ဘာစီလိုနာမြို့အခြေစိုက် စပိန်သတင်းစာ Mundo Deportivo က ၂၀၁၆ ရွှေဘောလုံးဆုရှင်အဖြစ် ရီးယဲလ်အသင်းမှ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုကို ရွေးချယ်ထားပြီး ဖြစ်သည်ဟု ဖော်ပြခဲ့သည်။
၂၀၁၆ ရွှေဘောလုံးဆု (Ballon d'Or) ကို လာမည့် တနင်္လာနေ့တွင် ချီးမြှင့်သွားမည်ဖြစ်ပြီး ဆုပေးပွဲအခမ်းအနား မတိုင်မီ သတင်းကြိုထွက်လာခြင်းလည်း ဖြစ်သည်။
စီရော်နယ်လ်ဒိုသည် ရီးယဲလ်အသင်းနှင့် ချန်ပီယံလိဂ်ဖလား၊ ပေါ်တူဂီအသင်းနှင့် ယူရိုချန်ပီယံဆုများ ရယူနိုင်ခဲ့သည့်အတွက် ရွှေဘောလုံးဆုရရှိရန် ရေပန်းအစားဆုံး ဖြစ်နေသော်လည်း ပြိုင်ဘက် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကို ထောက်ခံသူများလည်း အများအပြားရှိနေသည်။
Mundo Deportivo သတင်းစာမှ ဂျာနယ်လစ် အဂွီလာက ရွှေဘောလုံးဆုကို ကမကထပြုပြီး ချီးမြှင့်ပေးနေသည့် ပြင်သစ်သတင်းစာသည် စီရော်နယ်လ်ဒိုကို ရွှေဘောလုံးဆုရှင်အဖြစ် ရွေးချယ်ထားပြီး ဖြစ်ကြောင်း၊ ယခု ကြာသပတေးနေ့တွင် မက်ဒရစ်သို့ လာရောက်ကာ စီရော်နယ်လ်ဒိုနှင့် အင်တာဗျူးပြုလုပ်ရန်ပင် စီစဉ်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။