စာရေးဆရာတစ်ယောက်၏ စာအုပ်မိတ်ဆက်ပွဲတွင် မမျှော်လင့်ဘဲ ဆရာအော်ပီကျယ်နှင့် ဆုံတွေ့လိုက်ရသည်။ ဆရာနှင့် ခေတ္တစကားထိုင်ပြောဖြစ်ကြရာ ကျွန်တော်က ‘ဆရာ့ကာတွန်းတွေ အားလုံးစုစည်းပြီး ပေါင်းချုပ်ထုတ်သင့်ပြီနော်’ ဟုပြောလိုက်မိသည်။ ထိုအခါ ဆရာအော်ပီကျယ်က ‘ကျွန်တော်က Collection မထုတ်ချင်ဘူး။ Selection ထုတ်ချင်တာဗျ’ဟုပြန်ပြောလေသည်။
ထို့နောက် ဆရာက ဆက်ပြီးရှင်းပြသည်။ သူ့ကာတွန်းအားလုံးကို စုစည်းထားသည့် ပေါင်းချုပ် Collection သဘောမျိုး မထုတ်ချင်ကြောင်း၊ အဆိုပါ ပေါင်းချုပ်ထဲမှာ သူကြိုက်တာရော မကြိုက်တာရော စုပေါင်းရောနှောနေကြောင်း၊ ကောင်းတာရော မကောင်းတာရော ပါဝင်နေသည့်အတွက် ထိုကဲ့သို့ မထုတ်ချင်ကြောင်း။ အကြိုက်မကြိုက်၊ အကောင်းအဆိုးများကို သေချာစွာ ပြန်လည်စိစစ် တည်းဖြတ်ပြီး လက်ရွေးစင် Selection သဘောမျိုးသာ ထုတ်ချင်ကြောင်း သေချာရှင်းပြပါသည်။
ထိုနေ့က စာအုပ်မိတ်ဆက်ပွဲမှအပြန် ကျွန်တော့်အတွေးထဲမှာ Collection နှင့် Selection စကားလုံးနှစ်လုံးက တင်ကျန်နေရစ်ခဲ့ပါသည်။ အမှုမဲ့အမှတ်မဲ့သာ သဘောထားခဲ့မိသော အဆိုပါ ဝေါဟာရနှစ်ခုကို အခုမှ သေသေချာချာလေး ပြန်တွေးကြည့်ရမလို ဖြစ်နေသည်။ Collection သဘောမျိုးစုစည်း ပေါင်းချုပ်ထားသည့် အရာမျိုးတွေကိုတော့ ကျွန်တော့်ပတ်ဝန်းကျင်မှာ မကြာခဏတွေ့မြင်နေရပါတယ်။ ကဗျာပေါင်းချုပ်၊ ဝတ္ထုပေါင်းချုပ်၊ အက်ဆေးပေါင်းချုပ်၊ ဆောင်းပါးပေါင်းချုပ် ... စသည်ဖြင့်ပေါ့။ တစ်ခါတစ်ရံ စာရေးဆရာ ရေးခဲ့သမျှ စာအားလုံးကို တစုတစည်းတည်း ပေါင်းထားသည့် ‘စာပေါင်းချုပ်’ စာအုပ်ပင် ရှိပါသေးသည်။ စာဖတ်သူတွေကလည်း မိမိနှစ်သက်သည့် စာရေးဆရာ၊ ကဗျာဆရာ၏ လက်ရာအားလုံးကို တစ်အုပ်တည်းမှာပဲ တစုတစည်းတည်း ဖတ်ချင်ကြသည်။ ဝယ်ယူသိမ်းဆည်း ထားချင်ကြသည်။ ဤသို့ဖြင့် ဝတ္ထုတိုပေါင်းချုပ်၊ ကဗျာပေါင်းချုပ်၊ ဘာပေါင်းချုပ်၊ ညာပေါင်းချုပ်ဆိုပြီး ထုတ်ဝေလာကြသလို ဝယ်ယူဖတ်ရှု အားပေးလာကြသည်ကို တွေ့ရပါသည်။ အင်မတန်ကောင်းမြတ်သော အလေ့အထ ဖြစ်သည့်အတွက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမည့် ကိစ္စဖြစ်ပါသည်။
