စက်မှုဇုန်မြေကွက်လွတ်များ ပြန်သိမ်းမည်ဆိုခြင်းမှာ ထူးခြားမှု မရှိသေးသော်လည်း အစိုးရအနေဖြင့် လုပ်ကိုင်ရ ခက်နေပါက အဆိုပါမြေများကို မည်သူက ပိုင်ဆိုင်ထား၍ လုပ်ကိုင်ရ ခက်ခဲနေခြင်းဖြစ်ကြောင်း ပြည်သူသိရန် ထုတ်ပြန်စေလိုဟု ဆို

စက်မှုဇုန်မြေကွက်လွတ်များ ပြန်သိမ်းမည်ဆိုခြင်းမှာ ထူးခြားမှု မရှိသေးသော်လည်း အစိုးရအနေဖြင့် လုပ်ကိုင်ရ ခက်နေပါက အဆိုပါမြေများကို မည်သူက ပိုင်ဆိုင်ထား၍ လုပ်ကိုင်ရ ခက်ခဲနေခြင်းဖြစ်ကြောင်း ပြည်သူသိရန် ထုတ်ပြန်စေလိုဟု ဆို
လှိုင်သာယာစက်မှုဇုန်အား ၂၀၁၆  ခုနှစ် နှစ်ဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
လှိုင်သာယာစက်မှုဇုန်အား ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
Published 4 December 2016
ဖြိုးဝေ

စက်မှုဇုန်မြေကွက်လွတ်များ ခြောက်လအတွင်း အကောင်အထည် မဖော်ပါက ယခင်အစိုးရ ထုတ်ပြန်ခဲ့သည့်အမိန့်အတိုင်း ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ယခုနှစ် မေ ၂၆ ရက်တွင် ပြောကြားထားပြီး လက်ရှိတွင် ခြောက်လပြည့်ပြီးသော်လည်း ထူးခြားမှု မရှိသေးကြောင်းနှင့် လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အကောင်အထည်မဖော်သည့် စက်မှုဇုန်မြေယာများ ပြန်လည်သိမ်းဆည်းနိုင်ရန် ခက်ခဲနေပါက ထိုသို့ခက်ခဲနေသည့် မြေကွက်များမှာ မည်သူမည်ဝါ ပိုင်ဆိုင်ထားသဖြင့် လုပ်ဆောင်ရ ခက်ခဲနေရခြင်းဖြစ်ကြောင်း ထုတ်ပြန်ပေးစေလိုသည်ဟု ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ် (၂) မှ ဦးတင့်လွင်က ပြောကြားသည်။
“စက်မှုဇုန်တွေကိစ္စကတော့ အခုထိ ကျွန်တော်သိသလောက်တော့ ထူးခြားတာ မကြားသေးဘူး။ ဒါပေမဲ့ မြေတွေကို လန ၃၉  လျှောက်ပြီး ယူထားတာတွေကိုတော့ ပြန်သိမ်းမယ်လို့ ကြားတယ်။ စက်မှုဇုန်တွေကလည်း ကျွန်တော်ထင်ပါတယ်။ အနှေးနဲ့အမြန်တော့ လုပ်ဖြစ်မယ်လို့ ထင်ပါတယ်။ ဒါတွေက လုပ်ရမယ့်ကိစ္စလည်း ဖြစ်တယ်။ လုပ်ရမှာ အခက်အခဲရှိတယ်ဆိုတာ ကျွန်တော် အစောကြီးကတည်းက သဘောပေါက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လုပ်စရာတွေက အရမ်းများတယ်လေ။ ကျွန်တော်က ကိုယ့်အစိုးရကိုယ်လုပ်ရမှာ အခက်အခဲ အများကြီးရှိတယ်။ လုပ်စရာတွေ အရမ်းများတယ်ဆိုတော့ ဒါကို ဦးစားပေးလုပ်ဖို့ အခက်အခဲ ရှိနေတယ်။ အရင်အစိုးရတုန်းကလည်း လုပ်ဖို့ကြိုးစားရင်း မအောင်မြင်ခဲ့ဘူးဆိုတာ သဘောပေါက်တယ်။ အရင်အစိုးရက ဒီမြေကွက်တွေ သူတို့ ချပေးခဲ့တာလေ။ သူတို့တောင် လုပ်ဖို့ အခက်အခဲရှိခဲ့တာ ကျွန်တော် သဘောပေါက်တယ်။ အဲဒါကြောင့် အဆင့်သုံးဆင့်နဲ့ ကျွန်တော်မေးခဲ့တာ” ဟု ဦးတင့်လွင်က ပြောကြားသည်။
