ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု (MDCF) အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်အား နိုဝင်ဘာ ၃၀ ရက်တွင် ရန်ကင်းမြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ရပ်ကွက်ပိုင် အားကစားကွင်းအား လုပ်ငန်းရှင်တစ်ဦးမှ ဝယ်ယူခြံခတ်ထားခြင်းကို MDCF ခေါင်းဆောင် ကိုထင်ကျော်နှင့် ရပ်ကွက်နေ ပြည်သူသုံးဦးက ခြံစည်းရိုးများကို ဖျက်ဆီးခဲ့သည်ဟုဆိုကာ ပိုင်ရှင်ဖြစ်သူ ဦးမြင့်ဝေက တရားစွဲဆိုထားသည့်အမှုအတွက် ရုံးထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ရုံးထုတ်ရာတွင် ရဲအင်အားမှာ ယခင် ရုံးချိန်းများထက် များပြားစွာ အသုံးပြုခဲ့ကာ တရားရင်ဆိုင်ပြီးနောက် မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မပေးခဲ့ဘဲ အင်းစိန်အကျဉ်းထောင်သို့ ချက်ချင်း ပို့ဆောင်ခဲ့ကြောင်း သိရသည်။
“ ဒီနေ့ တရားရုံးမှာ လုံခြုံရေးအင်အားကို လိုတာထက်ပိုပြီး ချထားတာကို တွေ့ရပါ တယ်။ တရားရုံးတက်ပြီး ကိုထင်ကျော်က ထမင်းစားခွင့်ပေးဖို့ တောင်းဆိုတာကို ခွင့်မပြုဘဲ ရဲတွေက အချုပ်ကားပေါ် အတင်းဆွဲပြီး အင်းစိန်ထောင်ကို နံနက်ပိုင်းအတွင်း ချက်ချင်း ပို့ဆောင်ခဲ့တယ်”ဟု ကိုထင်ကျော်၏ ဇနီးဖြစ်သူက နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြားသည်။
ယခင် မြောက်ဥက္ကလာပမြို့နယ် တရားရုံးတွင် တရားရင်ဆိုင်နေရသည့် ကိုထင်ကျော် အပါအဝင် လေးဦးတို့အမှုအား ရုံးပြောင်းလဲ စစ်ဆေးပေးပါရန် မြောက်ဥက္ကလာပမြို့နယ် တရားသူကြီးက အရှေ့ပိုင်းခရိုင်တရားရုံးသို့ လျှောက်ထားသဖြင့် အမှုအား ရန်ကင်းမြို့နယ်တရားရုံး၌ ဆက်လက် စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။
အမှုနှင့် ပတ်သက်၍ ကိုထင်ကျော် အပါအဝင် ဦးဘဲလာ၊ ဦးရဲလေး၊ ဒေါ်မေမေရင်တို့အား ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇၊ အများအကျိုးဖျက်ဆီးမှု ပုဒ်မ ၄၂၇ တို့ဖြင့် စွဲချက်တင် အမိန့်ချမှတ်ထားကြောင်း သိရသည်။
ထို့ပြင် ကိုထင်ကျော်မှာ မြောက်ဥက္ကလာပမြို့နယ် တရားရုံးတွင် ပုဒ်မ ၅၀၅ (က) ဖြင့် လည်းကောင်း၊ ကျောက်တံတားမြို့နယ် ရဲစခန်းတွင်လည်း ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ ဖြင့် လည်းကောင်း အမှုဖွင့်ခံထားရကြောင်း (MDCF)အဖွဲ့ဝင်များထံမှ သိရသည်။
MDCF အဖွဲ့ခေါင်းဆောင် ကိုထင်ကျော် ရုံးထုတ်တွင် လုံခြုံရေးအင်အား ယခင်ထက် ပိုမိုအသုံးပြုခဲ့ပြီး မိသားစုဝင်များနှင့် တွေ့ခွင့်မပေးဘဲ အင်းစိန်ထောင်သို့ ချက်ချင်းပို့ဆောင်