Snare အဖွဲ့မှ နေဝင်းနှင့် တွေ့ဆုံခြင်း

Snare အဖွဲ့မှ နေဝင်းနှင့် တွေ့ဆုံခြင်း
Published 20 November 2016
စုမှူးနိုင်

ဂီတလောကမှာ ပရိသတ်တွေအားပေးမှုနဲ့ အောင်မြင်မှု နေရာတစ်ခုကို ခိုင်ခိုင်မာမာ ရရှိထားပြီးတဲ့ အနုပညာရှင်တွေထဲမှာ Snare အဖွဲ့ကလည်း အပါအဝင်ပဲ။ ဂီတလမ်းကြောင်းမှာ အောင်မြင်မှုတွေရရှိနေသလို သူတို့လုပ်ကိုင်တဲ့ ဖက်ရှင်ဆိုင်ကလည်း အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ဒါ့ကြောင့် Snare အဖွဲ့က နေဝင်းနဲ့ တွေ့ဆုံခိုက် လက်ရှိလုပ်ကိုင်ဖြစ်နေတဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့အတူ အနုပညာရှင်တွေ လုပ်ကိုင်တဲ့ စီးပွားရေးအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ် . . .
■ မေး - ဒီဇင်ဘာ ၃ ရက်တွင်ထွက်ရှိမယ် Ve Ve Music Album  မှာ ပါဝင်မယ့် Snare အဖွဲ့ရဲ့ သီချင်းလေးအကြောင်းကို အရင်ပြောပြပေးပါ။
ဖြေ - Ve Ve Music Album မှာ ပါဝင်မယ့် ကျွန်တော့်သီချင်းက Snare အဖွဲ့ရဲ့ ပုံစံအတိုင်းကိုမှ နည်းနည်းလေး ဆန်းသစ်ထားပါတယ်။ အဲဒီသီချင်းမှာ ကျွန်တော်တို့နဲ့အတူ အောင်သူကလည်း ပါဝင်သီဆိုပေးထားပါတယ်။ သီချင်းနာမည်ကတော့ ‘အရှိန်တွေတက်’ လို့ ပေးထားပါတယ်။
■ မေး - လက်တလော သီဆိုဖြစ်မယ့် ရှိုးပွဲတွေအကြောင်းလည်း ပြောပြပေးပါဦး။
ဖြေ - နိုဝင်ဘာ ၁၉ ရက်မှာ မုံရွာမှာ Ve Ve နဲ့ Frenzo တို့ ပူးပေါင်းစီစဉ်တဲ့ ရှိုးပွဲမှာပါ ဝင်သီဆိုခဲ့ပါတယ်။ ဒီဇင်ဘာ ၄ ရက်မှာတော့ မန္တလေးမှာလုပ်မယ့် ရှိုးပွဲရှိပါမယ်။ ပြီးရင် ဒီဇင်ဘာ တစ်လလုံးမှာ ရှိုးပွဲတွေ တောက်လျှောက် ရှိနေမှာပါ။ နောက်ပြီး ကျွန်တော်တို့ Snare အဖွဲ့ရဲ့ တတိယမြောက်စီးရီးကိုလည်း စီစဉ်နေပါတယ်။
■ မေး - Snare အဖွဲ့ရဲ့ စီးရီးသစ်ဖြစ်တဲ့ တတိယစီးရီး အကြောင်းလေးလည်း ပြောပြပေးပါဦး။