သို့သော် အဆိုပါ ‘ပေါင်းချုပ်’တွေဝေဆာနေသော ပေါင်းချုပ်တောထဲမှာ ‘လက်ရွေးစင်’ ဆိုသောအရာမျိုးတွေ တစ်နေ့တခြား ရှားပါးလာလေသလားဟု ကျွန်တော်တွေးကြည့်မိပါသည်။ လုံးလုံးမရှိဘူးဟု ကျွန်တော်မဆိုလိုပါ။ ရှားပါးလာသည်ကိုသာ ပြောလိုရင်း ဖြစ်ပါသည်။ ကဗျာလက်ရွေးစင်၊ ဝတ္ထုတို လက်ရွေးစင်၊ ဆောင်းပါးလက်ရွေးစင် ... အစရှိသည့် လက်ရွေးစင်စာအုပ်တွေ ယခင်ကထက် အတွေ့ရ နည်းလာလေသလား (တစ်နည်း) Collection တွေကြားထဲမှာ Selection တွေရှားပါးလာလေသလား။ ဒါမှမဟုတ် Collection တွေကပဲ များရာစုဖြစ်နေသောကြောင့် အင်အားနည်းပါးသည့် Selection တွေကိုပဲဖုံးလွှမ်းကာ အနိုင်ယူသိမ်းပိုက် လိုက်လေသလား။ ကျွန်တော်က တစ်မျိုးစဉ်းစားကြည့်သည်။ စီစဉ်ထုတ်ဝေသူတွေက အခြေအနေ (သို့မဟုတ်) ဈေးကွက်အရ Collection တွေထုတ်ဝေကာ ပရိသတ်ရှေ့မှောက်သို့ ချပြလိုက်သည်။ ထိုအခါ စားသုံးသူ (ဝါ) စာဖတ်သူက Collection ကိုကြည့်ကာ မိမိဘာသာ Selection ပြန်လုပ်ရမည့် သဘောမျိုးလား။ သို့ဆိုလျှင် ကျွန်တော်တို့သည် Collection ဆိုတိုင်းယုံမှတ်ကာ ပုံအပ်လိုက်လို့မဖြစ်။ Collection ကို Selection အဖြစ်သို့ ပြန်လည် အသွင်ပြောင်းဖို့ လိုပေလိမ့်မည်။
ငယ်ငယ်တုန်းက ထမင်းချက်ခါနီး စပါးလုံးရွေးခဲ့ကြပုံကို မှတ်မိကြဦးမည် ထင်ပါသည်။ ဆန်အိုးထဲကဆန်ကို ထမင်းအိုးထဲထည့်ပြီး သည်အတိုင်း ချက်လိုက်လို့မရပါ။ ထိုအခါ ဆန်ကိုဆန်ကောထဲ ဦးစွာထည့်ရပါသည်။ ဆန်ကောထဲမှာ ဆန်ကိုဖြန့်ရင်း စပါးလုံး၊ စက်ချေး၊ အမှိုက်သရိုက် စသည်များကို ရွေးချယ်ကောက်ယူကာ သန့်စင်ရပါသည်။ စပါးလုံး အမှိုက်သရိုက်များ လုံးဝသန့်စင်သွားပြီဆိုမှ ထမင်းအိုးထဲထည့် ရေဆေးပြီး တည်ရပါသည်။ တကယ်တော့ ဆန်အိုးထဲ ထည့်လိုက်သောဆန်သည် Selection နှင့်တူသည်။ ထမင်းအိုးတည်သည့် ကိစ္စမှာပင် Collection ကို Selection သို့အသွင်ပြောင်းရသည့် သဘော တွေ့မြင်ရပါသည်။
ထို့အတူ ကျွန်တော်တို့၏ နေ့စဉ်ဘဝမှာလည်း အဆိုပါသဘောတရားနှင့် မကင်းကြောင်း သတိထားကြည့်ပါက အလွယ်တကူ မြင်နိုင်ပါသည်။ ဤနေရာတွင် ရွှေဥမင်ဆရာတော်ကြီး မိန့်ဖူးသည့်စကားကို သတိရမိသည်။ ဆရာတော်ကြီးက ‘ဒကာတို့ အိမ်ဆောက်လို့ အခန်းဖွဲ့တဲ့အခါ လိုအပ်တဲ့ပစ္စည်းတွေထားဖို့ အခန်းသေးသေးဖွဲ့၊ မလိုအပ်တဲ့ ပစ္စည်းတွေထားဖို့ အခန်းကြီးကြီးဖွဲ့နော်’ ဟုမိန့်ခဲ့ဖူးသတဲ့။ တကယ်လည်း ကျွန်တော်တို့ အိမ်တိုင်းလိုလိုသည် မလိုအပ်သောပစ္စည်းတွေနှင့် ပြည့်ကျပ်ကာ ရှုပ်ယှက်ခတ်နေသည် မဟုတ်ပါလား။ မလိုလည်း လိုလည်းစုဆောင်းထားသည့် Collection များကို စနစ်တကျရွေးချယ်ကာ Selection မလုပ်သမျှ ဆရာတော်ကြီး မိန့်မှာသလို Collection များအတွက် အခန်းကြီးကြီး ဖွဲ့နေရဦးမည်မှာ သေချာပါသည်။
