ငါးခူရကျေးရွာသား တစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးမှုဖြစ်စဉ် အမှန်ပေါ်ပေါက်ရေး နယ်မြေခံရဲတပ်ဖွဲ့ တာဝန်ရှိသူများအား အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်

ငါးခူရကျေးရွာသား တစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးမှုဖြစ်စဉ် အမှန်ပေါ်ပေါက်ရေး နယ်မြေခံရဲတပ်ဖွဲ့ တာဝန်ရှိသူများအား အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်
Published 1 December 2016

ငါးခူရကျေးရွာသား တစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးမှုဖြစ်စဉ် အမှန်ပေါ်ပေါက်ရေး ရဲဒုတိယတပ်ကြပ် တစ်ဦးနှင့် နယ်မြေခံ ရဲတပ်ဖွဲ့ တာဝန်ရှိသူများအား အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက နိုဝင်ဘာ ၃၀ ရက်တွင် သတင်းထုတ် ပြန်သည်။
အဆိုပါထုတ်ပြန်ချက်တွင် ငါးခူရကျေးရွာရဲစခန်း တောင်ဘက် လေးဖာလုံအကွာတွင် လူတစ်ဦး သေနတ်ဒဏ်ရာဖြင့် မှောက်လျက် သေဆုံးလျက်ရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက နိုဝင်ဘာ ၂၈ ရက် ညနေ ၆ နာရီ မိနစ် ၅၀ တွင် ငါးခူရနယ်မြေရဲစခန်းသို့ လာရောက် သတင်းပို့ခဲ့ရာ ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြပါရှိသည်။
သေဆုံးသူမှာ ငါးခူရကျေးရွာအုပ်စု တောင်ရွာနေ မိုဟာမတ်အာနော့စ် ဖြစ်ပြီး သေဆုံးမှုနှင့် ပတ်သက်၍ မျက်မြင်တွေ့ရှိသူများအား စစ်ဆေးရာ မြို့သစ်ရဲကင်းစခန်းမှ ရဲဒုတိယတပ်ကြပ် ဝေယံလင်းသည် ရွာလယ် လမ်းမရှိ ယာဆိန်း၏ ကွမ်းယာဆိုင်အနီးတွင် ဆေးလိပ်သောက်နေစဉ် မျက်နှာချင်းဆိုင်လမ်းဘက်မှ ဖုန်းနှိပ်၍ လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦးအား တွေ့ရသဖြင့် ဘင်္ဂါလီစကားဖြင့် လှမ်းခေါ်ခဲ့ရာ ၎င်းမှာ ပြန်လှည့် ထွက်ပြေးသွားသဖြင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထိုသို့ သေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေး ရဲဒုတိယတပ်ကြပ် ဝေယံလင်း အပါအဝင် နယ်မြေခံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် မောင်တောမြို့၌ အကြမ်းဖက်မှုတွင် ပါဝင်သူ မောင်တောမြို့နယ် ရွှေဇားအလယ်ရွာနေ နူရ်လာမိန် (၃၀) နှစ်အား နိုဝင်ဘာ ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင် မောင်တောမြို့မဈေးကြီးအတွင်း ဖမ်းဆီးရမိခဲ့ပြီး ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent