ရှုံးပွဲမရှိသေးတဲ့အသင်းအဖြစ် တစ်သင်းတည်း ကျန်ရစ်တဲ့ စပါး စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကာလရှည်နိုင်ပွဲပျောက်မှုကို အဆုံးသတ်နိုင်မလား

ရှုံးပွဲမရှိသေးတဲ့အသင်းအဖြစ် တစ်သင်းတည်း ကျန်ရစ်တဲ့ စပါး စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကာလရှည်နိုင်ပွဲပျောက်မှုကို အဆုံးသတ်နိုင်မလား
Published 26 November 2016

ပရီးမီးယားလိဂ် ပွဲစဉ်-၁၃ ရောက်ရှိလာချိန်အထိ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့အသင်းအဖြစ် တစ်သင်းတည်း ကြံ့ကြံ့ခံ ရပ်တည်နေတာက စပါးအသင်း ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ စပါးအသင်းဟာ လန်ဒန်ဒါဘီပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းနဲ့ ကစားရမှာပါ။ ချယ်လ်ဆီးအသင်းဟာ နောက်ဆုံး ခြောက်ပွဲဆက် အနိုင်ရခဲ့သလို၊ အဲဒီခြောက်ပွဲမှာ ပွဲတိုင်း Clean Sheet ရပြီး အမှတ်ပေးဇယား ထိပ်ဆုံးကို တက်လှမ်းလာပါတယ်။ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချယ်လ်ဆီးနဲ့ စပါး အသင်းတို့ ဆုံတွေ့ခဲ့တဲ့ ပြိုင်ပွဲစုံ ပွဲ၂၀ မှာ ချယ်လ်ဆီး တစ်ပွဲမှ မရှုံးခဲ့တာကြောင့် လက်ရှိ ခြေစွမ်းပိုင်းဖြစ်စေ၊ အစဉ်အလာပိုင်းဖြစ်စေ စပါးကို ချယ်လ်ဆီးက အသာရနေပါတယ်။ ရှုံးပွဲမရှိသေးပေမယ့် သရေပွဲတွေ များနေတဲ့ စပါးအနေနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ နိုင်ပွဲပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ပါ့မလားဆိုတာ . . .
 
■ ဘန်လေ နှင့် မန်စီးတီး (၂၆-၁၁-၁၆ စနေ ည ရး၀၀)
နောက်ဆုံးရလဒ် >> ဘန်လေ ၁-၀ မန်စီးတီး
 
ဘန်လေက အိမ်ကွင်းမာကျောပြီး တန်ပြန်တိုက်စစ် ကစားပုံကောင်းတယ်။ အမြင့်ဘောကောင်းတယ်။ မန်စီးတီးကို ဒုက္ခပေးနိုင်တယ်။ မန်စီးတီးက ချန်ပီယံလိဂ်အပြီး ပရီးမီးယားလိဂ်ပွဲတွေမှာ ရုန်းကန်နေရတယ်။ ချန်ပီယံလိဂ်အပြီး ကစားတဲ့ ပရီးမီးယားလိဂ် နောက်ဆုံး သုံးပွဲဆက် နိုင်ပွဲပျောက်ခဲ့တယ်။ ဘန်လေ ရှုံးခဲ့ရင်တောင် ဂိုးမပြတ်နိုင်ပါဘူး။
 
■ ဟားလ်စီးတီး နှင့် ဝက်စ်ဘရွန်း (၂၆-၁၁-၂၀၁၆ စနေ ည ၉း၃၀)
နောက်ဆုံးရလဒ် >> ဟားလ်စီးတီး ဝ-၀ ဝက်စ်ဘရွန်း
 
ဟားလ်စီးတီးက ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ရပြီး ရုန်းထဖို့ ခက်ခဲနေတယ်။ နောက်ဆုံး ရှစ်ပွဲမှာ ခုနစ်ပွဲအထိ ရှုံးနိမ့်ထားတယ်။ ဝက်စ်ဘရွန်းကတော့ လက်စတာ၊ ဘန်လေတို့ကို နှစ်ပွဲဆက်နိုင်ပြီး ခြေတက်လာတယ်။ ၂၀၁၂ နိုဝင်ဘာနောက်ပိုင်းမှာ တစ်ခါမှ သုံးပွဲဆက် မနိုင်ခဲ့ပေမယ့် ဝက်စ်ဘရွန်းကိုပဲ အရဲစွန့် ရွေးချင်ပါတယ်။
 
