ကရင်ပြည်နယ် မြဝတီမြို့ အမှတ် (၁) ရပ်ကွက် သောင်ရင်းမြစ် ဖြတ်ကျော် ကျောက်တန်းစက်လှေဂိတ် အနီးတွင် ငွေစက္ကူအတု သယ်ဆောင်လာသူအား တစ်သောင်းတန် ငွေစက္ကူအတု ၁၁ ရွက်နှင့်အတူ ဒီဇင်ဘာ ၆ ရက် မွန်းလွဲပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း မြဝတီမြို့မရဲစခန်းမှ သတင်းရရှိသည်။
ငွေစက္ကူအတုများ သယ်ဆောင်လာကြောင်း သတင်းအရ အမှတ် (၁၀) မှုခင်းရဲတပ်ဖွဲ့စု (မြဝတီ) မှ ရဲအုပ်သက်ဦးနှင့်အဖွဲ့သည် သက်သေ ရပ်ကွက်လူကြီးများနှင့်အတူ မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ် ကျောက်တန်းကုတိုးဆိပ်အနီးတွင် စောင့်ဆိုင်းနေစဉ် မသင်္ကာဖွယ် လူတစ်ယောက်အား သက်သေများနှင့်အတူ စစ်ဆေးရှာဖွေရာ ၎င်းဝတ်ဆင်ထားသော ကာကီရောင် ဘောင်းဘီတိုအိပ်အတွင်းမှ မြန်မာကျပ်ငွေအတုဟု ယူဆရေသော တစ်သောင်းတန် ငွေစက္ကူ ၁၁ ရွက်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ငွေစက္ကူအတု ကိုင်ဆောင်သူမှာ မြဝတီမြို့ အမှတ် (၁) ရပ်ကွက် ဘမြန်မာပိုင် ရေလယ်ကျွန်း (ဆင်တင်းကုန်းကျွန်း) ၌ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ အောင်သန်းဝေ (ခ) ကိုဦး ( ၃၂ နှစ်) ဖြစ်ကြောင်း သိရသည်။
သိမ်းဆည်းရမိသော ငွေစက္ကူအတုဟု ယူဆရသည့် တစ်သောင်းတန် ငွေများအား ရဲအုပ်သက်ဦးနှင့်အဖွဲ့က စစ်ဆေးရာ အဆိုပါ ငွေစက္ကူများမှာ ငွေအစစ်ထက် အရောင်ပိုမို တောက်ပြောင်ကာ အလျားအနည်းငယ် ရှည်ပြီး အနံတိုကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ဆိုသည်။
ထို့ပြင် ယင်းငွေစက္ကူ များမှာ နိုင်ငံခြားဖြစ် စက္ကူများဖြင့် ပြုလုပ်ထားပြီး သာမန်မိတ္တူ ကူးစက်ဖြင့် မိတ္တူကူး တုပထားခြင်းသာ ဖြစ်ကြောင်း၊ အရွယ်အစားမှာ၂၅၂ x ၆၉ မီလီမီတာ အရွယ်ရှိကြောင်း စစ်ဆေးတွေ့ရှိရကာ နံပါတ်ဂဏန်းများ အနည်းငယ် မှေးမှိန်ခြင်း၊ ရေစာမှာ ပုံရိပ်အဆင့်သာရှိပြီး လုံခြုံရေးကြိုး တစ်ဝက်တစ်ပျက်သာ ပါရှိကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရသည်။
သို့ဖြစ်၍ ငွေစက္ကူကျပ် တစ်သောင်းတန်အတုများ လက်ဝယ်ထားရှိသည့် ရေလယ်ကျွန်း၌ စိုက်ပျိုးရေးလုပ်ကိုင်သူ အောင်သန်းေ၀ (ခ) ကိုဦးအား ဥပဒေအရ အရေးယူနိုင်ရန် အမှတ် (၁၀) မှုခင်းရဲတပ်ဖွဲ့မှ ရဲအုပ်သက်ဦးက တရားလိုပြုလုပ် တိုင်တန်းသဖြင့် မြဝတီရဲစခန်းက အမှုအမှတ် (ပ) ၆၁၉/၂၀၁၆ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်ကာ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ငွေစက္ကူအတု သယ်ဆောင်လာသူအား ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ၁၁ ရွက်နှင့်အတူ ဖမ်းဆီးရမိ
Most Read
Most Recent
3 hours ago