ဆူဇူကီးပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် ထိုင်းနှင့် မြန်မာ ယနေ့ ယှဉ်ပြိုင်ကစားမည် အိမ်ကွင်းတွင် နိုင်ပွဲထပ်မံရယူနိုင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ထိုင်းနည်းပြချုပ် ကိုင်တီဆက် ဆို

ဆူဇူကီးပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် ထိုင်းနှင့် မြန်မာ ယနေ့ ယှဉ်ပြိုင်ကစားမည် အိမ်ကွင်းတွင် နိုင်ပွဲထပ်မံရယူနိုင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ထိုင်းနည်းပြချုပ် ကိုင်တီဆက် ဆို
Published 8 December 2016

၂၀၁၆ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် လက်ရှိချန်ပီယံ ထိုင်းအသင်း နှင့် မြန်မာအသင်းသည် ဒီဇင်ဘာ ၈ ရက် (ယနေ့) မြန်မာ စံတော်ချိန် ညနေ ၆ နာရီခွဲတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ရာဇမင်္ဂလာကွင်း၌ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
မြန်မာအသင်းသည် ဒီဇင်ဘာ ၄ ရက်က သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ပထမအကျော့ပွဲတွင် (၂-ဝ) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် ဗိုလ်လုပွဲတက်ရောက်ရန် အခွင့်အရေး နည်းပါးလျက်ရှိသည်။ မြန်မာအသင်းသည် ပထမအကျော့ ဂိုးပြတ်အရှုံးကြောင့် ဗိုလ်လုပွဲတက်ရောက်ရန် ရုန်းကန်ရဖွယ်ရှိနေပြီး အဝေးကွင်းတွင် ရလဒ်ကောင်းမှသာ မျှော်လင့်နိုင်မည်ဖြစ်သည်။ ထိုင်းလက်ရွေးစင်အသင်း နည်းပြချုပ် ကိုင်တီဆက်က အိမ်ကွင်းပွဲစဉ်တွင်လည်း နိုင်ပွဲထပ်မံရယူရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ “ပထမအကျော့ အဝေးကွင်းမှာ အနိုင်ရခဲ့ပေမယ့် ဒီပွဲက လွယ်ကူမှာမဟုတ်ပါဘူး။ မြန်မာအသင်းက ပိုကောင်းတဲ့ ခြေစွမ်းနဲ့ လာရောက်ယှဉ်ပြိုင်မှာပါ။ မြန်မာအသင်းကို အနိုင်ရခဲ့ပေမယ့် ခက်ခက်ခဲခဲ ကစားခဲ့ရတာပါ။ မြန်မာအသင်းဟာ ပထမအကျော့ထက် ပိုကောင်းတဲ့ခြေစွမ်းကို ပြသပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ အိမ်ကွင်းမှာ နိုင်ပွဲထပ်မံရယူနိုင်ဖို့ ကြိုးပမ်းသွားမှာပါ” ဟု ကိုင်တီဆက်က ပြောကြားခဲ့သည်။
ထိုင်းအသင်းနှင့် မြန်မာအသင်းသည် ဆူဇူကီးဖလား ပြိုင်ပွဲတစ်လျှောက် ထိုင်းနိုင်ငံ၌ သုံးကြိမ်တွေ့ဆုံခဲ့ဖူးပြီး ထိုင်းအသင်းက နှစ်ပွဲနိုင်၊ တစ်ပွဲသရေ ကျထားသည်။ ထိုင်း အသင်းသည် ၂၀၀၀ ပြိုင်ပွဲတွင် (၃-၁) ဂိုး၊ ၂၀၁၂ ပြိုင်ပွဲတွင် (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့ပြီး ၂၀၀၇ ပြိုင်ပွဲတွင် တစ်ဂိုးစီသရေ ကျခဲ့သည်။ မြန်မာအသင်းသည် ဆူဇူကီးပြိုင်ပွဲတွင် ထိုင်းအသင်းနှင့် ရှစ်ကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်သည်။

Most Read

Most Recent