နှင်းစက်လက်ကျန်

နှင်းစက်လက်ကျန်
Published 6 December 2016
ရွှေဒါးမောင်လေးရည်

(၁) ဆောင်း၏လက်တံက တစ်စတစ်စနှင့် ရှည်လျားခဲ့ပေပြီ။ ဟိုအဝေးဆီမှ ဆောင်းဖွဲ့တေးတစ်စကို ဖွဖွညင်သာနားမှာ ဆင်သရသည်။ “သဇင်ပန်းတွေ ဖွေးလျက်သာနေ... ဘဝင်ချမ်းလေသွေးတဲ့ အခါမလေ...တစ်ကိုယ်ရည်တွေးလို့ မှန်းကာနေ...ပျိုမေအေးလို့ ချမ်းပါသလေ...ထွေးမယ့်သူ ရှာချင်ပြီလေ ...ဆောင်း...ဆောင်းကတော့ တာဝန်အလွန်ပင်ကျေ...။” ဥတ္တရယဉ်စွန်းတန်းဒေသ၊ ရေခဲတောင်တန်းများပေါ်မှ ခရီးပြင်းနှင်လာခဲ့သည့် နှင်းဆွတ်လေပြည်အေး၏ အထိအတွေ့က ကျွန်တော်တို့၏ အရည်ပြားပေါ် နှုတ်ဆက် ကျီစယ်လာခဲ့ပေပြီ။ ဒီလိုကာလ မှိုင်းပျ မြူမင်နှင့် ကောက်ပင်တွေကြားဆီမှ အမြီးနှစ်ခွနှင့် မဟူရာနက်မှောင် ငှက်တော်ကလေးများ ဟိုသည်ပျံသန်းလျက်၊ အစာရှာဖွေနေကြ ပုံမြင်ကွင်းများဆီ ညှို့ငင်စိတ်က ဦးဆောင် ဖြားယောင်းတတ်သည်။ တစ်စထက်တစ်စ ရင့်မှည့်လာခဲ့ပြီဖြစ်သည့် ရွှေဝါရောင်လယ်ကွင်း တစ်ဆုံးကို အာရုံ၌ထိုးစိုက်ရင်း ငယ်စဉ်ဘ၀ ကာလများဆီ...
(၂) တို့ဘဝရဲ့ ငယ်စဉ်တစ်လျှောက်...ရွာဦးကျောင်းက အုံးမောင်းခေါက်...ရောင်နီပေါ် မိုးဦးသောက် ခရေပင်ရှိရာ အပြေး...အပြေးရောက်...ပန်းကလေးတွေကို... ရွေးသီကောက်...။
ရွှေမင်းဝံတောရကျောင်းဆီမှ နံနက်အရုဏ် အုံးမောင်းသံ လွင့်ပျံလာသည်နှင့် ကောက်ရိတ်သမား တစ်စုတို့ ဒီကနေ့ ရိတ်သိမ်းရမည့် လယ်ရှင်အိမ်ဆီ စုဝေးရောက် ရှိခဲ့ကြပေသည်။ လယ်ရှင်တည်ခင်းသည့် နံနက်စောစောအဖြစ် အငွေ့တထောင်းထောင်း ကောက်ညှင်းပေါင်းနှင့် ငါးကြော်ပူပူနွေးနွေးကို စားသုံးကြကာ၊ ရေနွေးကြမ်းဖြင့် မျှောချနေကြသည်။ ဝမ်းဖြည့်စားသောက်ကြရင်းနှင့် ကောက်ရိတ်လုပ်ငန်းခွင်အတွက် ဆွေးနွေး တိုင်ပင်ကြသည်။ ဒီလိုနှင့် အဆာပြေ စားသောက်ကြပြီးချိန်မှာတော့ ကျွန်တော့်ဖခင် တို့တစ်တွေ နှင်းငွေ့ဝေရီထဲ နွားလှည်းကိုယ်စီ မောင်းနှင်ကာ ဒီကနေ့ ကောက်ရိတ်ဆင်းမည့် လယ်တောဆီ ထွက်ခွာသွားကြပုံ မြင်ကွင်းက နံနက်ခင်း၏ ရုပ်ပုံကားချပ်ကို စုတ်ချက်ရာ တစ်ခုအဖြစ် ပါဝင် အားဖြည့်ထားပေသည်။
