ကျောက်ဆည်မြို့တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ သေဆုံးသူ၏ သားက မိခင်နှင့် အခြား အမျိုးသား တစ်ဦးအား တစ်လင်တစ်မယား ဥပဒေဖြင့် အမှုဖွင့်

ကျောက်ဆည်မြို့တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ သေဆုံးသူ၏ သားက မိခင်နှင့် အခြား အမျိုးသား တစ်ဦးအား တစ်လင်တစ်မယား ဥပဒေဖြင့် အမှုဖွင့်
Published 6 December 2016
ယဉ်မျိုးသွယ်

ကျောက်ဆည်မြို့တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ သေဆုံးသူ၏ သားဖြစ်သူက မိခင်နှင့် အမျိုးသား တစ်ဦးအား တစ်လင်တစ်မယား စနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၃ ဖြင့် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
နိုဝင်ဘာလ အတွင်းက ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ သေဆုံးသူ ဦးဇော်ဝင်းနိုင်၏ သားဖြစ်သူ မောင်အောင်ဝေယံနိုင်က မိခင်ဖြစ်သူ ဒေါ်--- နှင့် ---(ခ) --တို့ကို  ကျောက်ဆည် မြို့မရဲစခန်းတွင် (ပ)၇၉၅\၂၀၁၆၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၃ ဖြင့် ဒီဇင်ဘာ ၅ ရက်က အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကျောက်ဆည်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မင်းနောင်က “သေဆုံးသူ ကိုဇော်ဝင်းနိုင်သားက မိခင်ကို တစ်လင်တစ်မယားနဲ့ အမှုဖွင့်ထားတယ် ဆိုတာ ဟုတ်ပါတယ်။ လူသတ်မှုနဲ့ ဆက်စပ်နေလား ဆိုတာတော့ ဆောင်ရွက်နေဆဲမို့ ပြောမရသေးပါဘူး။ လူသတ်မှု တရားခံကို ဖမ်းမိဖို့ ကြိုးစားနေပါတယ်။ တစ်လင်တစ်မယားနဲ့ အမှုဖွင့်ထားတဲ့ အတွက်လည်း နှစ်ဦးလုံးကို ဖမ်းမိဖို့ လုပ်နေပါတယ်။ အင်တာနက်မှာ တက်နေတဲ့ ဗွီဒီယိုင်ဖိုင်နဲ့ ပတ်သက်ပြီးတော့ ကာယကံရှင်တွေရဲ့ စိတ်ဆန္ဒဖြစ်လို့ ပြောစရာ မရှိပါဘူး” ဟု ဖြေကြားသည်။
အင်တာနက် လူမှုကွန်ရက် စာမျက်နှာများတွင် လူသတ်မှုမှ တရားခံသည် သေဆုံးသူ၏ သားဖြစ်သူကိုပါ အသက်အန္တရာယ် ခြိမ်းခြောက်နေသည့်အတွက် တိမ်းရှောင်နေရကြောင်း၊ ထိုသူသည် မိခင်ဖြစ်သူနှင့် လူမှုရေး ဖောက်ပြန်မှုများ ရှိခဲ့ကြောင်း စသည့် အကြောင်းအရာများကို ပြောကြားထားသည့် ဗွီဒီယိုဖိုင် ပျံ့နှံ့ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၂၂ ရက် ည ၇ နာရီ ၁၅ မိနစ်ခန့်က ကျောက်ဆည်မြို့ ကံဦးရပ်ကွက်ရှိ နယူးလိုက် အီလက်ထရွန်နစ်ဆိုင်ပိုင်ရှင် ဦးဇော်ဝင်းနိုင် ၄၄ နှစ်သည် လက်ပြတိုက်အနီး ရွှေဓနုကွမ်းယာဆိုင်သို့ ကွမ်းယာသွားဝယ်မည် ဖြစ်ကြောင်း ညီဖြစ်သူတို့အား ပြောကြားခဲ့ပြီး ထွက်သွားခဲ့ကြောင်း၊ ခေတ္တအကြာတွင် အစ်ကိုဖြစ်သူ ဦးဇော်ဝင်းနိုင် ဓားဖြင့် ခုတ်ခံရကြောင်း ကြားသိရသဖြင့် သွားရောက်ကြည့်ရှုရာ ကွမ်းယာဆိုင်ရှေ့ ပလက်ဖောင်းတွင် လည်ပင်း၊ လက်ကောက်ဝတ် ပြတ်ရှ၊ ဝမ်းဗိုက်ထိုးသွင်း ဒဏ်ရာများဖြင့် လဲနေရာ ဆေးရုံပို့ဆောင်စဉ် သေဆုံးခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြချက်ထားပြီး အဆိုပါ လူသတ်မှုသည် လူမှုရေးပြဿနာကြောင့်သာ ဖြစ်ကြောင်း ကျောက်ဆည်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မင်းနောင်က ပြောကြားသည်။

Most Read

Most Recent