■ လက်စတာ နှင့် မစ်ဒယ်ဘရော့ (၂၆-၁၁-၂၀၁၆ စနေ ည ၉း၃၀)
နောက်ဆုံးရလဒ် >> လက်စတာ ဝ-၀ မစ်ဒယ်ဘရော့
 
ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့် တက်ခဲ့ပြီဖြစ်လို့ ပရီးမီးယားလိဂ်ကို လက်စတာ အာရုံပြန်စိုက်ရတော့မယ်။ မစ်ဒယ်ဘရော့က အဝေးကွင်းကစားပုံ မာကျောပြီး ဒီရာသီမှာ အဝေးကွင်းရှုံးပွဲ တစ်ပွဲပဲ ရှိသေးတယ်။ ဒါပေမဲ့ လက်စတာနဲ့ ဆုံတွေ့ခဲ့တဲ့ ပြိုင်ပွဲစုံ ၁၂ ပွဲမှာ မစ်ဒယ်ဘရော့ နိုင်ပွဲမရှိခဲ့ဘူး။ လက်စတာ ကပ်နိုင်သွားဖို့ များပါတယ်။
 
■ လီဗာပူးလ် နှင့် ဆန်းဒါးလန်း (၂၆-၁၁-၁၆ စနေ ည ၉း၃၀)
ယမန်နှစ်ရလဒ် >> လီဗာပူးလ် ၂-၂ ဆန်းဒါးလန်း
 
နှစ်ပွဲဆက် နိုင်ထားတဲ့ ဆန်းဒါးလန်း ယုံကြည်မှု ပြည့်ဝနေပြီး အန်ဖီးလ်မှာ အမှတ်ခွဲယူဖို့ ကြိုးစားလိမ့်မယ်။ လီဗာပူးလ် ကွင်းလယ်မှာ လယ်လာနာ မကစားနိုင်ရင် သွက်လက်တဲ့ တိုက်စစ်က အနည်းငယ် တုံ့ဆိုင်းသွားတတ်တယ်။ အစဉ်အလာအတိုင်း လီဗာပူးလ်ပဲ အနိုင်ရဖို့များပေမယ့် နှစ်ဂိုးထက် ပိုပြတ်ဖို့ မလွယ်ဘူး။
 
■ ဆွမ်ဆီး နှင့် ခရစ္စတယ်ပဲလေ့စ် (၂၆-၁၁-၂၀၁၆ စနေ ည ၉း၃၀)
ယမန်နှစ်ရလဒ် >> ဆွမ်ဆီး ၁-၁ ပဲလေ့စ်
 
ဆွမ်ဆီးက ၁၁ ပွဲဆက် နိုင်ပွဲပျောက်နေတယ်ဆိုရင် ခရစ္စတယ်ပဲလေ့စ်ကလည်း ငါးပွဲဆက် ရှုံးနိမ့်ထားတာပါ။ တိုးတက်မှုကတော့ ဆွမ်ဆီးဆီမှာ တွေ့ရတယ်။ နိုင်ပွဲ ရလုရခင် ဖြစ်လာတယ်။ ဒါပေမဲ့ ဒီပွဲက ခရစ္စတယ်ပဲလေ့စ်နည်းပြ အလန်ပါဂျူးရဲ့ နည်းပြရာထူးနဲ့ လောင်းကြေးထပ်ရမယ့်ပွဲ ဖြစ်နေတယ်။ သရေကျပြီး ပဲလေ့စ် ရှုံးပွဲရပ်သွားမယ်ထင်တယ်။
 
■ ချယ်လ်ဆီး နှင့် စပါး (၂၆-၁၁-၁၆ စနေ ည ၁၂း၀၀)
ယမန်နှစ်ရလဒ် >> ချယ်လ်ဆီး ၂-၂ စပါး
 
ရှုံးပွဲမရှိသေးတဲ့ စပါးက ချယ်လ်ဆီးရဲ့ ပုံစံကောင်းကို ရပ်တန့်နိုင်မလား စိတ်ဝင်စားစရာပါ။ ဒါပေမဲ့ ချန်ပီယံလိဂ်ကြောင့် စပါးပွဲပန်းနေနိုင်တယ်။ ခံစစ်မှာ ဒန်နီရို့စ် ပွဲပယ်ခံထားရတယ်။ အယ်လ်ဒါဝီရယ် မကစားနိုင်သေးဘူး။ စတမ်းဖို့ဒ်ဘရစ်ချ် ပြိုင်ပွဲစုံ နောက်ဆုံး ငါးပွဲမှာလည်း ပွဲတိုင်း နှစ်ဂိုးနဲ့အထက် ပေးခဲ့ရတယ်။ ချယ်လ်ဆီးကိုပဲ ကြိုက်တယ်။
 
