ထိုင်းလက်ရွေးစင်အသင်းသည် မြန်မာအသင်းနှင့် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့ ယှဉ်ပြိုင်ကစားရန်အတွက် ဒီဇင်ဘာ ၁ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ထိုင်းလက်ရွေးစင်အသင်းတွင် နည်းပြချုပ် ကိုင်တီဆက် ဦးဆောင်၍ နာမည်ကြီး ကစားသမားများဖြစ်သည့် တီယာဆေးလ်ဒန်ဒါ၊ ချာနာသစ် စသည့် ကစားသမားများ လိုက်ပါလာသည်။
ထိုင်းလက်ရွေးစင်အသင်း နည်းပြချုပ် ကိုင်တီဆက်က ဆီမီးဖိုင်နယ်တွင် တွေ့ဆုံနေသည့် မြန်မာအသင်းမှာ အသင်းကောင်း တစ်သင်းဖြစ်သောကြောင့် သတိထား ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ “ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့တဲ့ မြန်မာအသင်းရဲ့စွမ်းဆောင်ရည်ကို ချီးကျူးဂုဏ်ပြုပါတယ်။ မြန်မာအသင်းမှာ ကစားသမားကောင်းတွေ အများကြီးရှိပြီး ဒုက္ခပေးနိုင်တဲ့ အသင်းပါ။ ဒီလိုအသင်းမျိုးနဲ့ ကစားခွင့်ရတဲ့အတွက် ကျေနပ်ပါတယ်။ မြန်မာအသင်းဟာ အသင်းကောင်းတစ်သင်း ဖြစ်တဲ့အတွက် သတိထား ယှဉ်ပြိုင်ရမှာပါ။ ကျွန်တော်တို့ကတော့ အိမ်ကွင်းဖြစ်ဖြစ်၊ အဝေးကွင်းဖြစ်ဖြစ် အကောင်းဆုံးယှဉ်ပြိုင် မှာပါ။ မြန်မာအသင်းမှာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့တဲ့ ကစားသမားအများစု ပါဝင်နေတဲ့အပြင် သူတို့ကွင်းမှာ ကစားရမှာဖြစ်တာကြောင့် ပိုပြီးခက်ခဲမှာပါ။ အကောင်းဆုံး ကစားနိုင်မယ့် ၁၁ ဦးကို အသုံးပြုမှာဖြစ်ပြီး တိုက်စစ်အသားပေးပုံစံနဲ့ ယှဉ်ပြိုင်မှာပါ” ဟု ကိုင်တီဆက်က ပြောကြားခဲ့သည်။
ထိုင်းလက်ရွေးစင်အသင်းသည် ဒီဇင်ဘာ ၁ ရက် ညနေပိုင်းမှစ၍ လေ့ကျင့်မှုများပြုလုပ်လျက်ရှိပြီး မြန်မာအသင်းနှင့် ဆီမီးဖိုင်နယ်ပွဲ မတိုင်မီ ရန်ကုန်မြို့၌ လေ့ကျင့်ပြင်ဆင်ချိန် သုံးရက် ရရှိမည်ဖြစ်သည်။
မြန်မာအသင်းနှင့် ထိုင်းအသင်းသည် ဆူဇူကီးဖလားပြိုင်ပွဲတွင် သုံးကြိမ်ဆက်တိုက် တွေ့ဆုံခြင်းဖြစ်ပြီး နောက်ဆုံးတွေ့ဆုံခဲ့သည့် နှစ်ကြိမ်တွင် ထိုင်းအသင်းက အနိုင်ရထားသည်။
မြန်မာအသင်းနှင့် ဆူဇူကီးပြိုင်ပွဲ ဆီမီးဖိုင်နယ်ကစားရန် ထိုင်းလက်ရွေးစင်အသင်း ရောက်ရှိ မြန်မာအသင်းမှာ အသင်းကောင်းတစ်သင်းဖြစ်၍ သတိထား ယှဉ်ပြိုင်ရမည်ဟု ကိုင်တီဆက် ပြောကြား
ထိုင်းလက်ရွေးစင်အသင်းနည်းပြချုပ် ကိုင်တီဆက် (ယာ) ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)