သုခဘုံသား၏အမြင်

သုခဘုံသား၏အမြင်
Published 6 December 2016
နန္ဒဝင်း (ဆေး-၁)

၂၀၁၆ နိုဝင်ဘာလ ၁၄ ရက်ကနေ နိုဝင်ဘာလ ၁၈ ရက်နေ့အထိ ကနေဒါနိုင်ငံရဲ့ လှပတဲ့ဒေသအဖြစ် ကျော်ကြားတဲ့ ဗြိတိသျှကိုလံဘီယာဒေသ ဗန်ကူးပါးမြို့ကလေးကို ကနေဒါဖောင်ဒေးရှင်း (မြန်မာ) ရဲ့ ကျေးဇူးနှင့် သွားရောက်ခွင့်ရခဲ့ပါတယ်။ The Fourth global symposium on health system research (hsr 2016) ကမ္ဘာလုံးဆိုင်ရာ စတုတ္ထအကြိမ်မြောက် ကျန်းမာရေးစနစ် သုတေသနစာတမ်းပြပွဲနှင့်ဖတ်ပွဲမှာ ကျွန်တော့စာတမ်းလေးဖြစ်တဲ့ ‘တန်ဖိုးသင့် ညစာလုပ်ငန်းအား ကျန်းမာရေးဝန်ထမ်းများနှင့် မိသားစုဝင်များမှ စတင်ဆောင်ရွက်ခြင်းအားဖြင့် ကျန်းမာရေးစနစ်အပေါ် ပြည်သူလူထုမှ မေတ္တာရောင်ပြန်ဟပ်ပုံ’ ကိုသွားရောက်ပြသခွင့် ရခဲ့တာပဲဖြစ်ပါတယ်။ ခရီးစဉ်ရဲ့အကြောင်း၊ သူတို့နိုင်ငံရဲ့ စနစ်အကြောင်း၊ တွေ့ကြုံခဲ့ရတဲ့ ဗဟုသုတတွေကတော့ တကယ်ကိုအများကြီးပါပဲ။ တွေးစရာအတွေးတွေလည်း အများကြီးရခဲ့ပါတယ်။ တန်ဖိုးရှိတဲ့ လေ့လာရေးခရီးတစ်ခု ဖြစ်ခဲ့ပါတယ်။ ယခုအဲဒီအများကြီးထဲကနေ တွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို တင်ပြပါရစေ။
ကျွန်တော်တို့ စာတမ်းပြပွဲကျင်းပတဲ့ ခန်းမကြီးဟာ အကျယ်ကြီးပါပဲ။ ရာဂဏန်းသော ဘုတ်ပြားအသီးသီးရဲ့ သုံးပေခွဲပတ်လည် နေရာကလေးတွေမှာ ကပ်ထားရပါတယ်။ လေ့လာသူတွေကလည်း နိုင်ငံအစုံက အများအပြားပါပဲ။ အကောင်းတွေချည်းပဲများနေတော့ ကိုယ့်နေရာကလေးကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပြီး စိတ်ဝင်စားဟန်ပြုတဲ့ ဧည့်သည်ကတော့ မများလှပါဘူး။ အသီးသီးသော စာတမ်းရှင်တွေဟာ ကိုယ့်စာတမ်းလေးရှေ့မှာ အချိန်ရရင်ရသလို သွားရောက်မတ်တပ်ကလေးတွေ ရပ်နေကြပြီး စိတ်ဝင်စားသူရှိတာနှင့် လက်ကမ်းစာစောင်လေးတွေေ၀ ရှင်းပြမေးတာတွေ ဖြေကြရပါတယ်။ တစ်ခုကံကောင်းတာက ကျွန်တော် တင်ပြခွင့်ရတဲ့နေ့က ခြေထောက် အအေးခံပြီး မြန်မာအမျိုးသား ဝတ်စုံကို ဝတ်ထားတဲ့ ကျွန်တော့်ကို လူအနည်းငယ်က စိတ်ဝင်စားခဲ့ကြပါတယ်။ (တစ်ကိုယ်လုံး