■ ပရီးမီးယားလိဂ်ပွဲစဉ်များ အကြိုသုံးသပ်ချက်
■ မန်စီးတီး နှင့် ချယ်လ်ဆီး (၃-၁၂-၂၀၁၆ စနေ ည ရး၀၀)
ယမန်နှစ်ရလဒ် >> မန်စီးတီး ၃-၀ ချယ်လ်ဆီး
မန်စီးတီးက ပဲလေ့စ်၊ ဘန်လေတို့လို အသင်းငယ်တွေကိုတောင် အနိုင်ရဖို့ ရုန်းကန်ခဲ့ရတယ်။ အသင်းရဲ့ အကောင်းဆုံး အတွဲအဖက် ပျောက်ဆုံးနေပြီး ခံစစ်ပိုင်းလည်း စိတ်မချရဘူး။ အီတီဟတ် နောက်ဆုံး ခုနစ်ကြိမ် တွေ့ဆုံမှုမှာ မန်စီးတီး ငါးပွဲအထိ နိုင်ခဲ့ပေမယ့် လက်ရှိ ခုနစ်ပွဲဆက်နိုင်ပွဲရထားတဲ့ ချယ်လ်ဆီးကိုပဲ ရွေးချင်တယ်။
■ ခရစ္စတယ်ပဲလေ့စ် နှင့် ဆောက်သမ်တန် (၃-၁၂-၂၀၁၆ စနေ ည ၉း၃၀)
ယမန်နှစ်ရလဒ် >> ပဲလေ့စ် ၁-၀ ဆောက်သမ်တန်
ခရစ္စတယ်ပဲလေ့စ်က ပရီးမီးယားလိဂ် နောက်ဆုံး ခြောက်ပွဲဆက် ရှုံးပွဲကြုံထားပြီး ၂၀၁၆ ခုနှစ်အတွင်းမှာလည်း လိဂ်ပွဲ ငါးပွဲပဲ အနိုင်ရခဲ့တယ်။ ပုံမှန်ဆိုရင် ဆောက်သမ်တန်လည်း အဝေးကွင်းညံ့တဲ့ အသင်းဖြစ်ပေမယ့် ကြားရက်က လိဂ်ဖလားမှာ အာဆင်နယ်ကွင်းမှာ အနိုင်ရပြီး ယုံကြည်မှု မြင့်တက်လာတယ်။ ဆောက်သမ်တန်ကို ကြိုက်ပါတယ်။
■ စတုတ်စီးတီး နှင့် ဘန်လေ (စနေ ည ၉း၃၀)
နောက်ဆုံးရလဒ် >> စတုတ်စီးတီး ၁-၂ ဘန်လေ
စတုတ်စီးတီးရဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ရှစ်ပွဲမှာ ရှုံးပွဲတစ်ပွဲပဲ ရှိခဲ့တယ်။ တိုက်စစ်မှာ လူစုံနေပြီး ဘိုနီ၊ ရှာကီရီ၊ အယ်လန်တို့ တစ်လှည့်စီ ခြေစွမ်းပြနေတယ်။ ခံစစ်ပိုင်းကတော့ ရှောခရော့ခ် မကစားနိုင်ရင် လျော့ရဲနိုင်တယ်။ ဒါပေမဲ့ ဘန်လေက အဝေးကွင်း ငါးပွဲမှာ လေးပွဲ ဂိုးပေါက်ပျောက်ခဲ့တဲ့ အသင်းပါ။ စတုတ်စီးတီးကိုပဲ ရွေးချယ်ရမယ်။
■ ဆန်းဒါးလန်း နှင့် လက်စတာ (၃-၁၂-၂၀၁၆ စနေ ည ၉း၃၀)
ယမန်နှစ်ရလဒ် >> ဆန်းဒါးလန်း ဝ-၂ လက်စတာ
လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဆန်းဒါးလန်း ခြေစွမ်းပိုင်း မရှုံးခဲ့ဘူး။ ရှေ့က နှစ်ပွဲဆက်နိုင်ခဲ့တဲ့ ခြေစွမ်းကို ထိန်းထားတုန်းပဲ။ လက်စတာက ဒီရာသီ အဝေးကွင်း ခြောက်ပွဲမှာ တစ်မှတ်ပဲ ယူနိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့တဲ့ ခြောက်ပွဲမှာ ပွဲတိုင်း နှစ်ဂိုးနဲ့အထက် ပေးခဲ့ရတယ်။ ဒီပွဲမှာလည်း ဆန်းဒါးလန်းရဲ့ အိမ်ကွင်းရုန်းကန်အားကြောင့် လက်စတာ နိုင်ပွဲပျောက်ဦးမယ်။