ဦးတင့်လွင့်အနေနှင့် လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့် လုပ်ကိုင်ရ ခက်ခဲနေမည်ဖြစ်သဖြင့် အဆင့်သုံးဆင့်နှင့် လုပ်ဆောင်သင့်ကြောင်း ထောက်ပြ ပြောဆိုရာတွင် ပထမမေးခွန်း၌ ယခင်အစိုးရက သိမ်းမည်ဆိုသည့် မြေကွက်များကို လက်ရှိအစိုးရက ပြန်သိမ်းနိုင်မှု ရှိ မရှိ၊ ထိုသို့ မလုပ်ကိုင်နိုင်ပါက လုပ်ငန်းအကောင်အထည်ဖော်ရန် သတိပေးပြီး အဆိုပါကာလအတွင်း မလုပ်နိုင်ပါက စက်မှုဇုန်မြေကွက်လွတ် ပြန်လည် သိမ်းဆည်းခြင်းနှင့် အဆိုပါ အချက်နှစ်ခု အကောင်အထည်ဖော်ရန် ခက်ခဲပါက တတိယအချက်အနေဖြင့် စက်မှုဇုန်မြေကွက် ပိုင်ဆိုင်ထားသူများ၏ အမည်၊ မြေကွက်အမှတ် စသည့်အချက်များကို ပြည်သူတွေသိရှိရေး ထုတ်ပြန်ပေးရန် မေးမြန်းပြောဆိုခဲ့သည်ဟု ဦးတင့်လွင်က ပြောကြားသည်။
“ကျွန်တော်သုံးခုမေးတော့ ဒေါ်နီလာကျော်က အရင်အစိုးရလုပ်ခဲ့တာ ဆက်လုပ်ပေးမယ်ပြောတယ်။ နောက်ပြီးတော့ ကျွန်တော့်ကို အလွတ်သဘောအနေနဲ့ ပထမအချက်နဲ့ ဒုတိယအချက် မလုပ်နိုင်ရင်တောင် နောက်ဆုံးတစ်ချက်တော့ လုပ်ရလိမ့်မယ် ထင်တယ်လို့ ပြောထားတာရှိတယ်။ တကယ်တမ်းကျ အခုသုံးခုစလုံးတောင် မလုပ်နိုင်သေးဘူး။ တတိယတစ်ခုကို ဘာလို့လုပ်စေချင်လဲ ဆိုတော့ ဒါလုပ်လို့ ဘာမှ မထူးဘူးပေါ့ဗျာ။ သက်ရောက်မှုရှိမှာလည်း မဟုတ်ဘူး။ ဒါပေ မဲ့ ကျွန်တော်တို့ ဒီဘက်အစိုးရလုပ်တာ ဘာကြောင့်ခက်နေတယ်။ ဘယ်သူတွေကယူထားတယ်ဆိုတာ ပြည်သူသိသွားစေချင်တယ်လေ။  ဒီဟာတွေက တော်တော်ဆိုးတယ်ဗျ။ ယူထားတာ ကိုယ်ကျိုးစီးပွားအတွက် ယူထားတာလေ။ ဒီဟာတွေ ယူထားတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကလည်း မလာဘူးဗျာ။ မြေဈေးတွေကလည်း တအားတက်တယ်။ ကျွန်တော်မြင်တာကတော့ ကျွန်တော်တို့ အခွင့်အရေးဟာ သုညတောင် မဟုတ်တော့ဘဲ အနှုတ်ပြသွားတယ်။ ဒီလိုဟာတွေနဲ့ ပတ်သက်ပြီး ဒီဟာတွေဘယ်သူပိုင်တာလဲဆိုပြီး ကျွန်တော်စုံစမ်းကြည့်တော့ တချို့က Letter Head နဲ့တောင် လာဖြေတာရှိတယ်လို့ သိရတယ်။ ဝိတ်သုံးပြီး ဖြေတာပေါ့ဗျာ။ ဘယ်လိုပုဂ္ဂိုလ်ရဲ့ သားသမီးတွေက ဒီဟာကို ပိုင်ပါတယ်လို့ ပြန်ဖြေထားတယ်ဆိုတာတောင် သိရတော့ ကျွန်တော်တို့ကလည်း ဘာဖြစ်ဖြစ် ပါတီရဲ့ မူကလည်း အဆင်ပြေရေး၊ ရင်ကြားစေ့ရေးကို သွားနေတော့ တချို့ကိစ္စတွေ လုပ်ရကိုင်ရ ခက်နေတာတွေ ရှိနိုင်တယ်။ ကျွန်တော်က ဒါကြောင့်မို့ တတိယအချက်ကို ပြောခဲ့တာ။ မလုပ်နိုင်ရန်နေ ပြည်သူကိုတော့ အသိပေးလိုက်ပေါ့” ဟု ဦးတင့်လွင်က ပြောကြားသည်။