အောက်ခံအနွေးထည် ကိုယ်ကျပ်ဝတ်ထားတော့ အဆင်ပြေပေမယ့် ခြေအိတ်ဝတ်မထားတော့ ခြေဖျားလေးတွေ ကျဉ်နေခဲ့ပါတယ်) အထူးသဖြင့် ဂျပန်တွေက စိတ်ဝင်တစား လာရောက်မေးမြန်းကြပါတယ်။ တရုတ်၊ အာဂျင်တီးနားနှင့် အာဖရိကနိုင်ငံတချို့က မိတ်ဆွေတွေလည်း လာရောက်ကြည့်ရှုကာ လက်ကမ်းစာစောင်ကလေးတွေ ပေးအပ်ခွင့်ရခဲ့ပါတယ်။
စာတမ်းပြပွဲလုပ်နေတဲ့ ခန်းမကြီးရဲ့ အဓိကဝင်ပေါက် နှစ်ပေါက်ကြားက နံရံတောက်လျှောက်မှာ ပြခန်းအသီးသီးနှင့် ပြသခွင့်ရနေတဲ့ အမေရိကန် ပြည်ထောင်စုက ကမ္ဘာကျော် ပြည်သူ့ကျန်းမာရေး တက္ကသိုလ်ကြီးရဲ့ ပြကွက်ကြီးကတော့ ကျွန်တော့်အတွက် အားကျငေးမောစရာ နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။ နိုင်ငံအသီးသီးရဲ့ ပြည်သူ့ကျန်းမာရေး ကဏ္ဍတွေမှာ စွန့်ဦးတီထွင် ကြိုးစားခဲ့ကြတဲ့ ကျန်းမာရေးပညာရှင် အသီးသီးကို အဲဒီကမ္ဘာကျော် တက္ကသိုလ်ကြီးက သူတို့ဆီမှာ ပြည်သူ့ကျန်းမာရေး ပညာပါရဂူဘွဲ့ (Dr PH) ဘွဲ့တက်ရောက်ခွင့်ပေးပြီး သူတို့ရဲ့ ထူးချွန်ပြောင်မြောက်တဲ့ လုပ်ရပ်တွေကို ပြသခွင့်ရတဲ့ နေရာလေးတစ်ခုပါပဲ။ ဖြူ၊ နီ၊ ဝါ၊ ညို၊ မည်း ရောင်စုံသန်းတဲ့ ပါရဂူဘွဲ့ကျောင်းသား အသီးသီးဟာ စာတမ်းရှင် အားလုံးရှေ့မှာ (ကျွန်တော့်အမြင်တော့) တောက်ပနေတဲ့ ကြယ်တွေလိုပါပဲ။ လှုပ်ရှားပုံ သူတို့ရဲ့ဘာသာရပ် အသီးသီးမှာ ပိုင်နိုင်စွာ စိတ်ဝင်တစား ရှင်းလင်းတင်ပြပုံ ကြိုးစားအားထုတ်နေပုံ အသီးသီးဟာ ခုမှနိုင်ငံတကာအဆင့် ညီလာခံကိုရောက်ဖူးတဲ့ ကျေးလက်ကဆရာဝန်လေး ကျွန်တော့်အတွက် ငေးမောစရာတွေပါပဲ။
ကိုကာကိုလာ ပုလင်းတွေကြားက လွတ်နေတဲ့နေရာလေးတွေမှာ ထည့်သယ်ပေးသွားခြင်းအားဖြင့် ကျေးလက်က ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့ ကလေးတွေ၊ လူနာတွေသောက်ဖို့ ဓာတ်ဆားထုပ်တွေ၊ ဓာတ်ဆားဖျော်ဖို့ ဖြန့်လိုက်ရင် ခြင်ခွက်ဖြစ်သွားမယ့် ပလတ်စတစ် အိတ်ကလေးတွေဖြန့်ချိတဲ့ colalife ဆိုတဲ့ အစီအစဉ်လေးကို စတင်ခဲ့တဲ့ ဇမ်ဘီယာနိုင်ငံက ကျွန်တော်နှင့် သက်တူရွယ်တူလောက်ရှိတဲ့ ပြည်သူ့ကျန်းမာရေး ပါရဂူသင်တန်းသား ဒေါက်တာရိုဟစ်နှင့်တော့ အချိန်တော်တော်ကြာ သွားရောက်စကားပြော ဖြစ်ခဲ့ပါတယ်။
