မြန်မာအသင်းနှင့် ထိုင်းအသင်းတို့သည် သမိုင်း အစဉ်အလာတစ်လျှောက် အကြိမ်ကြိမ် တွေ့ဆုံခဲ့ဖူးသော်လည်း ယခုဆူဇူကီးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ကျင်းပမည့် သုဝဏ္ဏကွင်း၌ တွေ့ဆုံမှုမှာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း လေးကြိမ်သာရှိခဲ့သည်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း မြန်မာ့လက်ရွေးစင်အသင်းနှင့် ထိုင်းလက်ရွေးစင်အသင်းတို့သည် သုဝဏ္ဏကွင်း၌ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်ပြီး မြန်မာအသင်းဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ရန် အရေးပါသည့် ပွဲစဉ်လည်း ဖြစ်သည်။
၂၀၀၀ ပြည့်နှစ်နောက်ပိုင်း သုဝဏ္ဏကွင်း၌ တွေ့ဆုံမှုမှတ်တမ်းများကိုပြန်ကြည့်လျှင် ၂၀၁၃ ဆီးဂိမ်းစ်ပြိုင်ပွဲ၊ ၂၀၁၄ အာရှ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ၊ ၂၀၁၁ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် ၂၀၀၃ အာဆီယံ ယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲတို့တွင် သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများ၌ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ယင်းလေးကြိမ်တွင် မြန်မာအသင်းက နှစ်ကြိမ်အနိုင်ရခဲ့ပြီး တစ်ကြိမ်သရေကျကာ တစ်ပွဲရှုံးနိမ့်ခဲ့သည်။ ၂၀၀၃ ခုနှစ်က ကျင်းပခဲ့သည့် အာဆီယံ ယူ-၁၈ ပြိုင်ပွဲတွင် ပရိသတ်များ၏ ကွင်းပြည့်ကွင်းလျှံ အားပေးမှုနဲ့အတူ မြန်မာအသင်းက (၅-၂)ဂိုးဖြင့် ဂိုးပြတ် အနိုင်ရခဲ့ပြီး ပရိသတ်များမှာ ပွဲကြည့်စင်အပြင် ကွင်းပြေးလမ်း၌ပင် အပြည့်အလျှံ အားပေးခဲ့သည်။ ၂၀၁၁ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် မြန်မာအသင်းမှာ ထိုင်းအသင်းကို (၂-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ၂၀၁၃ ဆီးဂိမ်းစ်ပြိုင်ပွဲ အုပ်စုတွင်း တွေ့ဆုံစဉ်က တစ်ဂိုးစီ သရေကျခဲ့သည်။ ဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် ထိုင်း ယူ-၂၃ အသင်းကို လက်ရှိ ထိုင်း လက်ရွေးစင် အသင်းနည်းပြချုပ် ကိုင်တီဆက်က ကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးတွေ့ဆုံခဲ့သည့်ပွဲမှာ ၂၀၁၄ အာရှ ယူ-၁၉ ချန်ပီယံ ရှစ်ပြိုင်ပွဲ အုပ်စုပွဲတွင်ဖြစ်ပြီး မြန်မာအသင်းက ငြိမ်းချမ်းအောင် (နှစ်ဂိုး)၊ အောင်သူတို့၏ သွင်းဂိုးများဖြင့် သုံးဂိုးပြတ်အနိုင်ရခဲ့သည်။ သုဝဏ္ဏကွင်း တွေ့ဆုံမှုတွင် ထိုင်းအသင်းကို အသာရထားသည့် မှတ်တမ်းကောင်းများကြောင့် ယခုအကြိမ် တွေ့ဆုံမည့်ပွဲတွင်လည်း မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် ထိုင်းကို ကျော်ဖြတ်နိုင်ရန် ပရိသတ်များ မျှော်လင့်နေကြသည်။
■ မြန်မာ-ထိုင်း ဆီမီးဖိုင်နယ်ပွဲတွင် စောင့်ကြည့်ရမည့် ကစားသမားများ
■ အောင်သူ