ကျွန်တော်တို့၏ အိမ်ခန်းများတွင် Collection များဖြင့်ပြည့်နေသလို ကျွန်တော်တို့၏ ဦးနှောက်အခန်းများတွင်လည်း Collection များဖြင့် ပြည့်ကျပ်နေသည်ကိုလည်း သတိပြုဖို့လိုပါသေးသည်။ ကျွန်တော်တို့ ဦးနှောက်ထဲတွင်လည်း မလိုလည်း လိုလည်းစုဆောင်းထားသည့် ဗဟုသုတများနှင့် ပြည့်ကျပ်ကာ ရှုပ်ထွေးနေတတ်ပါသည်။ ထို့ပြင် ဟိုတွေးသည်တွေး တောင်တွေးမြောက်တွေး ပေါက်ကရအတွေးစသည့် အတွေးပေါင်းစုံဖြင့် မွန်းကျပ်ကာ ပိတ်လှောင် နေတတ်ပါသည်။ ထိုအခါ အဆိုပါ ဗဟုသုတ Collection များ၊ အတွေးပေါင်းစုံ Collection များကိုလည်း စနစ်တကျ ပြန်လည်ရှင်းလင်းကာ Selection မကြာမကြာ ပြုလုပ်ပေးဖို့ လိုအပ်ပါသည်။ တကယ်တော့ ကျွန်တော့်တို့ ကိုယ်ခန္ဓာမှာ၊ စိတ်မှာ၊ ဘဝမှာ၊ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မလိုအပ်ဘဲ စုဆောင်းထားသည့် Collection တွေတော်တော်လေး များနေပါပြီ။ အဆိုပါ Collection တွေကို Selection အဖြစ် အသွင်ပြောင်းပေးသင့်ပါသည်။ တစ်နည်းပြောရလျှင် ကျွန်တော်တို့တစ်ယောက်ချင်းစီ မိမိကိုယ်ကိုယ် ‘လက်ရွေးစင်’ ဖြစ်အောင် ကြိုးစားအားထုတ်သင့်ပါသည်။ ထိုကဲ့သို့ လက်ရွေးစင်ဖြစ်အောင် မိမိကိုယ်ကိုယ် အမြဲ Selection လုပ်နေသင့်ပါသည်။
တစ်ယောက်ချင်းစီ ‘လက်ရွေးစင်’ ဖြစ်နေမှ ကျွန်တော်တို့ လူ့အဖွဲ့အစည်းလည်း လက်ရွေးစင် ဖြစ်နိုင်ပါလိမ့်မည်။ ထို့ကြောင့် Collection လူ့အဖွဲ့အစည်းကိုလည်း Selection လူ့အဖွဲ့အစည်းဖြစ်အောင် အသွင်ပြောင်းဖို့ လိုပါသည်။ တကယ်တော့ ဒေါသထွက်နေသော လူအုပ်ကြီးသည် Collection လူအုပ်စုကြီးသာ ဖြစ်သည်။ ထိုလူအုပ်ကြီးကို Selection လုပ်နိုင်မှ လက်ရွေးစင်လူအုပ်စု ဖြစ်နိုင်ပါလိမ့်မည်။ ထိုကဲ့သို့ အဆင့်ဆင့် Selection လုပ်နိုင်ပြီဆိုလျှင်တော့ မဝေးတော့သည့်တစ်နေ့မှာ ‘လက်ရွေးစင်နိုင်ငံတော်’ ကို ကျွန်တော်တို့အားလုံး မျှော်မှန်းနိုင်ပါပြီ။