အာဖရိကနိုင်ငံတွေမှာတောင် ပညာရှင်တွေဟာ စိတ်ကောင်းစေတနာကောင်းနှင့် အလုပ်တစ်ခုကို စတင်တာဖြစ်လင့်ကစား သုတေသနလုပ်ရန်ဆိုတဲ့ စိတ်ကလေးက စတင်ကတည်းက ရှိခဲ့တာကို လေးစားစရာတွေ့ခဲ့ရပါတယ်။ သူတို့နိုင်ငံတွေရဲ့ လေ့ကျင့်မှုတွေပါပဲ။ စိတ်ကောင်းစေတနာကောင်းနှင့် ကိုယ့်အလုပ်ကိုယ်လုပ်ရင်း ပြည်သူ့အကျိုး (ပရဟိတ) လုပ်ခဲ့တာမှန်ပေမယ့် စကတည်းက စနစ်ကျလှပါတယ်။ ကျွန်တော်တို့ စနစ်ကျတယ်ဆိုတာ စာရင်းဇယားနိုင်တာကို ရည်ရွယ်ပေမယ့် သူတို့စနစ်ကျတယ်ဆိုတာ နေရာ လူ လုပ်ဆောင်ချက် လုပ်ရပ်အာလုံး အားလုံးဟာ သိပ္ပံအခြေခံနည်း (scientific base) ကျလွန်းလှပါတယ်။ ဘယ်လိုနောက်ခံ အခြေအနေတွေကြောင့် လုပ်တယ်ဆိုတာချင်းတူပေမယ့် အချက်အလက်၊ အထောက်အထား ပြည့်စုံပုံချင်းကတော့ ကွာခြားခဲ့ရပါတယ်။ ကွာခြားတာတစ်ခုကတော့ သူတို့နိုင်ငံမှာ သုတေသနလုပ်ငန်း သင်ကြားချက်တွေဟာ ဆရာဝန်ပညာ မသင်ခင်အခြေခံ ဆေးသိပ္ပံဘာသာရပ်တွေ သင်ကတည်းက ပါဝင်ခဲ့ပြီး ကျွန်တော်တို့ဆီမှာတော့ ဆရာဝန်ဖြစ် ဘွဲ့လွန်တက်မှ ကမျောသောပါး သင်ကြားခံခဲ့ရတာပါပဲ။
ဘောလုံးလိုပါပဲ။ သုတေသနလုပ်ငန်း လုပ်ခြင်းအားဖြင့် သူတို့အာဖရိကလူမျိုးတွေရဲ့ ခုဒေါက်တာရိုဟစ်လို ထွန်းပေါက်သွားတဲ့ သူတွေကို မြင်တွေ့နေရတော့လည်း သူတို့ဆီက ကျောင်းသားကျောင်းသူတွေဟာ သုတေသနပညာရပ်ကို ဘဝတက်လမ်းအဖြစ် မြင်ယောင်ကာ ကြိုးစားကြတာ မဆန်းလှပါဘူး။ နိုင်ငံအစိုးရ အသီးသီးကလည်း တိုင်းပြည်ရဲ့ ရပေါက်ရလမ်း၊ တိုးတက်ရာ တိုးတက်ကြောင်းအဖြစ် သတ်မှတ်ကာ အားပေးစေလွှတ်ကြပါတယ်။ (နိုင်ငံကလည်း အကုန်ခံစရာမှမလိုတာ၊ သူတို့ဘာသာလုပ် နိုင်ငံတကာကို ချိတ်ဆက်၊ နိုင်ငံတကာကကူညီ၊ အောင်မြင်ရင် ကိုယ့်နိုင်ငံကို နိုင်ငံတကာ အထောက်အပံ့တွေ ဝင်လာမှာဆိုတာကို သိနေခဲ့ကြပါတယ်)
