■ ပရီးမီးယားလိဂ်ပွဲစဉ်များ အကြိုသုံးသပ်ချက်

■ ပရီးမီးယားလိဂ်ပွဲစဉ်များ အကြိုသုံးသပ်ချက်
Published 10 December 2016

■ ဝက်ဖို့ဒ် - အဲဗာတန် (စနေည ရး၀၀ နာရီ)
အဲဗာတန်က အဝေးကွင်းနောက်ဆုံး (၅) ပွဲမှာ (၁) ပွဲသာ သရေကျပြီး (၄) ပွဲထိ ရှုံးခဲ့တယ်။ ဒဏ်ရာရသွားတဲ့ ဘိုလာဆီနေရာမှာ ဒယ်လိုဖူနဲ့ အစားထိုးဖို့ရှိပြီး ထူးထူးခြားခြားတော့ ပြောင်းလဲလာဖို့ မရှိဘူး။ အိမ်ကွင်းဆို အမှားအယွင်းနည်းတဲ့ ဝက်ဖို့ဒ် သရေကစားနိုင်ပါတယ်။
■ အာဆင်နယ် - စတုတ်စီးတီး (စနေည ၉း၃၀ နာရီ)
အာဆင်နယ်အသင်းက စတုတ်စီးတီးနဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းတွေ့ဆုံမှု (၈) ပွဲစလုံး အနိုင်ကစားခဲ့တယ်။ ဒီ (၈) ပွဲမှာ (၆) ပွဲက (၂) ဂိုးပြတ်နဲ့အထက် ဂိုးပြတ်နိုင်ပွဲတွေချည်း ဖြစ်ခဲ့ပါတယ်။ စတုတ်စီးတီး ရလဒ်တွေ ပြန်ကောင်းနေပေမယ့် အီမရိတ်စ်ကွင်းမှာ အာဆင်နယ် (၂) ဂိုးတော့ ပြတ်မှာပါ။
■ ဘန်လေ - ဘုန်းမောက် (စနေည ၉း၃၀ နာရီ)
ပရီးမီးယားလိဂ် (၃) ပွဲဆက် ဘန်လေ အရေးနိမ့်ထားပေမယ့် အိမ်ကွင်းကစားပုံ ကောင်းပါတယ်။ အာဆင်နယ်၊ မန်စီးတီး အသင်းတွေကို ကပ်ရှုံးနိမ့်ခဲ့ပြီး လီဗာပူးလ်၊ အဲဗာတန်တို့ကို အနိုင်ကစားခဲ့တာ တွေ့ရတယ်။ ဘုန်းမောက်ကလည်း လက်ရှိခြေစွမ်း မဆိုးဘူး။ သရေကျဖို့ များတယ်။
■ ဟားလ်စီးတီး - ခရစ္စတယ်ပဲလေ့စ် (စနေည ၉း၃၀ နာရီ)
ဟားလ်စီးတီးအသင်းက အခုပုံစံအတိုင်းဆို လိဂ်ချန်ပီယံရှစ်ကို ပြန်သွားရဖို့ များနေပြီ။ ဒါပေမဲ့ နောက်ပိုင်းအိမ်ကွင်းပွဲတွေမှာတော့ အားထုတ်မှု ကောင်းလာတယ်။ တစ်ဦးချင်းရော၊ အသင်းလိုက် ကစားအားမှာရော ပဲလေ့စ်က သာပါတယ်။ ဒါပေမဲ့ ဟားလ်စီးတီး အိမ်ကွင်းမှာ ရှုံးဖို့မရှိပါဘူး။
■ ဆွမ်ဆီး - ဆန်းဒါးလန်း (စနေည ၉း၃၀ နာရီ)
ဆန်းဒါးလန်းက ပရီးမီးယားလိဂ် နောက်ဆုံး (၄) ပွဲမှာ (၃) ပွဲ အထိနိုင်ကာ တန်းဆင်းဇုန်က ရုန်းထွက်ဖို့ အရှိန်ရနေပြီ။ ဇယားအောက်ဆုံး အသင်းအချင်းချင်း တွေ့ဆုံမှုဖြစ်လို့ ပြင်းထန်တဲ့ အမှတ်လုပွဲကို တွေ့ရပါလိမ့်မယ်။ စိတ်ဓာတ် မြင့်တက်နေတဲ့ ဆန်းဒါးလန်းကိုပဲ ရွေးချယ်ချင်တယ်။
■ လက်စတာ - မန်စီးတီး (စနေည ၁၂း၀၀ နာရီ)
လက်စတာကတော့ ဒီရာသီမှာ ပရီးမီးယားလိဂ် တန်းဆင်းဇုန်က လွတ်မြောက်ရင်ပဲ အောင်မြင်ပြီလို့ ပြောရတော့မယ်။ ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ အသင်းတစ်သင်းအဖို့ အဆိုးရွားဆုံး ရာသီကုန် ရပ်တည်မှု ဖြစ်လာဖို့ကလည်း အခုအခြေအနေ အတိုင်းဆိုရင် သေချာသလောက် အနေအထား ရှိနေတယ်။ အမြင့်ဆုံးပန်းတိုင်ကို ရောက်ရှိပြီးချိန်မှာ လက်စတာအသင်းရဲ့ အကျကတော့ အတော်လေး ပြင်းထန်ပါတယ်။ ပြီးခဲ့တဲ့ရာသီ မန်စီးတီးနဲ့ တွေ့ဆုံမှုမှာ လက်စတာက (၁) ပွဲနိုင်၊ (၁) ပွဲသရေ ကစားခဲ့ပေမယ့် အခုခြေစွမ်းနဲ့တော့ အမှတ်ခွဲယူနိုင်ဖို့တောင် မျှော်လင့်ချက် သိပ်မရှိဘူး။ မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ Long Ball အများဆုံးကစားတဲ့ လက်စတာအသင်းရဲ့ ကစားဟန်ကြောင့် အခုပွဲမှာ Three Backs အစား Four Backs ပြန်ကစားဖို့ များတယ်။ အဂွဲရိုး မကစားနိုင်တဲ့ တိုက်စစ်မှာ ဂွါဒီယိုလာက အီဟီယန်နာချိုကိုပဲ တင်ကစားမလား၊ ဒါမှမဟုတ် ကွင်းလယ်တိုက်စစ်သမား တစ်ဦးဦးကိုပဲ False Nine ပုံစံထား ကစားသွားမလား စိတ်ဝင်စားစရာပါပဲ။ ဒီရာသီ အိမ်ကွင်းထက် အဝေးကွင်း စွမ်းဆောင်ရည် ပိုကောင်းနေတဲ့ မန်စီးတီးပဲ အနိုင်ရဖို့ များပါတယ်။

Most Read

Most Recent