ဖြေ - တတိယမြောက်ခွေက အသံသွင်းတာတွေ တီးတာတွေလုပ်နေပြီ။ ဒါပေမဲ့ နည်းနည်းတော့ ကျန်နေသေးတယ်။ သီချင်းတွေကတော့ ၇၅ ရာခိုင်နှုန်းလောက်အထိ ပြီးနေပါပြီ။ သီချင်း သုံးပုဒ်လောက်ပဲ ကျန်ပါတော့တယ်။ သီချင်းဖန်တီးမှုတိုင်းမှာ ကျွန်တော်တို့ အမြဲသေချာ ကြိုးစားပါတယ်။ သီချင်း တစ်ပုဒ်ချင်းစီတိုင်းရဲ့ တီးလုံးတွေ၊ စာသားတွေ အားလုံးကို သေသေချာချာ စေ့စေ့စပ်စပ်နဲ့ ဂရုစိုက်ပြီး လုပ်ဆောင်ပါတယ်။ ဒါကြောင့်လည်း Solo ခွေလုပ်ရတာ ပိုပြီးပင်ပန်းပါတယ်။
■မေး -  တတိယမြောက် စီးရီးကို ဘယ်တော့လောက်မှာ ဖြန့်ချိနိုင်ဖို့ စီစဉ်ထားလဲ။
ဖြေ - ကျွန်တော်တို့ဘက်ကတော့ အမြန်ဆုံးထွက်ချင်နေပါတယ်။ ဒီဇင်ဘာလထဲမှာ ပြီးခဲ့ရင် ဒီဇင်ဘာလထဲမှာ ထွက်မှာပါ။ မပြီးခဲ့ရင်တော့ နောက်နှစ် ဇန်နဝါရီလလောက်မှာ ထွက်နိုင်ဖို့တော့ မှန်းထားပါတယ်။
■မေး -  တတိယမြောက် စီးရီးမှာ သီချင်းတွေက ဘယ်လိုပုံစံတွေဖြစ်မလဲ။ Snare အဖွဲ့အပြင် ဘယ်သူတွေ ပါဝင်သီဆိုထားလဲ။
ဖြေ - သီချင်းတွေကို ကျွန်တော်တို့ Snare အဖွဲ့အပြင် G Family က လူတွေပါမယ်။ စိုင်းစိုင်းခမ်းလှိုင်ပါမယ်။ ပြီးတော့ အောင်သူကတော့ ကျွန်တော်တို့နဲ့ အများဆုံးသီဆို ထားပါတယ်။ မြူးဇစ်ပိုင်းမှာတော့ စတိုင်လ် မျိုးစုံပါဝင်မှာပါ။
■ မေး - ရှိုးပွဲတွေမှာ တတိယစီးရီးမှာပါဝင်မယ့် သီချင်းသစ်တွေကို ဆိုဖြစ်လား။
 ဖြေ - အဲဒီလိုတော့ မဆိုဖြစ်သေးပါဘူးဗျ။
■ မေး - အခုနောက်ပိုင်းမှာ Music Toure တွေ ပြုလုပ်လာကြတော့ အဆိုတော်တွေဘက်က ဖျော်ဖြေရတဲ့ ခံစားမှုနဲ့ ပရိသတ်နဲ့ ထိတွေ့မှု အနေအထားမှာရော ဘယ်လိုရလဒ်ကောင်းတွေရှိလဲ။
ဖြေ - Music Toure တွေရှိလာတာ ကောင်းပါတယ်။ ကျွန်တော်တို့ အနေနဲ့ကလည်း မြန်မာတစ်နိုင်ငံလုံးကို လှည့်လည် သီဆိုချင်ပေမယ့် ခုချိန်ထိ ကျွန်တော်တို့ မရောက်ဖူးသေးတဲ့ မြို့တွေ အများကြီးရှိပါတယ်။ နယ်တိုင်း နယ်တိုင်းမှာလည်း ကျွန်တော်တို့ကို တွေ့ချင်နေမယ့် ပရိသတ်တွေလည်း ရှိမှာပါ။ ဖျော်ဖြေမှုပုံစံမှာတော့ ကျွန်တော်တို့ဘက်က ဘယ်လိုပွဲပဲဖြစ်ဖြစ် အကောင်းဆုံး ကြိုးစားသီဆို ဖျော်ဖြေတာဖြစ်လို့ အတူတူပါပဲ။ ပရိသတ်တတွေဘက်က အားပေးမှုပုံစံကတော့ ရှိုးပွဲကျင်းပနေကျ မြို့ကြီးတွေနဲ့ ရှိုးပွဲသိပ်မရှိတဲ့ မြို့တွေမှာ အားပေးမှုပုံစံကွာတာ လောက်ပဲရှိပါတယ်။ တစ်ခါတလေမှာတော့ ကျွန်တော်တို့ ထင်ထားတာထက် ပိုတဲ့ အားပေးမှုတွေ၊ ထင်မှတ်မထားတဲ့ အားပေးမှုတွေကို ရတတ်ပါတယ်။