ရိတ်သိမ်းကြမည့် လယ်ကွင်းဆီရောက်တော့ ဦးစွာအနေဖြင့် ကောက်ပင်များကို ဝါးနင်းမည့်သူက ဝါးနင်းပါသည်။ စပါးပင်များ ထောင်မတ်နေသဖြင့် ရိတ်သိမ်းရ လွယ်ကူစေရန်အတွက် စပါးပင်များကို ဖြိုလှဲပေးခြင်းကို ဝါးနင်းသည်ဟု ခေါ်ခြင်းပါပေ။ တစ်ဆက်တည်းပင် ကောက်ရိတ်ခြင်းကိစ္စကို ဆက်လက် ဆောင်ရွက်ကြရာ စပါးပင်များကို ရိတ်သိမ်း လှီးဖြတ်လိုက်ကြ၊ စည်းနှောင်လိုက်ကြနှင့် တက်ညီလက်ညီ ရှုမြင်ရသဖြင့် ပေါင်းစည်း လုပ်ဆောင်ခြင်း၏ သရုပ်သကန်မှာ ပီပြင်လွန်းလှပေသည်။ အချို့သော ကောက်ရိတ်သမားကြီးတို့က တံစဉ်ကောက်နှင့် စပါးပင်ကို လှီးဖြတ်ရင်း နှုတ်ဖျားဆီမှလည်း ကောက်ရိတ်တေးချင်း တစ်စကို အော်ဟစ်သီကြွေးမှာလည်း ရာသီကာလနှင့် လိုက်ဖက်ညီလွန်း လှပေသည်။
ခပ်ဝေးဝေးဆီ မျှော်ရည်ကြည့်မိတော့ မြူခြည်ဝိုးဝါးနှင့် လယ်တောပန်းချီကားချပ်က မှုန်ရီမှိုင်းပျ...
(၃) ဆောင်းပေါက်တော့မည်
ဟေမန်ရတု၊ ကဗျာစုကို
အနုအယဉ်၊ တန်ဆာဆင်၍
ရွှင်ရွှင်ကျူးတော့မည်တကား...
(ကြည်အေး)
ကဗျာဆရာမကြည်အေးက အစောပိုင်း ကာလဆီကပင် ဆောင်း၏ရသကို ခံစားမှုဖြင့် ကဗျာသီခဲ့ဖူးပေသည်။ ဆောင်းခံစားမှုကို ဆရာမကြီး သီကျူးခဲ့သလိုပင် ရှေးရှေးစာဆို အပေါင်းတို့သည်လည်း ဆောင်းပန်းချီကို စုတ်တံဝင့်ခဲ့ပုံများကိုလည်း တူးဆွ ခံစားနိုင်ပေသည်။
နှင်းသွန်းချိန်ကြုံ သလွန်ဘုံမှာ
ခြုံသူမရှိ တစ်ကိုယ်တည်းအိချက်မို့
ပူဇာတိမျက်နှာက လေသာကျယ်ကျယ်
ပြန်မညောင်းပါနှင့်.. တစ်ဆောင်းကျူးရယ်လို့ ဖွဲ့နွဲ့လျက်ဖြင့် နှင်းသွန်းသည့် ဆောင်းညဉ့်လယ်မှာ မောင်တော်နှင့်မနီး တစ်ကိုယ်တည်း ဖော်ကွာဝေးနေရရှာသည့် မယ့်ဖြစ်အင်ကို ပြလိုမှုဖြင့် ဖွဲ့ခဲ့သည်။ အိပ်၍မပျော်နိုင်သူ တစ်ဦး၏ ပူပုံပန်းဖွဲ့မှာ အလွမ်းစာဆို မယ်ခွေ၏ အဲချင်းတစ်ပုဒ်၌ နွမ်းမောဖွယ် ရှာတွေ့ခဲ့ရပေသည်။