ယခင်အစိုးရပင် လုပ်ဆောင်နိုင်မှုမရှိသည့် အကောင်အထည်ဖော်နိုင်မှုမရှိဘဲ မြေဈေးကစားသည့် ပုံစံကိုင်ဆောင်ထားသည့် စက်မှုဇုန် မြေကွက်လွတ်များနှင့် ပတ်သက်ပြီး လွှတ်တော်တွင် မေးမြန်းဆွေးနွေးပြီးနောက် အဆိုပါမြေဈေးကစားရန် ကိုင်ဆောင်ထားသည့် မြေကွက်လွတ်များအား အရေးယူရန် အချိန်တန်နေပြီဖြစ်ကြောင်း မြို့ပြပညာရှင်များက ထောက်ပြသည်။
“ကြေညာပြီးရင်တော့ ကြေညာထားတဲ့အတိုင်း လုပ်ရမှာပေါ့။ မလုပ်တဲ့အခါကျတော့ အစိုးရရဲ့ ကြေညာချက်တွေကို လူတွေက ဒီလိုပါပဲကွာ။ ကြေညာပြီး လုပ်ချင်မှလည်း လုပ်တာပါဆိုပြီးတော့ ယုံကြည်မှုတွေ လျော့နည်းလာမှာပေါ့” ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ဒုတိယညွှန်ကြားရေးမှူးအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ဦးမြင့်ဆွေက  ထောက်ပြသည်။
မြန်မာနိုင်ငံတွင် စက်မှုဇုန်များကို ၁၉၉၅ ခုနှစ်က စတင်ဖွဲ့စည်းပေးခဲ့ပြီး အရေအတွက် အားဖြင့် ၂၁ ခုရှိနေကာ ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်တွင်မူ ၂၉ ခုအထိ ရှိနေသည်။ အဆိုပါ စက်မှုဇုန်များတွင် လုပ်ငန်းမဆောင်ရွက်သည့် မြေကွက်လွတ် ထောင်နဲ့ချီ ရှိနေပြီး ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်နေသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စက်မှုဇုန်ဖော်ထုတ်ပြီးသည့် မြေကွက် ၃၇၀၇၆ ရှိသော်လည်း လုပ်ငန်း မဆောင်ရွက်သည့် မြေကွက်လွတ်မှာ ၇၁၉၄ ကွက်အထိ ရှိနေ သည်။ ထိုသို့ လုပ်ငန်း မဆောင်ရွက်သည့် မြေကွက်လွတ် ၇၀၀၀ ကျော်တွင် ရန်ကုန် တိုင်းဒေသကြီး အတွင်းက စက်မှုဇုန်များမှာ ယခင်အစိုးရလက်ထက်က ၂၀၁၄ ခုနှစ် နိုဝင်ဘာတွင် လုံးဝမလုပ်သည့် စက်မှုဇုန် မြေကွက်ကို စာရင်းကောက်ယူခဲ့ရာ ဧက ပေါင်း ၄၄၁၈ ဧက၊ အကွက်အားဖြင့် ၂၃၃၉ ကွက် ရှိကာ ယင်းအထဲတွင်ဂိုဒေါင် ၁၂၉၉ လုံးပါ ဝင်ကြောင်းနှင့် ၎င်းတို့အား ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နောက်ဆုံးထား၍ လုပ်ကိုင်ခြင်း မရှိပါက သိမ်းယူမည်ဟု ထုတ်ပြန်ခဲ့သော်လည်း ယခင်အစိုးရက မလုပ်နိုင်ခဲ့ကြောင်း ဦးတင့်လွင်က ဆွေးနွေးထားသည်။
“အမှန်ကတော့ အရင်အစိုးရကလည်း အဲဒီလို အမိန့်တွေ ထုတ်ခဲ့တယ်။ ဒါပေမဲ့ လုပ် ငန်းရှင်တွေက ညည်းတွားကြတယ်။ အစိုးရကို တောင်းဆိုကြတယ်။ အဲဒါနဲ့ အစိုးရ လက်တွေ့မှာ ပြန်မသိမ်းခဲ့ဘူး။ ဒီအစိုးရကတော့ ပြောင်းလဲမယ်လို့ ပြောထားတဲ့ အစိုးရမို့လို့ တိတိကျကျ လုပ်မယ်လို့ထင်တယ်။ ဒီမြေတွေကို ပေးကတည်းက စက်မှုဇုန်တွေမှာ စီမံကိန်းတွေ အကောင်အထည်ဖော်ရမယ်။ မလုပ်လို့ရှိရင် မြေပြန်သိမ်းမယ်လို့ ပြောပြီးသား။ အဲဒီလို ပြောပြီးသားဖြစ်တဲ့အတွက် စီမံကိန်းတွေ မလုပ်နိုင်တဲ့အတွက်ကြောင့်မို့လို့ ဒီမြေတွေကို တကယ်လုပ်နိုင်မယ့် အသေးစားလုပ်ငန်း ရှင်တွေကို ပေးနိုင်ဖို့ လိုအပ်တယ်။ အန်တီတို့ ရန်ကုန်မြို့ရဲ့ ပြဿနာက ဒီလိုမျိုးမြေတွေကို လက်ဦးမှုယူသိမ်းထားပြီးတော့  ဘာစီမံကိန်းမှ မလုပ်၊ ပြည်သူလူထုအတွက်လည်း အကျိုးမရှိဘဲ ဖြစ်နေတယ်။ အခုကစပြီးတော့ တိတိကျ ကျလုပ်ဖို့လိုတယ်။ အန်တီကတော့ ဒီအစိုးရက ပြီးခဲ့တဲ့အစိုးရလိုမျိုး မဟုတ်ဘူးလို့ ယူဆတယ်။ အရင်အစိုးရက အစည်းအဝေးခေါ်လိုက်တဲ့အခါမှာ မျက်နှာနာရမယ့်သူတွေပါ လာပြီးတော့ ဒီမြေတွေကို ယူထားသူတွေက မျက်နှာနာရမယ့် လူတွေဖြစ်နေတော့ ဒါကို သေသေချာချာမလုပ်ခဲ့တာ။ အခုအစိုးရကို မေတ္တာရပ်ခံချင်တာကတော့ ပြည်သူလူထု မျက်နှာကိုပဲ ကြည့်ပါလို့ မေတ္တာရပ်ခံချင်ပါ တယ်” ဟု ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက မေတ္တာရပ်ခံ ပြောကြားသည်။
ရန်ကုန်မြို့ရှိ စက်မှုဇုန်များ၏ မြေကွက် ရာခိုင်နှုန်း ၄၀ ကျော်မှာ ကုမ္ပဏီကြီးတစ်ခု၊ လူတစ်ဦးတစ်ယောက်က သိမ်းပိုက်ကာ ဈေးကစားနေခြင်းဖြစ်ကြောင်း မြို့ပြပညာရှင် ဒေါက်တာကျော်လတ်က ပြောကြားထားသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အလုပ်မလုပ်သည့် စက်မှုဇုန်မြေကွက်များကို ပြန်လည်သိမ်းယူတော့မည်ဟု သတင်းထွက်ပေါ်နေပြီး လက်ရှိတွင် လုပ်ငန်းလုပ်ရန် မြေကွက်ဝယ်ယူထားပြီး အဆောက်အအုံ တည်ဆောက်ထားသော်လည်း လျှပ်စစ်မီး မရရှိသည့်အပြင် လုပ်ငန်းလုပ်ကိုင်ရန် အခြားအခက်အခဲများနှင့် ကြုံနေရကြောင်း စက်မှုဇုန်မှ မြေကွက်လွတ်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။
“သတိပေးစာတော့ မရောက်ဘူး။ ကျွန်တော်တို့ မြေတွေကိုလည်း ပြန်သိမ်းလို့မရ တော့ဘူး။ ကျွန်တော်တို့အကုန်လုံး ဂရန်တွေ ဖြစ်သွားကြပြီ။ စက်ရုံတွေဖြစ်သွားကြပြီ။ သူတို့က ပြီးခဲ့တဲ့အစိုးရတုန်းက စက်ရုံမဆောက်ရင် မြေပြန်သိမ်းမယ်ဆိုလို့ တော်တော်များများ ဆောက်လိုက်ကြပြီ။ ဆောက်လို့လည်းပြီးနေပြီ။ သို့သော် အားလုံးက စက်ရုံတွေပြီးသွားချိန်မှာ မီးမရှိဘူး။ လျှပ်စစ်မီးမရှိဘဲနဲ့ ကျွန်တော်တို့က ဘာနဲ့သွားလုပ်ရမှာလဲ။ အဲဒီ ပြဿနာကြောင့် အခု မီးပေးပါဆိုတော့လည်း MEPE ကလိုလို၊ ဇုန်တာဝန်ခံကလိုလိုနဲ့ ကျွန်တော်တို့ စက်ရုံပိုင်ရှင်တွေ အကုန်ဒုက္ခရောက်နေတယ်” ဟု ဇေကမ္ဘာ ရန်ကုန်စက်မှုဇုန်မှ လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

Most Read

Most Recent