NLD ပါတီ အုပ်ချုပ်နေချိန် ကိုယ်ကျိုးရှာလျှင် အလုပ်ဖြုတ် အရေးယူမည်ဖြစ်ပြီး မမှန်မကန် တိုင်ကြားပါကလည်း ပြန်လည်တရားစွဲဆိုမည်ဟု ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ပြောကြား

NLD ပါတီ အုပ်ချုပ်နေချိန် ကိုယ်ကျိုးရှာလျှင် အလုပ်ဖြုတ် အရေးယူမည်ဖြစ်ပြီး မမှန်မကန် တိုင်ကြားပါကလည်း ပြန်လည်တရားစွဲဆိုမည်ဟု ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ပြောကြား
Published 5 December 2016
အောင်ကျော်မျိုး (ဟင်္သာတ)

NLD ပါတီအုပ်ချုပ်နေချိန် ကိုယ်ကျိုးရှာလျှင် အလုပ်ဖြုတ် အရေးယူမည်ဖြစ်ပြီး မမှန်မကန်တိုင်ကြားပါကလည်း ပြန်လည်တရားစွဲ ဆိုမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်မန်းဂျော်နီက ပြောကြားသည်။
ပုသိမ်မြို့ မြို့တော်ခန်းမ၌ ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းက ဧရာဝတီတိုင်းတွင်း မြို့နယ်များမှ စည်ပင်သာယာရေးဌာန ဝန်ထမ်းအကြီးအကဲများ၊  အင်ဂျင်နီယာများ အပါအဝင် မြို့နယ်အသီးသီးမှ ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည့် စည်ပင်ကော်မတီဝင်များနှင့် တွေ့ဆုံစဉ်  ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
“NLD ပါတီဦးဆောင်ပြီးတော့ အုပ်ချုပ်နေတာ။ ပြန်စဉ်းစားပါ။ နိုင်ငံနဲ့နိုင်ငံသားတွေ အကျိုးအတွက်ဆိုတာ သိပ်အရေးကြီးတယ်။ မြို့နယ်ဆိုလည်း မြို့နယ်သူ၊ မြို့နယ်သားတွေ အကျိုးအတွက်ဆိုတာ နံပါတ် ၁ အလေးပေးရမယ်။ မြို့နယ်သူ မြို့နယ်သားတွေ အကျိုးအတွက်မဟုတ်ဘဲ ကိုယ့်အကျိုးအတွက် ကိုယ့်အိတ်ထဲ ထည့်မယ်ဆိုရင် ဖြုတ်ပစ်လိုက်မယ်။ ဝန်ကြီးချုပ်တစ်ယောက် လုပ်ပိုင်ခွင့်ဘာတွေရှိ တယ်ဆိုတာ ပြန်လေ့လာထားမယ်။ ဖြုတ်ကို ဖြုတ်ပစ်မှာ။ မဖြုတ်လို့မရဘူး။ အဲဒီလိုတော့ အဖြစ်မခံနိုင်ဘူး။ ခြိမ်းခြောက်တာ မဟုတ်ဘူး။ တကယ်ပြောနေတာ။ ပြည်သူတွေကို ကျွန်တော်တို့က တိုင်ခိုင်းထားတယ်။ တိုင်ကြပါ။ သူများကို ဂုဏ်သရေပျက်စေလိုသော၊ သူများကို အန္တရာယ်ရှိစေလိုသော၊ သူများကို ဒုက္ခရောက်စေလိုသော ပုံစံနဲ့တိုင်ရင် တရားပြန်စွဲမယ်။ တိုင်တဲ့သူကလည်း တိုင်ပါ။ မဟုတ်လို့ရှိရင် သူ့တို့ကိုလည်း ပြန်တရားစွဲမယ်” ဟု ဝန်ကြီးချုပ် မန်းဂျော်နီက ပြောကြားသည်။
လွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ်များက တင်ပြချိန် အစိုးရအဖွဲ့က ခံနေရသည့် အဖြစ်မျိုး မဖြစ်စေရန် အောက်ခြေ၌ လွှတ်တော်ကိုယ်စားလှယ်များနှင့်လည်း ချိတ်ဆက် ဆောင်ရွက်စေလိုကြောင်း၊ သို့သော်လည်း ၎င်းတို့ အုပ်ချုပ်ရေးဘက်ကို မစွက်ဖက်လာစေရန်ကိုလည်း သိထားရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။ 
“ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ ရှိတယ်။ သူတို့ကို မြေစီမှာရော၊ မြေသိမ်းမှာရော အကုန်လုံးထည့်ဖွဲ့ထားတယ်။ အခုစည်ပင်မှာလည်း သူတို့ကို ချန်မထားခဲ့ပါနဲ့။ သူတို့ကိုပါ ပါအောင်ခေါ်ပါ။ ပါအောင်ခေါ်ပြီးတော့ အတူတူ အလုပ်လုပ်လိုက်ရင် ဒီတော့ အတူတူ အလုပ်လုပ်လိုက်တဲ့အခါမှာ တကယ်လို့ သူတို့လွှတ်တော်မှာ တင်တယ်။ ဒါခင်ဗျားလည်းပါ တယ်လေ။ ဒါမင်းတို့လည်းပါတယ်လေ။ အတူတူ ဆုံးဖြတ်ထားတဲ့ကိစ္စတင်လေ။ ဒီလို ပွင့်လင်းဖို့လိုတယ် ။ ဒါသိပ်အရေးကြီးတယ်” ဟု ဝန်ကြီးချုပ်က ဆိုသည်။
“လွှတ်တော်မှာ တင်လိုက်တဲ့အခါမှာ ကျွန်တော်တို့စည်ပင်ရော၊ ကျွန်တော်တို့ အစိုးရရော လည်ပင်းကြီးဒီလို ဆန့်ပြီး ခံနေရတယ် ဆိုတာမဖြစ်ဘူး။ သူတို့ပါအောင် လုပ်လို့မရ ဘူးလား။ ရတယ်။ သူတို့ပါခေါ် ဒီလိုလုပ်နေတယ်။ တိုင်ပင်တဲ့အခါသူတို့ပါ။ ဒါပေမဲ့ အုပ်ချုပ်ရေးဘက်မှာ သူတို့ဝင်လုပ်လို့မရဘူး။ ဒါတော့ ဒီလိုလုပ်၊ ဒါတော့ ဒီလိုလုပ်လာမပြောနဲ့။ ဒါသူတို့အလုပ်မဟုတ်ဘူး။ ဒါကို ခွဲခွဲခြားခြားသိဖို့တော့ လိုပါတယ်”  ဟု ဝန်ကြီးချုပ်မန်း ဂျော်နီက ပြောကြားသည်။
စည်ပင်သာယာရေးအဖွဲ့သည် အစိုးရ၏ ခန္ဓာကိုယ်တစ်ခုဖြစ်သဖြင့် ပွင့်လင်းရိုးသားစွာဖြင့် ရိုးသားကြိုးစား ဧရာဝတီသား၊ ဧရာဝတီ စိတ်ဓာတ်ဖြင့် ဆောင်ရွက်ကြရန်လည်း ဝန်ကြီးချုပ်က အဆိုပါ အခမ်းအနား၌ တိုက်တွန်းပြောကြားသည်။

Most Read

Most Recent