■ ဝက်ဖို့ဒ် နှင့် စတုတ်စီးတီး (၂၇-၁၁-၁၆ တနင်္ဂနွေ ည ၆း၃၀)
ယမန်နှစ်ရလဒ် >> ဝက်ဖို့ဒ် ၁-၂ စတုတ်စီးတီး
 
မက်ဇာရီရဲ့ ဝက်ဖို့ဒ်က အိမ်ကွင်းမှာ အမှားနည်းလာတယ်။ ကိုယ့်ထက်သာလွန်တဲ့ ပြိုင်ဘက်တွေကိုတောင် အလဲထိုးပြနေတယ်။ စတုတ်စီးတီးကတော့ လူပြန်စုံလာမှ ရလဒ်ပိုင်း ပြန်ကျသွားတယ်။ ဒါပေမဲ့ အဝေးကွင်းမှာတော့ နောက်ဆုံး သုံးပွဲဆက် မရှုံးခဲ့ဘူး။ သရေပဲ ဦးတည်ကစားဖို့ရှိတဲ့ စတုတ်စီးတီးထက် ဝက်ဖို့ဒ်ကို ပိုကြိုက်တယ်။
 
■ အာဆင်နယ်နှင့် ဘုန်းမောက် (၂၇-၁၁-၁၆ တနင်္ဂနွေ ည ၈း၄၅)
ယမန်နှစ်ရလဒ် >> အာဆင်နယ် ၂-၀ ဘုန်းမောက်
 
အစဉ်အလာအတိုင်း အာဆင်နယ်ကို နိုဝင်ဘာ အိပ်မက်ဆိုးက ဒုက္ခပေးနေတယ်။ နိုဝင်ဘာလအတွင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နှစ်ပွဲစလုံးကို သရေကျခဲ့တယ်။ စပါး၊ မန်ယူတို့လို ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နိုဝင်ဘာရဲ့ နောက်ဆုံးလက်ကျန်ပွဲမှာတော့ အာဆင်နယ် အနိုင်ရဖို့ အားထုတ်ပါလိမ့်မယ်။
 
■ မန်ယူ နှင့် ဝက်စ်ဟမ်း (၂၇-၁၁-၁၆ တနင်္ဂနွေ ည ၁၁း၀၀)
ယမန်နှစ်ရလဒ် >> မန်ယူ ဝ-၀ ဝက်စ်ဟမ်း
 
ယူရိုပါလိဂ်အပြီး ကစားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် လေးပွဲမှာ မန်ယူ တစ်ပွဲသာ အနိုင်ရခဲ့တယ်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ လူပြန်စုံလာပြီး ဝါရင့်တွေ ခြေပြန်တွေ့လာလို့ ခြားနားတဲ့ ရလဒ်ပိုင်းကို မြင်တွေ့ရဖို့ ရှိတယ်။ ဝက်စ်ဟမ်းကိုလည်း အိုးလ်ထရက်ဖို့ဒ်မှာ ပြိုင်ပွဲစုံ ၁၀ ပွဲဆက် မရှုံးခဲ့တဲ့ အစဉ်အလာကိုလည်း ပိုင်ဆိုင်ထားတယ်။ မန်ယူကိုပဲ ကြိုက်တယ်။
 
■ ဆောက်သမ်တန် နှင့် အဲဗာတန် (၂၇-၁၁-၁၆ တနင်္ဂနွေ ည ၁၁း၀၀)
ယမန်နှစ်ရလဒ် >> ဆောက်သမ်တန် ဝ-၃ အဲဗာတန်
 
ဆောက်သမ်တန် တိုက်စစ်က ပုံမှန်ဂိုးသွင်းခြေ မရှိဘူး။ တာဒစ်သာ မကစားနိုင်ရင် ဆောက်သမ်တန် တိုက်စစ်က ကြံရည်ဖန်ရည် နည်းပြီး ဂိုးရဖို့ ရုန်းကန်ရလိမ့်မယ်။ အဲဗာတန်လည်း ခြေစွမ်းအတက်အကျ များတယ်။ အထူးသဖြင့် အဝေးကွင်းမှာ ရုန်းကန်နေရပြီး လေးပွဲဆက် နိုင်ပွဲပျောက်ခဲ့တယ်။ သရေဆိုရင် နှစ်သင်းစလုံးအတွက် မျှပါတယ်။

Most Read

Most Recent