နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား Facebook တွင် အပုပ်ချဝေဖန်သည့်ပို့စ် တင်သည်ဟုဆိုကာ တရားစွဲခံရသော ငဖာ အကောင့်ပိုင်ရှင်အား ဒီဇင်ဘာ ၇ ရက်က မြောက်ဒဂုံမြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့သည်။
အဆိုပါ ရုံးချိန်းတွင် တရားစွဲဆို ခံထားရသည့် ငဖာအကောင့်ပိုင်ရှင် ဇော်ဇော်အား ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် စွဲချက် တင်သင့် ၊မတင် သင့် လျှောက်လဲချက်အား နှစ်ဖက်ရှေ့နေများက အပြန်အလှန် လျှောက်လဲခဲ့ပြီး တရားသူကြီးမှ ဒီဇင်ဘာ ၁၄ ရက် ရုံးချိန်းတွင် စွဲချက်တင်သင့် မတင်သင့် အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။
တရားလိုရှေ့နေမှ လျှောက်လဲရာတွင် တရားလိုဖြစ်သူ ကိုနေမျိုးကျော်နှင့် တရားလိုပြ သက်သေများ၏ ထွက်ဆိုချက်များအရ ပြစ်မှုထင်ရှားသည့်အတွက် စွဲချက် တင်သင့်ကြောင်း လျှောက်လဲခဲ့သည်။
စွပ်စွဲခံရသူ ငဖာအကောင့်ပိုင်ရှင် ဇော်ဇော်၏ အကျိုးဆောင်ရှေ့နေမှ လျှောက်လဲရာတွင် ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ) တွင် အသရေဖျက်မှုနှင့် ပတ်သက်ပြီး အင်္ဂါရပ်များကို တိတိကျကျ ပြဋ္ဌာန်းထားခြင်း မရှိကြောင်း၊ အခြေခံဥပဒေပြဋ္ဌာန်းချက်အရ နိုင်ငံသားတစ်ဦးအနေဖြင့် ဝေဖန်ခွင့်ရှိကြောင်း၊ အသရေဖျက်မှုနှင့် ပတ်သက်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆို၍ ရကြောင်း၊ စီအိုင်ဒီ၏ အကြောင်းပြန်ချက်တွင် ဦးဖာဟု ပြန်ကြားခဲ့သဖြင့် ငဖာအကောင့်နှင့် ပတ်သက်ပြီး စွဲချက် မတင်သင့်ကြောင်း ပြန်လည်လျှောက်လဲခဲ့ကြောင်း သိရသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား Facebook တွင် အပုပ်ချဝေဖန်မှုကြောင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခံရသော ငဖာအကောင့် ပိုင်ရှင်အား စွဲချက် တင်သင့် မတင်သင့် အမိန့်ချမည်