ဆူဇူကီးဖလား ဆီမီးဖိုင်နယ် ဒုတိယမြောက်ပွဲဖြစ်တဲ့ မြန်မာနဲ့ထိုင်း အသင်းတို့ရဲ့ ပထမအကျော့ပွဲစဉ်မှာတော့ မြန်မာအသင်းဟာ ခံစစ်ပိုင်း အားနည်းချက်တွေနဲ့အတူ (ဝ-၂) ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ဗိုလ်လုပွဲတက်ဖို့ မျှော်လင့်ချက်က မှုန်ဝါးသွားခဲ့ပါတယ်။
မြန်မာအသင်းအနေနဲ့ ကိုယ့်မြေ၊ ကိုယ့်ပရိသတ်ရှေ့မှာ နိုင်ပွဲယူဖို့ ပြင်ဆင် ခဲ့ပေမယ့် ထိုင်းကစားသမားတွေနဲ့ တစ်ဦးချင်းအရည်အသွေး ကွာတဲ့အပြင် ခံစစ်အတွင်းလူတွေဖြစ်တဲ့ ဇော်မင်းထွန်း၊ ဖြိုးကိုကိုသိန်းတို့ရဲ့ အားနည်းချက်တွေကြောင့် ဂိုးတွေကို အလွယ်တကူခွင့်ပြုပေးခဲ့ရတယ်။ ဒီပွဲမှာ မြန်မာအသင်းက အောင်သူ၊ ကျော်ဇင်ဖြိုးတို့လောက်သာ အကောင်းဆုံးကစားနိုင်ခဲ့ပြီး ကျန်တဲ့သူတွေကတော့ ပုံမှန်အောက်သာ ကစားနိုင်ခဲ့ကြပါတယ်။
ထိုင်းအသင်းရဲ့အဖွင့်ဂိုးကို ပထမပိုင်း(၂၃)မိနစ်မှာ နာမည်ကျော် တိုက်စစ်မှူး သီယာဆေးဒန်ဒါကလွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေးကန်သွင်းခဲ့တာဖြစ်ပါ တယ်။ မြန်မာအသင်းအနေနဲ့ ထိုင်းဘက်ကို တိုက်စစ်ဆင်ဖို့ ကြိုးစားခဲ့ပေမယ့် တိုက်စစ်ပိုင်းမှာအောင်သူတစ်ယောက်တည်း ရုန်းကန်နေခဲ့ရသလို၊ ရရှိခဲ့တဲ့ ဂိုးသွင်းခွင့်အချို့ကိုလည်း အသုံးမချနိုင်ခဲ့ဘူး။ ဂိုးပေးခဲ့ရပြီး မိနစ်အနည်းငယ်အကြာမှာ မြန်မာတို့ ဂိုးသွင်းခဲ့ပေမယ့်လည်း လူကျွံနေခဲ့လို့ နစ်နာခဲ့ရတယ်။
ထိုင်းအသင်းဟာ နောက်ပိုင်းမှာ ပုံမှန်လောက်သာ ကစားခဲ့ပေမယ့် မြန်မာအသင်းက ဖိအားပေး ကစားနိုင်ခြင်းမရှိဘဲ ထိုင်းအသင်းရဲ့ ဂိုးသွင်းခွင့်တချို့ကိုတောင် ဂိုးသမားကျော်ဇင်ဖြိုး ကာကွယ်နိုင်ခဲ့လို့သာ ဒီ့ထက်ဂိုးမပြတ်တာပါ။ ထိုင်းအသင်းအတွက် ဒုတိယဂိုးကို (၅၅)မိနစ်မှာ သီယာဆေးဒန်ဒါကပဲ သွင်းယူခဲ့ပြီး ဒီဂိုးဟာ နောက်ခံလူဖြိုးကိုကိုသိန်းရဲ့ အားနည်းချက်ကြောင့် ပေးခဲ့ရတာလည်းဖြစ်ပါတယ်။ လက်ကျန်မိနစ်တွေမှာတော့ ထိုင်း အသင်းက အနိုင်ရလဒ်ထိန်းကစားခဲ့ပြီး မြန်မာအသင်းကလည်း ချေပဂိုး မသွင်းနိုင်ခဲ့လို့ (ဝ-၂) ရလဒ်နဲ့ပဲ ပွဲပြီးခဲ့တယ်။ မြန်မာနဲ့ထိုင်းအသင်းတို့ဟာ လာမယ့်ဒီဇင်ဘာ(၈)ရက်မှာ ဒုတိယအကျော့ပွဲအဖြစ် ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။