ထိုထိုသော ကဗျာအဖွဲ့အနွဲ့များနည်းတူ လက်ရှိ ၂၁ ရာစု စာဆိုတို့သည်လည်း တတိယ ရာသီဆောင်း၏ အနွဲ့အနုတို့ကို စာပေရသတို့ဖြင့် လည်းကောင်း ဂီတနွဲ့လျတို့ဖြင့်လည်းကောင်း ဖန်တီးတင်ဆက်ခဲ့ကြပြန်ရာ တေးသံရှင် မြင့်မြင့်စိန်၏ ချိုအေးသံသာလေးဖြင့် “ငွေမင်သိုင်းခြယ်...အိုရှစ်တိုင်းဝယ် ...ဝေနိုင်ပြီအိုဘယ့်နှင်းတွေရယ်... အလှဆင်ပါဆောင်းရယ်...နှမညင်သာ တောင်းပန်မယ်...ရယ်လို့ ကျူးရင့်ထားပုံကလေးများဖြင့် ဆောင်း၏အလှသရုပ်ကို လှစ်ဟပြခဲ့ပေသည်။ ငြိမ့်ငြိမ့်ညင်သာ ရှိလွန်းလှသည့် ဆောင်းတေးပဉ္စင်ပါလေ။
ဘာပဲပြောပြော ဆောင်းဆိုသည်က မြန်မာတို့၏ ကျေးလက်နှင့် ခွဲခြား၍မရစကောင်းသည့် ချစ်စရာ့ ရာသီတော် ဖြစ်ပေသည်။ သည်အခါ သည်သမယ၌ လယ်ယာဦးကြီးတို့ တစ်နွေလုံး တစ်မိုးလုံး နွားနှင့်ဖက်ကာ ထွန်သွားထွန်တံတို့နှင့် နပန်းလုံးခဲ့ရမှုဖြင့် အရင်းအနှီး ပြုခဲ့ကြရပြီး သည်ဒီကာလ ရောက်ရှိခါမှ အသီးအပွင့် အကျိုးအမြတ်ကို တွေ့မြင်ကြရသည်။ အပြုံးပွင့်တို့ ဝေနိုင်သည့် ကာလမို့ ဦးကြီးတို့အတွက် မင်္ဂလာရှိသော ကာလလည်း ဖြစ်ပေသည်။ သည်အခါသမယ၌ လယ်ယာဦးကြီးတို့ ပျော်ရွှင်ကြဘိသို့ ကျွန်တော်တို့ အားလုံးအတွက်လည်း ပီတိပန်းများဖြင့် ရွှင်လန်းဝမ်းမြောက်ဖွယ် ကာလတစ်ခုပါပေ။
(၄) ဆန်းတုံပြာသို
ပင်တိုင်းညိုမျှ
မြလိုပျံ့မွှန်း
ထုံရည်သွန်းသို့
နတ်ပန်းခွံမြ
ပေါသည့်လဝယ်၊
ငွေနှင်းတို့ဖွဲစွေခဲ့ပြီ။
(နဝဒေး)
နတ်ပန်းခွံမြနှင့်အတူ ဖွဲဝေစပြုသည့် ငွေနှင်းပွင့်တို့နှင့် အတူပင် ကျွန်တော်တို့၏ စာပေပန်းရနံ့တို့လည်း ဝေလွင်စ ပြုခဲ့ပြန်ပေပြီ။ ယခင်ကာလများဆီကတော့ စာဆိုတော် ကာလအဖြစ် နှင်းပွင့်တို့ ဖွဲ့ဝေတတ်သည့် ဆောင်းလရက်စွဲများ၌သာ စာပေဟောပြောပွဲများ ဆင်နွှဲခဲ့ကြသည်။ သည်ဘက်ကာလ ဆယ်စုနှစ်များတွင် စာပေဟောပြောပွဲ ယဉ်ကျေးမှုက ကျယ်ဝန်းပျံ့နှံ့လာခဲ့ကာ အဆင်ချောလျှင်ချောသလို တစ်ဆယ့်နှစ်ရာသီ ကာလပတ်လုံး အခွင့်သင့်တိုင်း ကျင်းပလာခဲ့ကြသည်။ အချို့စာရေးဆရာများဆိုလျှင် တစ်နှစ်တာပတ်လုံး လှည့်လည် ဟောပြောနေရကာ မိသားစုနှင့် ပျော်ဝင်ရက်စွဲများပင် ရှားပါးနေကြရသည်။ ရေဝေးမြေခြားသို့တိုင် ပျံသန်းကြရကာ စာပေဟောပွဲများ ဆင်နွှဲကြရသည်။ ပီတိပွားဖွယ် ကောင်းလှပေသည်။