■ စပါး နှင့် ဆွမ်ဆီး (၃-၁၂-၂၀၁၆ စနေ ည ၉း၃၀)
ယမန်နှစ်ရလဒ် >> စပါး ၂-၁ ဆွမ်ဆီး
ပြီးခဲ့တဲ့ ပွဲစဉ်-၁၃ မှာ စပါး ရှုံးပွဲစတွေ့သွားပြီး ဆွမ်ဆီးကတော့ နည်းပြ ဘရက်ဒလေ လက်ထက်မှာ ပထမဆုံး နိုင်ပွဲရခဲ့တယ်။ ဒီပွဲမှာတော့ စပါးရဲ့ ပေါက်ကွဲအားကို ပြန်လည်မြင်တွေ့ရဖို့ ရှိတယ်။ ပြိုင်ပွဲစုံမှာ နှစ်သင်းဆုံ တွေ့ခဲ့တဲ့ ကိုးပွဲမှာလည်း စပါး ရှစ်ပွဲအထိ အနိုင်ရခဲ့တာပါ။ စပါးပဲနိုင်ဖို့များပြီး ဂိုးလည်း ပြတ်သွားနိုင်တယ်။
■ ဝက်စ်ဘရွန်း နှင့် ဝက်ဖို့ဒ် (၃-၁၂-၂၀၁၆ စနေ ည ၉း၃၀)
ယမန်နှစ်ရလဒ် >> ဝက်စ်ဘရွန်း ၁-၂ ဝက်ဖို့ဒ်
ဝက်စ်ဘရွန်း ခြေတက်နေပြီး တိုက်စစ်ပိုင်းလည်း ဂိုးမြူးနေတယ်။ အထူးသဖြင့် ခြေစွမ်းပြနေတဲ့ မတ်ဖိလစ်ရဲ့ တောင်ပံကို ဝက်ဖို့ဒ်ခံစစ် မထိန်းချုပ်နိုင်ရင် ဝက်စ်ဘရွန်း စိတ်ကြိုက်ဖြစ်သွားလိမ့်မယ်။ ဝက်ဖို့ဒ်က အိမ်ကွင်းမာတဲ့ အသင်းနဲ့တွေ့ရင် ဂိုးပေါက်ပျောက်တတ်တယ်။ သရေကျနိုင်ခြေရှိပြီး အနိုင်ဆိုရင်တော့ အိမ်ရှင် ဝက်စ်ဘရွန်းပါပဲ။
■ ဝက်စ်ဟမ်း နှင့် အာဆင်နယ် (၃-၁၂-၁၆ စနေ ည ၁၂း၀၀)
ယမန်နှစ်ရလဒ် >> ဝက်စ်ဟမ်း ၃-၃ အာဆင်နယ်
မန်ယူနဲ့ နှစ်ပွဲဆက် ကစားပြီးနောက်မှာ ဝက်စ်ဟမ်း ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်သွားရတယ်။ ဆာခို၊ အန်တိုနီယို၊ ခရက်စ်ဝဲလ်တို့လို အားထားရတဲ့ ကစားသမားတွေ ပါဝင်ဖို့ မသေချာပါဘူး။ ဒါဘီပြိုင်ဘက် အာဆင်နယ်ကိုလည်း ပြိုင်ပွဲစုံ နောက်ဆုံး ၁၇ ပွဲမှာ ဝက်စ်ဟမ်း တစ်ပွဲပဲနိုင်ခဲ့တယ်။ အာဆင်နယ်ကို ရွေးချယ်ချင်ပါတယ်။
■ ဘုန်းမောက် နှင့် လီဗာပူးလ် (၄-၁၂-၁၆ တနင်္ဂနွေ ည ၈း၀၀)
ယမန်နှစ်ရလဒ် >> ဘုန်းမောက် ၁-၂ လီဗာပူးလ်
ဘုန်းမောက်က ခြေစွမ်းအတက်အကျ များတယ်။ ခြေစွမ်းကောင်းတဲ့ ပွဲတချို့ ရှိပေမယ့် အသင်းကြီးတွေနဲ့တွေ့တိုင်း ပြိုလဲသွားတာ တွေ့ရတယ်။ လီဗာပူးလ်မှာ ကော်တင်ဟို မပါဘူး။ လယ်လာနာ မသေချာဘူး။ ဒါပေမဲ့ လီဗာပူးလ်က ရသင့်ရထိုက်တဲ့ အမှတ်ကို ရအောင်ယူတတ်တယ်။ လီဗာပူးလ် ကပ်နိုင်ပြီး သုံးမှတ်ပြည့် ယူသွားလိမ့်မယ်။
■ အဲဗာတန် နှင့် မန်ယူ (၄-၁၂-၁၆ တနင်္ဂနွေ ည ၁၀း၃၀)