မြန်မာ ယူ-၁၉ အသင်းမှ ထွက်ပေါ်ခဲ့သည့် ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိ မြန်မာ့လက်ရွေးစင်အသင်း တိုက်စစ်တွင် အားကိုးနေရသည့် အဓိက,ကစားသမား တစ်ဦးဖြစ်သည်။ ပြိုင်ပွဲမတိုင်မီ ခြေစမ်းပွဲများတွင် ခြေစွမ်းပြနိုင်ခြင်း မရှိသောကြောင့် ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသော်လည်း ဆူဇူကီးပြိုင်ပွဲတွင် လက်ရွေးစင်အသင်း တိုက်စစ်မှူးအဖြစ် ထိုက်တန်ကြောင်း သွင်းဂိုးများနှင့်အတူ သက်သေပြနိုင်ခဲ့သည်။ ဗီယက်နမ်၊ ကမ္ဘောဒီးယားတို့နှင့်ပွဲများတွင် တစ်ဂိုးစီသွင်းယူနိုင်ခဲ့ပြီး ထိုင်း လက်ရွေးစင်အသင်းနှင့် ပထမဆုံးယှဉ်ပြိုင်ရမည့်ပွဲတွင် ဂိုးသွင်းယူနိုင်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ရမည်ဖြစ်သည်
► တီယာဆေးလ်ဒန်ဒါ
၂၀၀၇ ခုနှစ်တွင် ထိုင်းလက်ရွေးစင်စ ဖြစ်ခဲ့သည့် တိုက်စစ်မှူး တီယာဆေးလ်ဒန်ဒါသည် ဆူဇူကီးဖလား ပြိုင်ပွဲဝင်အသင်းတွင် အသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားနေသူဖြစ်သည်။ ၂၀၁၂ ခုနှစ် ဆူဇူကီးဖလား ပြိုင်ပွဲတွင် မြန်မာအသင်းဘက်သို့ ဟက်ထရစ်သွင်းယူခဲ့ဖူးသည့် တီယာဆေးလ်ဒန်ဒါသည် မြန်မာအသင်း ခံစစ်သတိထားရမည့် ကစားသမားတစ်ဦးဖြစ်ပြီး ယခုပြိုင်ပွဲတွင်လည်း သွင်းဂိုးသုံးဂိုးဖြင့် ဂိုးသွင်းအများဆုံး စာရင်းတွင် ဦးဆောင်နေသူဖြစ်သည်။ အသက် ၂၈ နှစ်အရွယ်ရှိ တီယာဆေးလ်ဒန်ဒါသည် နိုင်ငံတကာသွင်းဂိုး ၃၇ ဂိုး သွင်းယူထားနိုင်သူ ဖြစ်သည်။
■ ဒေးဗစ်ဒန်း
အလယ်တန်းနှင့် နောက်တန်းအစွန်လူအဖြစ် ကစားနိုင်သည့် ဒေးဗစ်ဒန်းသည် ယခုပြိုင်ပွဲတွင် ကွင်းလယ်တောင်ပံ၌ ဆက်တိုက်ကစားခွင့်ရခဲ့ပြီး ခြေစွမ်းပြသနေသူဖြစ်သည်။ တစ်ပွဲထက်တစ်ပွဲ ကစားပုံပိုကောင်းခဲ့သလို မလေးရှားအသင်းနှင့် အုပ်စုနောက်ဆုံးပွဲတွင် အရေးပါသည့်အနိုင်ဂိုး သွင်းယူခဲ့သူ ဖြစ်သည်။ ပြိုင်ပွဲကြီးများတွင် ဂိုးသွင်းယူနိုင်မှု နည်းပါးခဲ့သည့် ဒေးဗစ်ဒန်းသည် မလေးရှားနှင့်ပွဲတွင် ဂိုးသွင်းယူပြီးနောက်ပိုင်း ပြိုင်ဘက် ထိုင်းအသင်းအတွက် သတိထားရမည့် ကစားသမား တစ်ဦးဖြစ်လာခဲ့သည်။ ခန္ဓာကိုယ်သေးငယ်သော်လည်း ၎င်း၏တိုးအားကြောင့် ထိုင်းခံစစ် အခက်တွေ့ဖွယ်ရှိနေသည်။
► ဆာရာဝပ်
ယခုပြိုင်ပွဲတွင် ထိုင်းအသင်း၌ အရန် ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရခဲ့သော်လည်း အရေးပါသည့် သွင်းဂိုးများကြောင့် နာမည်ကြီးလာခဲ့သူဖြစ်သည်။ အဓိက,ကစားသမားများ ဂိုးပေါက်ပျောက်ဆုံးနေချိန်တွင် ရာနှုန်းပြည့်နိုင်ပွဲရရှိရန် သွင်းဂိုးများဖြင့် အထောက်အကူပြုခဲ့ပြီး စင်ကာပူ၊ ဖိလစ်ပိုင် အသင်းတို့နှင့်ပွဲများတွင် တစ်လုံးတည်းသော အနိုင်ဂိုးများ သွင်းယူခဲ့သူဖြစ်သည်။ မြန်မာနိုင်ငံ၌ ကျင်းပခဲ့သည့် ၂၀၁၃ ဆီးဂိမ်းစ်ပြိုင်ပွဲ ရွှေတံဆိပ်ဆုရရှိခဲ့သည့် ထိုင်းအသင်းတွင် ပါဝင်ခဲ့သူဖြစ်ပြီး မြန်မာနိုင်ငံသို့ တစ်ကျော့ပြန်လာရောက်ယှဉ်ပြိုင်ရာတွင် ခြေစွမ်းပြနိုင်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ရမည်ဖြစ်သည်။
၂၀၀၀ ပြည့်နှစ်နောက်ပိုင်း သုဝဏ္ဏကွင်း၌ မြန်မာနှင့် ထိုင်းအသင်းတို့၏ တွေ့ဆုံမှုများနှင့် ဆီမီးဖိုင်နယ်ပွဲတွင် စောင့်ကြည့်ရမည့် ကစားသမားများ