လက်ရှိ အခြေအနေကို ပြောင်းလဲပစ်နိုင်အောင် တိုက်ပွဲဝင်လျက်ရှိကြောင်း မန်ယူအသင်း၏ လက်ထောက်နည်းပြ ရူအီဖာရီယာ ပြောကြား

လက်ရှိ အခြေအနေကို ပြောင်းလဲပစ်နိုင်အောင် တိုက်ပွဲဝင်လျက်ရှိကြောင်း မန်ယူအသင်း၏ လက်ထောက်နည်းပြ ရူအီဖာရီယာ ပြောကြား
Published 28 November 2016

မန်ယူအသင်း၏ လက်ထောက်နည်းပြ ရူအီဖာရီယာက အသင်း၏ လက်ရှိ အခြေအနေကို ပြောင်းလဲပစ်နိုင်အောင် တိုက်ပွဲဝင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။မန်ယူအသင်းသည် ပြီးခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် အိမ်ကွင်း၌ ဝက်စ်ဟမ်းအသင်းနှင့် (၁-၁)ဂိုး သရေကျခဲ့ပြီး ယင်းပွဲတွင် ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်ကို ပေါက်ကွဲခဲ့သည့် မန်ယူနည်းပြ မော်ရင်ဟိုမှာ ထုတ်ပယ်ခံခဲ့ရသည်။မော်ရင်ဟိုသည် ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ခဲ့ခြင်း မရှိဘဲ သူ၏ လက်ထောက်နည်းပြ ရူအီဖာရီယာကသာ တက်ရောက်ခဲ့သည်။ရူအီဖာရီယာက "မန်ယူက အသင်းကြီးဖြစ်ပြီး ကျွန်တော်တို့ကလည်း အသင်းကြီးတွေကို ကိုင်တွယ်နေကျပါ။ အသင်းတစ်သင်း အနိုင်ရအောင် ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့ သိတဲ့အရာကို လုပ်ဆောင်သွားမှာပါ"ဟု ဆိုခဲ့သည်။မန်ယူအသင်းသည် ပရီးမီးယားလိဂ် နောက်ဆုံး(၇)ပွဲတွင် တစ်ပွဲသာ အနိုင်ရခဲ့ပြီး အဆင့်(၆)၌ ရပ်တည်နေသလို၊ ထိပ်ဆုံးမှ ချယ်လ်ဆီးနှင့်လည်း (၁၁) မှတ် အကွာတွင် ရှိနေသည်။ချန်ပီယံမျှော်လင့်ချက်နှင့် ပတ်သက်ပြီး မေးမြန်းခဲ့ရာ ရူအီဖာရီယာက "ကျွန်တော်တို့ အသင်းကို ပြန်လည်သုံးသပ်ပြီး ရလဒ်ကောင်းတွေ ရရှိအောင် ကြိုးပမ်းသွားမှာပါ။ ဒီအလုပ်က လွယ်ကူတဲ့အလုပ် မဟုတ်မှန်း သိပေမယ့် အခြေအနေကို ပြောင်းလဲနိုင်ဖို့ တိုက်ပွဲဝင်နေပြီး ဆက်လက်ပြီးတော့လည်း လုပ်ဆောင်သွားမှာပါ။ ကျွန်တော် ကစားသမားတွေအပေါ် ယုံကြည်တယ်။ အသင်းအပေါ် ယုံကြည်တယ်။ အခြေအနေ ပြောင်းလဲသွားမယ်လို့ ယုံကြည်တယ်။ ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာမှာ သေချာပါတယ်"ဟု ဆိုခဲ့သည်။ 

Most Read

Most Recent