ယမန်နှစ်ရလဒ် >> အဲဗာတန် ဝ-၃ မန်ယူ
အဲဗာတန်ခြေပျက်နေပြီး ပြိုင်ပွဲစုံနောက်ဆုံး ကိုးပွဲမှာ နိုင်ပွဲတစ်ပွဲပဲ ရှိခဲ့တယ်။ လူကာကူ၊ ဘိုလာဆီ၊ ဘာကလေတို့ တိုက်စစ်လည်း ဂိုးရဖို့ ရုန်းကန်နေရတယ်။ မန်ယူကတော့ လူထုတ်ပုံ မှန်ကန်ဖို့ လိုအပ်နေတယ်။ ရပ်ရှ်ဖို့ဒ်၊ လင်ဂတ်တို့အတွဲ ပွဲထွက်လာရင် အနိုင်ရဖို့ ခက်ခဲနိုင်တယ်။ မစ်ခီတာရီယန်၊ မာစီယဲလ်တို့နဲ့ ဆိုရင်တော့ မန်ယူ နိုင်လိမ့်မယ်။
■ မစ်ဒယ်ဘရော့ နှင့် ဟားလ်စီးတီး (၆-၁၂-၁၆ အင်္ဂါ နံနက် ၂း၃၀)
ယမန်နှစ်ရလဒ် >> မစ်ဒယ်ဘရော့ ၁-၀ ဟားလ်စီးတီး
နှစ်သင်းစလုံး နိုင်ပွဲရဖို့ ခက်ခဲနေတယ်။ ဒါပေမဲ့ မစ်ဒယ်ဘရော့က ကစားပုံကောင်းပြီး နိုင်ပွဲနဲ့ တစ်စတစ်စ နီးကပ်လာတယ်။ နှစ်သင်းတွေ့ဆုံမှုတွေမှာတော့ တစ်ဖက်သွင်းပွဲတွေ များတယ်။ ဒီတော့ ဦးဆောင်ဂိုးသွင်းနိုင်ဖို့ အရေးကြီးတယ်။ ဟားလ်စီးတီး တိုက်စစ်က ဒဏ်ရာနဲ့ ပွဲပယ်ပြဿနာ ရှိနေတယ်။ မစ်ဒယ်ဘရော့ကိုပဲ ရွေးချယ်ရမယ်။
■ လာလီဂါပွဲစဉ်များ အကြိုသုံးသပ်ချက်
■ ဂရန်နာဒါ နှင့် ဆီဗီလာ (စနေည ၆း၃၀ နာရီ)
ဒီပွဲအပြီး ချန်ပီယံလိဂ်ပွဲနွှဲဖို့ ရှိနေတဲ့ ဆီဗီလာကို သတိထားရမယ်ထင်တယ်။ ဂရန်နာဒါအတွက် အမှတ်ပေးဇယားအောက်ဆုံးမှ ရုန်းထွက်နေရတဲ့ အချိန်ဖြစ်နေပြီး အိမ်ကွင်းလည်း ဖြစ်နေတယ်။ ဂရန်နာဒါနဲ့ ဂိုးအနည်းပဲ ရွေးထားချင်တယ်။
■ ဘာစီလိုနာ နှင့် ရီးယဲလ် (စနေည ၉း၄၅ နာရီ)
ဒီပွဲအနေအထားက မက်ဒရစ်ဒါဘီ အနေအထားလို ဖြစ်နေတယ်။ ရီးယဲလ်မက်ဒရစ်ဟာ အက်သလက်တီကိုနဲ့ အဝေးကွင်းမှာ မကစားရမီ အက်သလက်တီကို,ကို (၆) မှတ်ဖြတ်ထားနိုင်လို့ အက်သလက်တီကိုအတွက် မနိုင်လို့မဖြစ်တဲ့ပွဲ ဖြစ်ခဲ့ပေမယ့် တကယ်ကစားတော့ အက်သလက်တီကိုဟာ ရီးယဲလ်ကို မတားဆီးနိုင်ခဲ့ဘူး။ အခုလည်း နူးကမ့်မှာ မကစားမီ ရီးယဲလ်ဟာ ဘာစီလိုနာကို (၆) မှတ်ဖြတ်ထားနိုင်ပြန်ပါပြီ။ ဒါကြောင့် ဘာစီလိုနာအတွက် ဒီပွဲကို အရေးနိမ့်သွားခဲ့ရင် ရီးယဲလ်နဲ့ (၉) မှတ်အထိ ကွာဟဖို့ ရှိနေပြန်ပါတယ်။ ဒါကြောင့် ဘာစီလိုနာအတွက်လည်း ဒီပွဲက မနိုင်မဖြစ် ကစားရဦးမယ့်ပွဲ ဖြစ်နေပါတယ်။ လက်ရှိအချိန်မှာ ဘာစီလိုနာရဲ့ MSN က ဂိုးရဖို့ ရုန်းကန်နေရချိန်မှာ စီရော်နယ်လ်ဒိုက