ဒေါက်တာရိုဟစ်ကနေတစ်ဆင့် သူတို့ကို ကြီးကြပ်နေတယ်လို့ထင်ရတဲ့ အမေရိကန် လူမျိုးတစ်ယောက်နှင့်ပါ တွေ့ဆုံစကားပြောခွင့် ရခဲ့ပါတယ်။ သူ့ကိုလည်း ကျွန်တော်ရဲ့ လက်ကမ်းစာစောင်လေးတွေပေးရင်း ကျွန်တော်လက်ရှိလုပ်နေတဲ့ တန်ဖိုးသင့်ညစာ၊ နေဖြစ်မယ့်လပျိုးခင်း စတဲ့အစီအစဉ်တွေကို တင်ပြခွင့်ရခဲ့ပါတယ်။ အလုပ်အားလပ်ပုံ မရပေမယ့် ကျွန်တော်ပြောသမျှကိုတော့ စိတ်ဝင်တစား နားထောင်ပေးပါတယ်။ ကျွန်တော်ကလည်း မြန်မာ့ကျေးလက်မှာ ပြည်သူတွေ ငါးပိချက်တစ်အိုးနှင့် အာဟာရလုပ်နေရပုံကအစ သီးစုံပဲဟင်းတွေ၊ နောက်ဆေးရုံအာဟာရတွေ စတာတွေကို ရှင်းပြပါတယ်။ နောက်ပြီး ထမင်းချိုင့်တောင် မထည့်နိုင်လို့ ကျောင်းမတက်ရတဲ့ ကျောင်းသားကျောင်းသူလေးတွေ သူတို့ကို တန်ဖိုးသင့်က ထမင်းချိုင့် နေ့စဉ်ပို့ပေးပြီး ကျောင်းဆက်တက်စေတဲ့ နေဖြစ်မယ့် လပျိုးခင်း အစီအစဉ်တွေကို ပြောပြဖြစ်ခဲ့ပါတယ်။ သူကပြောပါတယ်။ မင်းလုပ်နေတဲ့ဟာတွေက အစိုးရရဲ့မူဝါဒတွေမှာ ပါဝင်သင့်တဲ့ဟာတွေ။ မင်းတို့အစိုးရကို မပြောဘူးလားတဲ့။ ကျွန်တော်က ပြန်ပြောပါတယ်။ ငါတို့အစိုးရ အဆက်ဆက်လည်း ဒီ့ထက်အရေးကြီးတဲ့ အလုပ်တွေလုပ်နေရလို့ ငါတို့လိုလူတွေက ပရဟိတအဖြစ် နိုင်ငံတစ်ဝန်းလုံးမှာ ဆောင်ရွက်နေကြတယ်ဆိုတော့ သူသိပ်ကျေနပ်ပုံမရပါဘူး။ ဒါကအခြေခံလေဆိုတဲ့ This is fundamental ဆိုတဲ့စကားကို ဆိုခဲ့ပါတယ်။ သင်တန်းသားတွေ စာတမ်းတွေကိုပဲ အမြဲသုံးသပ် ဝေဖန်နေရသူမို့ တစ်ခုခုဆိုရင် ဝေဖန်ပိုင်းခြားလိုက်ရမှ နေသာတယ်ထင်ပါရဲ့လို့ပဲ တိတ်တခိုး မှတ်ချက်ချမိလိုက်ပါတယ်။
သူက အစာအာဟာရတိုင်းဟာ သူကျွမ်းကျင်ရာ ဘာသာရပ်မဟုတ်ပေမယ့် ကလေးတွေ ကျောင်းမနေနိုင်လို့ ပညာတတ်အောင် ကျောင်းထားပေးတာ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်တာဟာ ကောင်းမွန်တဲ့ အရာတစ်ခုပဲလို့ ဆိုပါတယ်။ ကျွန်တော်ကလည်း ဆက်ပြောလိုက်ပါတယ်။ ဒီစကားက လူတိုင်းကိုမြန်မာပြည်မှာ ကျွန်တော်ဂုဏ်ယူစွာ ပြောခဲ့ဖူးသလို မြန်မာပြည်က လူတော်တော်များများကလည်း ချီးကျူးစကားအဖြစ် ပြောတတ်ကြပါတယ်။ အဲဒီစကားကတော့ ‘ဒီကလေးတွေထဲမှာ နိုင်ငံကိုခေါင်းဆောင်မည့် ခေါင်းဆောင်လောင်းတွေ ဘယ်လောက်ပါမလဲဆိုတာ ဘယ်သူသိနိုင်မလဲ’ ဆိုတဲ့စကားပါပဲ။ ဒီစကားကိုကြားရတော့ သူလှုပ်လှုပ်ခါခါ ဖြစ်လာပါတယ်။ အကောင်ကြီးကြီး ပါးစပ်လှုပ်ရုံပဲ စကားပြောခဲ့တဲ့သူရဲ့ ဟန်ပန်အမူအယာတွေ ပြောင်းလာပါတယ်။