■ မေး - အခုနောက်ပိုင်းမှာ အနုပညာရှင်တွေအနေနဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်တွေနဲ့ စီးပွားရေး လုပ်ကိုင်လာကြတဲ့အပေါ် ကိုယ်တိုင်လည်း အစဦးပိုင်းကတည်းက လုပ်ကိုင်ခဲ့ပြီး အောင်မြင်မှုရရှိထားတဲ့သူ တစ်ဦးအနေနဲ့ ဒီလိုလုပ်ကိုင်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုသုံးသပ်မိလဲ။
ဖြေ - ကျွန်တော်တို့လည်း ကိုယ်ပိုင်အမှတ်တံဆိပ်တစ်ခုနဲ့ ဖက်ရှင်ဆိုင်တွေ ဖွင့်ခဲ့တာ အဦးပိုင်းထဲမှာပါတယ်။ ဒီစီးပွားရေးလုပ်ငန်းတွေက အနုပညာပိုင်းနဲ့တော့ ဘာမှမသက်ဆိုင်ပါဘူး။ ဒါပေမဲ့ အနုပညာ သမားတွေအနေနဲ့လည်း ကိုယ်ပိုင်စီးပွားရေး တစ်ခုကတော့ ရည်ရှည်မှာ ဘဝရပ်တည်မှုအတွက် ရှိသင့်ပါတယ်။ အဲဒီထဲမှာမှ ကိုယ့်ကိုယ်အားပေးတဲ့ ပရိသတ်တွေက ကိုယ့်ရဲ့ကုန်ပစ္စည်းကိုပါ အားပေးကြတယ်။ ဒီလောက်ပါပဲ။ ရေရှည်မှာတော့ စီးပွားရေး လုပ်ငန်းတစ်ခုဆိုတာ အလုပ်ကို သေချာလုပ်မယ်၊ ပစ္စည်းထုတ်လုပ်မှုပိုင်းမှာ အရည်အသွေးကောင်းအောင် ကြိုးစားမယ်ဆိုရင် ပိုပြီးအောင်မြင်လာမှာပါပဲ။
■ မေး - Snare အဖွဲ့ရဲ့ အနုပညာ လှုပ်ရှားမှုတွေနဲ့ တတိယမြောက် စီးရီးအတွက် ပရိသတ်တွေကို ပြောချင်တဲ့စကားရှိရင်။
ဖြေ - ကျွန်တော်တို့ရဲ့ အနုပညာဖန်တီးမှု လုပ်ကိုင်မှုတွေတိုင်းကို အမြဲတမ်း သေသေ ချာချာနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။ တတိယစီးရီး ကိုလည်း အကောင်းဆုံးတွေဖြစ်အောင် ကြိုးစားထားပါတယ်။ ထွက်ရှိလာရင်လည်း ပရိသတ်တွေက အားပေးပြီး ဝေဖန် အကြံပေးကြပါဦး။ Snare အဖွဲ့ကို အားပေးနေတဲ့ ပရိသတ်တွေအားလုံးကိုလည်း ကျွန်တော်တို့ အမြဲတမ်း ကျေးဇူးတင်နေပါတယ်။                                      

Most Read

Most Recent