်သဖြင့် အသက်ရှင်ကျန်ရစ်ခဲ့ဟု ချာပီကိုအန်ဆီ အသင်းနောက်ခံလူ ရူချယ် ဖွင့်ဟ
Published 19 December 2016

လေယာဉ်ပျက်ကျမှု ဖြစ်ရပ်ဆိုးမှ လွတ်မြောက်ခဲ့သည့် ဘရာဇီးလ်ကလပ် ချာပီကို အန်ဆီအသင်းနောက်ခံလူ အလန်ရူချယ်က မိမိအနေဖြင့် နေရာလဲထိုင်ခဲ့သောကြောင့် အသက်ရှင်ကျန်ရစ်ခဲ့ခြင်း ဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။
ချာပီကိုအန်ဆီအသင်း ကစားသမားနှင့် နည်းပြအဖွဲ့ဝင်များသည် Copa Sudamericana ပြိုင်ပွဲ ဗိုလ်လုပွဲ ပထမအကျော့ ယှဉ်ပြိုင်ရန် ကိုလံဘီယာနိုင်ငံသို့ သွားရောက်စဉ် နိုဝင်ဘာ ၂၈ ရက်က မယ်ဒယ်လင်မြို့ရှိ တောင်တန်းများပေါ်၌ ပျက်ကျခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်ရပ်ကြောင့် လေယာဉ်ပေါ် လိုက်ပါလာသူ ၇၁ ဦးသေဆုံးခဲ့ပြီး ချာပီကို အန်ဆီအသင်းနောက်ခံလူ ရူချယ်၊ နီတိုနှင့် ဂိုးသမား ဖောမန်းတို့အပါအဝင် စုစုပေါင်း ခြောက်ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့သည်။ ယင်းဖြစ်ရပ်ဆိုး ဖြစ်ပွားပြီးနောက် ဒီဇင်ဘာ ၁၇ ရက်က ပြုလုပ်သည့် ပထမဆုံး သတင်းစာရှင်းလင်းပွဲတွင် ရူချယ်က “ကံကြမ္မာအလှည့် အပြောင်းက အသင်းဒါရိုက်တာ ကာဒူဂါအူချိုက နေရာချင်းပြောင်းထိုင်ဖို့ ပြောလာတယ်။ ကျွန်တော့်နေရာကို လဲမပေးချင်ပေမယ့် ဖောမန်း (၎င်းမှာ ခြေထောက်ဖြတ်၍ ကုသခဲ့ရ) ကလည်း ခေါ်နေလို့ သူနဲ့သွားထိုင်လိုက်တာပါ။ ကျွန်တော်မှတ်မိတာ ဒီလောက်ပါပဲ။ အခုအချိန်မှာ ခံစားချက်တွေက ရောထွေးနေပြီး ဒီနေရာမှာ ဆက်ရှိနေခွင့်ရလို့ အရမ်းပျော်ရွှင်ရသလို တစ်ချိန်တည်းမှာပဲ မိတ်ဆွေသူ ငယ်ချင်းတွေအများကြီး ဆုံးရှုံးခဲ့ရလို့ စိတ်မကောင်းဖြစ်မိပါတယ်။ ဒဏ်ရာတွေ သက်သာလာရင် ကွင်းထဲမှာပြန်ကစားနိုင်ဖို့ ကြိုးစားသွားမှာပါ” ဟု ပြောကြားခဲ့သည်။

Most Read

Most Recent