သူက မင်းဒီလိုမလုပ်သင့်ဘူး။ ဒီလိုမပျိုးထောင်သင့်ဘူး။ ဒီကလေးတွေကို မင်းတတ်နိုင်ရင် ချမ်းသာအောင်၊ ဝန်ထမ်းကောင်းတွေဖြစ်အောင်၊ သူဌေးတွေဖြစ်အောင်၊ စီအီးအိုတွေဖြစ်အောင် ပျိုးထောင်ပြုစုပါ။ နိုင်ငံရေးလုပ်ခိုင်းပြီး နိုင်ငံကိုခေါင်းဆောင်ခိုင်းဖို့ လုံးဝမရည်ရွယ်ပါနဲ့တဲ့ဆိုပြီး ရှုးရှုးရှားရှား ဖြစ်တော့တာပါပဲ။ ကျွန်တော်ကလည်း အစကတော့ ငြိမ်ခံနေပေမယ့် ဒီတစ်ခါတော့ ခွန်းတုံ့ပြန်မိပါတော့တယ်။ ‘ဟ ဒါက သူတို့ရွေးချယ်မှုလေ။ ငါကတတ်နိုင်သမျှတော့ တွန်းတင်ပေးရမှာပဲ’ လို့ပါ။ သူသက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်ပါတယ်။ အတတ်နိုင်ဆုံး စိတ်လျှော့ပြီး ပြောတဲ့ဟန်နှင့် ‘မင်းတို့တိုင်းပြည် တကယ်တိုးတက်ချင်ရင် ငယ်ငယ်က ဆင်းရဲနွမ်းပါးခဲ့တဲ့သူတွေကို ဘယ်လောက်တော်တော် အာဏာမရပါစေနှင့်။ အဲဒီသူတွေရဲ့ အတွင်းစိတ်မှာ သိမ်ငယ်မှုတွေ၊ ဆာလောင်မွတ်သိပ်မှုတွေ၊ အာဏာရှင်ဆန်မှုတွေ အကုန်ရှိနေတယ်’ လို့ဆိုပါတယ်။
နောက်တော့ သူက သူမဲပေးခဲ့တဲ့ သူတို့သမ္မတလောင်းကို နမူနာပေးတော့တာပါပဲ။ အမေရိကကို ပြန်လည်ကြီးမြတ်စေရမယ်ဆိုတဲ့ သမ္မတလောင်းရဲ့စကားကို သူသိပ်ကြိုက်ပုံရပါတယ်။ မိန်းမတစ်ယောက် တွေဝေလေးကန်နေတာနဲ့ သံရုံးက တာဝန်ရှိသူတွေရဲ့ အသက်တွေ စတေးရတယ်ဆိုတဲ့ သူ့ထင်မြင်နာကြည်းမှုကို သိခဲ့ရပါတယ်။ သူလေ့ကျင့်သင်ကြားပေးနေတဲ့ သူတွေထဲမှာ အမျိုးသမီးတွေ၊ အသားအရောင် ကွဲပြားသူတွေပါပြီး အကောင်းဆုံး သင်ကြားလေ့ကျင့်ပေးခဲ့ပေမယ့် သူ့ရဲ့ခေါင်းဆောင်အဖြစ် အမျိုးသမီးတွေ လူဖြူမဟုတ်သူတွေကို လက်ခံနိုင်သူ မဟုတ်ဘူးဆိုတာကို သူ့စကားတွေအရ သုံးသပ်မိခဲ့ပါတယ်။ ဒီနေရာမှာ သူနှင့်စတင် အမြင်ကွဲပြားပေမယ့် ကြားဖြတ်ချီးကျူးမိတာကတော့ သူ့ရဲ့ရင်တွင်းခံစားချက်နှင့် လုပ်ငန်းကို ကဏ္ဍခွဲခြားထားနိုင်လို့ပါပဲ။