ကျွန်တော်တို့လူမျိုး၏ ဓလေ့စရိုက်အရ ကြီးသူကို ရိုသေဟူသည့် အလေ့အထဖြင့် သက်ကြီးသူတို့အား ရိုသေမှုဖြင့် ဂါရဝပြုကြပေသည်။ ယခုကဲ့သို့ ဆောင်းကာလ ရက်စွဲများ၌ ကျရောက်သည့် နတ်တော်လဆန်း ၁ ရက်တွင် သက်ကြီးစာပေ ပညာရှင်တို့အား ဂါရဝပြု ပူဇော်ပွဲများကိုလည်း ကျင်းပကြပေသည်။ ထိုနည်းတူ နိုင်ငံတော်က ကျင်းပသည့် အမျိုးသားစာပေဆုနှင်း သဘင်နှင့်အတူ စာပေဗိမာန် စာပေဆုပေးအပ်ပွဲကိုလည်းသည် ဆောင်းဟေမန် ကာလမှာပင် ပုံဖော်ပေးသည့် ပွဲလမ်းသဘင်များသာပင်။
(၅) ဆောင်းချမ်းမြစဉ်
ဖွဲစနှင်းလျှံ တောင်သမန်၌
ရင်ခုန်သံချင်း၊ ပေါင်းစပ်နှင်းကာ
သီချင်းထံတျာ၊ ဆိုကဗျာနှင့်...
ကျူးကာသီကာ...
ဆောင်းချမ်းမြခိုက် ရတနာပုံရွှေမြို့တော်နှင့် နယ်မြေချင်းထိ စပ်လျက်ရှိသည့် အမရဌာနေ တောင်သမန်ဆီမှ ဆောင်းရတု ပွဲတစ်ပွဲဆီသို့ လွမ်းမြစိတ်တို့က ခေါ်ငင်သွားခဲ့ပြန်ပေသည်။ သတင်းစာ ဆရာစာရေး ဆရာမကြီး လူထုဒေါ်အမာ၏ မွေးနေ့ အထိမ်းအမှတ်ပွဲပင်။ ထိုပွဲကို တောင်သမန်အင်းစပ် အဆွယ်နားဆီက ဆရာတော်ကို ပညာ(အမရပူရ) ၏ တောင်လေးလုံးကျောင်းတိုက် အတွင်း၌ နှစ်စဉ်ကျင်းပလေ့ရှိသည့် အထင်ကရ ပွဲတစ်ပွဲလည်း ဖြစ်ပေသည်။ ထိုရက်၌ မြန်မာပြည်ဒေသစုံမှ ကဗျာဆရာ၊ စာရေးဆရာ အများစုတို့ လာရောက် စုဆုံကြကာ ရင်ဘတ်ချင်း ဝတ်မှုန်ကူးရာ ခါသမယလည်း ဖြစ်ပေသည်။
ထို့နေ့ နိုဝင်ဘာ ၂၉ ရက်သို့ မကူူးမီ ၂၈ ရက် ညတစ်ညလုံး ဦးပိန်တံတားပေါ်မှ တောင်သမန်၏ အလှကို စားသုံးကြကာ ကဗျာရွတ်ဆိုပွဲ ဆင်ယင်ကြ ရင်ဘတ်ချင်း ချိတ်ဆက်ကြကာ အိပ်စက်ပစ်၊ ကုန်လွန်ပစ်လိုက်ရမည်ကို နှမြောတသ သူတို့၏ ညဉ့်တစ်ညဉ့် အဖြစ်လည်း မမေ့ရက် မပစ်ပယ်နိုင် ရှိခဲ့ကြပေသည်။ ယခုအခါမှာတော့ ဆရာမကြီး လူထုဒေါ်အမာ၏ နှစ်ပတ်လည် မွေးနေ့ပွဲကို ကမကထပြုကာ အစဉ်လာမပျက်စေရေးအတွက် ဦးဆောင် ဖော်ကျူးလာခဲ့သူ ဆရာတော်ကို ပညာသည်ပင် အဝေးဆုံး