ဂိုးသွင်းစွမ်းရည်ပြနေတဲ့ အချိန်ဖြစ်နေတယ်။ ဒီပွဲက ရီးယဲလ်အတွက် သရေကျရင်တောင် အခြေအနေကောင်းနေလို့ ထိန်းကစားရမယ့် ပွဲမျိုးဖြစ်ပြီး ဘာစီလိုနာက နိုင်မှဖြစ်မယ့် အနေအထားမို့ ဖွင့်တိုက်ရမယ့် ပွဲမျိုးပါပဲ။ ဒီတော့ အခုပွဲမှာ အက်သလက်တီကိုနဲ့ ပွဲတုန်းကလိုမျိုး ရီးယဲလ် လုပ်ပြနိုင်စွမ်းရှိ၊ မရှိက ဒီပွဲရဲ့အဖြေ ဖြစ်လာမယ်ထင်တယ်။ နူးကမ့်မှာဆိုတော့လည်း ဘာစီလိုနာနဲ့ပဲ စွန့်စားကြည့်ရမယ့်ပွဲ ဖြစ်နေတယ်။
■ လီဟာနက်စ် နှင့် ဗီလာရီးယဲလ် (စနေည ၁၂း၀၀ နာရီ)
အခုတလော ဗီလာရီးယဲလ်ရဲ့ လာလီဂါခြေစွမ်းက ပုံမှန်မရှိဘူး။ ဒါပေမဲ့ လီဟာနက်စ်ကလည်း အိမ်ကွင်းမှာ သမ္ဘာပိုရှိတဲ့ အသင်းတွေကို မထိန်းနိုင်ဘူး။ ဒါကြောင့် နိုင်ပွဲပြန်ရှာမယ့် ဗီလာရီးယဲလ်ကိုပဲ ရွေးထားချင်တယ်။ ဂိုးလည်း များသွားနိုင်တယ်။
■ အက်သလက်တီကို နှင့် အက်စ်ပန်ညို (တနင်္ဂနွေနံနက် ၂း၁၅ နာရီ)
အိုဆာဆူနာနဲ့ ပွဲတုန်းက နိုင်ပွဲပြန်ရခဲ့ပေမယ့် အခုအက်စ်ပန်ညိုနဲ့ ပွဲကတော့ အက်သလက်တီကိုအတွက် စိန်ခေါ်မှုရှိနေတဲ့ ပွဲဖြစ်နေသေးတယ်။ အက်စ်ပန်ညိုက လက်ရှိအချိန်မှာ ခံစစ်ပုံစံကောင်းကို ပြနေသပြီး နောက်ဆုံး (၇) ပွဲမှာ (၁) ပွဲပဲ ဂိုးပေးထားရတယ်။ အက်သလက်တီကိုအသင်း တိုက်စစ်ကလည်း နောက်ဆုံး (၃) ပွဲမှာ (၂)ပွဲက ဂိုးမရခဲ့ဘူး။ ဒါကြောင့် အခုပွဲဟာ အက်သလက်တီကို အသင်းရဲ့တိုက်စစ်ကို စမ်းသပ်မယ့်ပွဲမျိုး ဖြစ်နေတယ်။ ခံစစ်ပိုင်း အားကောင်းနေပေမယ့် အက်စ်ပန်ညိုအသင်းရဲ့ တိုက်စစ်ပိုင်းကတော့ အားရစရာ မရှိလှဘဲ နောက်ဆုံး (၇) ပွဲမှာ ဂိုးသွင်းနိုင်တဲ့ပွဲက (၄) ပွဲပဲရှိပြီး (၃) ပွဲ ဂိုးမသွင်းနိုင်ခဲ့ဘူး။ ဂိုးသွင်းနှုန်းကလည်း ပုံမှန်မရှိလှလို့ အက်သလက်တီကို အသင်းရဲ့ ခံစစ်ကို ခြိမ်းခြောက်နိုင်ဖို့ အက်စ်ပန်ညိုတိုက်စစ်က အားနည်းလွန်းနေတယ်လို့ ပြောနိုင်တယ်။ ဒီတော့ ဒီပွဲက အက်သလက်တီကိုရဲ့ အိမ်ကွင်းအားကို အက်စ်ပန်ညိုခံစစ် ဘယ်လောက်ထိတောင့်ခံနိုင်မလဲ ဆိုတာပဲ စောင့်ကြည့်ရမယ့်ပွဲမျိုး ဖြစ်လာတယ်။ အက်သလက်တီကိုဟာ အိမ်ကွင်းနောက်ဆုံး (၅) ကြိမ်မှာလည်း အက်စ်ပန်ညိုကို အနိုင်ကစားထားတာ တွေ့ရတယ်။ ဒီပွဲလည်း အက်သလက်တီကိုနဲ့ ဂိုးအနည်းပါပဲ။