သူနောက်ဆုံး ကျွန်တော့်ကို အားပေးစကားပြောပါတယ်။ စာသင်နေကျ ဆရာတစ်ယောက်ရဲ့ ကရုဏာလေသံနှင့် မင်းရဲ့နွမ်းပါးတဲ့ ကလေးတွေကို သူဌေးတွေဖြစ်အောင်၊ ချမ်းသာအောင် မင်းကြိုးစားပေးလိုက်ပါ။ ဒါပဲကောင်းပါတယ်။ သူတို့ကိုတော့ နိုင်ငံရေးလုံး၀ မလုပ်ပါစေနှင့်။ ဒါပေမဲ့ သူတို့ချမ်းသာတဲ့ အခါကျရင်တော့ သူတို့သားသမီးတွေကို နိုင်ငံရေးမှာ ပါချင်ပါပါစေလို့ ဆိုပါတယ်။ နောက်မင်းတတ်နိုင်ရင် ခုလက်ရှိ မင်းတို့နိုင်ငံက လူချမ်းသာတွေရဲ့ သားသမီးတွေကို နိုင်ငံရေး လုပ်ချင်လာအောင် မင်းဆွဲဆောင်ပြီး တွန်းပို့လိုက်ပါလို့ဆိုပြီး ကျွန်တော့်ကို နှုတ်ဆက်သွားခဲ့ပါတော့တယ်။
ကျွန်တော်ကလည်း သူလက်ဆွဲနှုတ်ဆက်တဲ့ တစ်ခဏလေးမှာ ခင်ဗျားရဲ့အယူအဆ မှန်မမှန် ခင်ဗျားရွေးချယ်ခဲ့တဲ့ သမ္မတကို လေးနှစ်စောင့်ကြည့်ပြီးမှ လက်ခံပါရစေလို့ ပြောခဲ့ပါတယ်။ သူ့ရဲ့ ထင်မြင်ယူဆချက်ဟာ အကြောင်းအချက် အနည်းငယ်ပေါ်မှာပဲ မူတည်ပြီး သုံးသပ်လိုက်တဲ့ ကျဉ်းမြောင်းတဲ့ အယူအဆ (hasty generalization) ဆန်ပေမယ့် စဉ်းစားစရာတွေ၊ သတိပြုစရာတွေတော့ ပါခဲ့ပါတယ်။ ဆန္ဒနှင့်ဘ၀ ထပ်တူကျနေခဲ့ပြီး ဒုက္ခသစ္စာ မထင်ရှားတဲ့ တိုးတက်တဲ့နိုင်ငံတွေမှာ တရားဟောရင် သုခထဲက ဒုက္ခကို မြင်လာအောင် ထိုးထွင်းဟောပြောရတယ်။ ပညာဉာဏ်ဆိုက်အောင်ကို အဓိကထား ဟောရတယ်ဆိုတဲ့ ဆရာတော်တစ်ပါးရဲ့ တရားကိုလည်း ပြန်ကြားယောင်လာမိပါတယ်။ ငါတို့နိုင်ငံမှာ ဒုက္ခကိုကြောက်လို့ တရားကိုချဉ်းကပ်တာ သူတို့ဆီမှာက ဒုက္ခကိုသိလို့ တရားကိုချဉ်းကပ်တာဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ စကားကိုလည်း သတိရမိပါတယ်။ ဒုက္ခတောထဲက အမြင်နှင့် သုခဘုံပေါ်က အမြင်တွေ၊ ရပ်တည်ချက်တွေ မတူတာကို ကျွန်တော်တို့ နားလည်ရပါလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ကျွန်တော့် နေဖြစ်မယ့် လကလေးတွေကို စိတ်ကောင်းရှိဖို့က ပထမဆိုတာကိုပဲ ယခင်မူအတိုင်း ဆက်လက် သင်ကြားလေ့ကျင့် ပျိုးထောင်နေမှာပါ။ တစ်နေ့ကျရင် သူတို့ဟာ နေကဲ့သို့ လောကကိုအလင်း ဆောင်ပါစေ၊ လောကကို ပူလောင်ခြင်းတွေ မပေးပါစေနှင့်လို့ပဲ ဆုတောင်းရင်း ရည်ရွယ်ရင်း ဆက်လက်ပျိုးထောင် သွားပါတော့မယ်...။

Most Read

Most Recent