ခရီးရှည်ကြီး တစ်ခုကို ထွက်ခွာသွားခဲ့ရှာပေပြီ။ သို့သော်လည်း ဆရာမကြီး၏ နှစ်ပတ်လည် မွေးနေ့ပွဲကိုတော့ ကျန်ရစ်သူ ဆရာမကြီးအား လေးစားချစ်မက်သူတို့က စဉ်လာမပျက်ဆက်၍ ပုံဖော်ခဲ့ကြပေသည်။ ဒီနှစ်ဆိုလျှင် ဆရာမကြီး လူထုဒေါ်အမာ အသက် (၁၀၁) နှစ် ပြည့်မြောက်ခဲ့ပေပြီ။
ထိုပွဲ၌ဆရာမကြီးအား အမှတ်တရ စကားများဖြင့် အောက်မေ့ အလွမ်းဖြေကြရပေသည်။ ဂုဏ်ပြုစကားများဖြင့် လွမ်းမြရသကဲ့သို့ ဆက်စပ် ပတ်သက်ဖူးသူတို့က သူ၏ လုပ်ရပ်၊ သူ၏ ရပ်တည်ချက်များအပေါ် ကျေးဇူးဉာဏ်ကို အောက်မေ့ဂုဏ်တင်ကြနှင့် နွေးနွေးဝေေ၀ ရှိလှပေသည်။ စာပေပေါ် သစ္စာတည်ပုံများ အစပြု၍ သူ၏လမ်းကြောင်းတစ်လျှောက်မှ ပုံရိပ်များစွာဖြင့် တူးဖော်လွမ်းမြသူတို့၏ ရင်လှိုင်းခတ်သံများက တောင်သမန် လေပြည်ထဲ လွင့်လွင့်ဝဲ၀ဲ...။ ဒီပွဲအပေါ် အကြောင်းပြုကာ ဒေသပေါင်းစုံ ရပ်ဌာန အသီးသီးမှ စာပေချစ်သူ စာပေဖန်တီး သူတို့၏ ဆုံမှတ်တစ်ခု အဖြစ်လည်း စေ့ဆော်ပေးနိုင်မှုဖြင့် တောင်သမန် ပန်းချီကားက သည်ရက်များမှာမှ ပိုမို၍ ဆေးရောင်စုံသော စုတ်ချက် ပီပြင်သော ပန်းချီကားတစ်ချပ်အဖြစ်...
(၆) ရွှေဥသြသည် မြောက်ဘက်စိမ်းညို့သော မြိုင်ဦးမှ ငြိမ့်ရွှန်းစွာ တေးသီလိုက်လေ ပြီ...
ဆရာဒဂုန်တာရာ၏ စကားပြေအနုအလှကို ခံစားလိုက်ရခိုက် ဆောင်းအိပ်မက် အလန့်တကြား လန့်နိုးလာခဲ့ရပေသည်။ ကျွန်တော်က သည်မတိုင်ခင်အထိ ဆောင်းအိပ်မက်ထဲ လမ်းလျှောက်ဆဲ။ နှင်းပွင့်မှုန်လွတို့နှင့်အတူ “ဆောင်းနတ်မယ်လျ မြောက်ဆီကသာ” ဆိုသည့် တေးသံရှင် မောင်မောင်ညွန့်နှင့်အတူ လိုက်ပါကာ တစ်ပါးသူကို လွမ်းမြဆဲ။ နှင်းပွင့်မှုန်လွလေးများ၏ မွှေးရနံ့ကို ရှိုက်နစ်ခုံမင်ဆဲ။ သူ့ကိုမွှေးမြ၍ မဝသေးခင်မှာပင် ဥရွှေသြက သူ၏တေးချင်းလှဖြင့် နွေဦးကို လက်တို့ခေါ်ငင်လာခဲ့ဘိသည်။ ဒီတော့မှ ဆောင်းပျိုနှမက သူ၏နှင်းဝတ်လွှာ ဇာပဝါကို မသိမ်းချင် သိမ်းချင်ဖြင့် ရုပ်သိမ်းရပေဦးတော့မည်ပေါ့။ သြော် နွေဦးက ခရီးကျူးလာ ဦးတော့မည်လေ...။

Most Read

Most Recent