နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား Facebook တွင် အပုပ်ချ ဝေဖန်မှုကြောင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခံရသော ငဖာအကောင့်ပိုင်ရှင်အား ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေ နှစ်ဦးကို စစ်ဆေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား Facebook တွင် အပုပ်ချ ဝေဖန်မှုကြောင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခံရသော ငဖာအကောင့်ပိုင်ရှင်အား ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေ နှစ်ဦးကို စစ်ဆေး
Published 1 December 2016
ဉာဏ်ဝင်းရှိန်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား Facebook တွင် အပုပ်ချဝေဖန်သည့် ပို့စ်တင်သည်ဟု ဆိုကာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲခံရသော ငဖာအကောင့်ပိုင်ရှင်အား နိုဝင်ဘာ ၃၀ ရက်က မြောက်ဒဂုံမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ကြောင်း သိရသည်။
ယင်းနေ့ရုံးချိန်းတွင် တရားလိုပြသက်သေ နှစ်ဦးအဖြစ် ငဖာအကောင့်ပိုင်ရှင် ကိုဇော်ဇော်အား ရဲတပ်ဖွဲ့မှ ၎င်း၏ နေအိမ်သို့ သွားရောက် ဖမ်းဆီးစဉ် လက်ကိုင်ဖုန်းအား သိမ်းဆည်းရာ၌ ရှာဖွေသက်သေအဖြစ် ပါဝင်ခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးနှင့် အမှုစစ်ရဲအရာရှိအား စစ်ဆေးခဲ့သည်။
တရားလိုပြ သက်သေအဖြစ် စစ်ဆေးခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ၎င်းအိမ်၌ ရှိနေစဉ် ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ လာရောက်ခေါ်ဆောင်၍ စွပ်စွဲခံရသူ၏ နေအိမ်သို့ သွားရောက်ခဲ့ကြောင်း၊  စွပ်စွဲခံရသူ၏ လက်ကိုင်ဖုန်းအား သိမ်းဆည်းစဉ်က သက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့ကြောင်းနှင့် သိမ်းဆည်းခဲ့သည့် ဖုန်းမှာ မည်သည့်အမျိုးအစား၊ မည်သည့်အရောင်ဖြစ်သည်ကို မမှတ်မိကြောင်း ထွက်ဆိုခဲ့သည်။
စွပ်စွဲခံရသူ ကိုဇော်ဇော်၏ အကျိုးဆောင်ရှေ့နေဖြစ်သူက အပြန်အလှန် မေးခွန်းမေးမြန်းရာတွင် သိမ်းဆည်းခဲ့သည့် ဖုန်းအား ဖွင့်ပြီး မည်သည့်ပုံ၊ စာသားများ ပါရှိသည်ကို မကြည့်ရှုခဲ့သောကြောင့် သိမ်းဆည်းခဲ့သော ဖုန်းမှ မည်သူ့ပုံသဏ္ဌာန်၊ စာသားကြောင့် ဖုန်းကို သိမ်းဆည်းခဲ့သည်ဆိုသည်ကို အသေအချာ မပြောနိုင်ကြောင်း ထွက်ဆိုခဲ့သည်။
ထို့ပြင် အဆိုပါအမှုကို ကိုင်တွယ်သည့် အမှုစစ်ရဲအရာရှိအား ဆက်လက်စစ်ဆေးရာတွင် အမှုစတင်ဖွင့်သည့် အချိန်မှ တရားစွဲဆို တင်ပို့ခဲ့သည်အထိ ပြုလုပ်ခဲ့သည့် ရဲလုပ်ထုံးလုပ်နည်းများကို သက်သေထွက်ဆိုခဲ့ကြောင်း သိရသည်။
ငဖာအကောင့်ပိုင်ရှင်အား ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် မြောက်ဒဂုံမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားသော ကိုနေမျိုးကျော်သည် နေလင်းအောင် အကောင့်ပိုင်ရှင်အားလည်း ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့်ပင် မြောက်ဥက္ကလာပမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားသေးကြောင်း သိရသည်။

Most Read

Most Recent