လတ်တလောတွင် မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ကြီးများ၌ အလှူပွဲကထိန်ပွဲများတွင် ရေပန်းစားပျံ့နှံ့နေသည့် သီချင်းတစ်ပုဒ်မှာ 'ဗိုလ်အောင်ဒင်' ဖြစ်သည်။ မြန်မာသံစဉ် တေးသီချင်းဖြစ်သော်လည်း သီချင်းစာသားရေးဖွဲ့ပုံ၊ လိုက်ပါသီဆိုရန် အဆင်ပြေသည့် ဂီတဟန်ပန်နှင့် အဆိုပါသီချင်းမှာ ပရိသတ်များကြားတွင် ရေပန်းအစားဆုံး တေးသီချင်းတစ်ပုဒ်ဟုပင် ဆိုရမည်ဖြစ်သည်။ ဗိုလ်အောင်ဒင်၊ ကြာဖြူ၊ ညနေနေရီရီ သီချင်းများအား သီဆိုထားသည့် တေးသံရှင် မနောမှာ လက်ချောင်းများ၊ အဆင်ပြေတဲ့နေ့ တစ်ကိုယ်တော် တေးစီးရီးနှစ်ခွေနှင့် လှိုင်ဦးမော်နှင့်တွဲဖက်၍ တေးစီးရီးတစ်ခွေ ထွက်ရှိထားပြီးသူဖြစ်သည်။ Pop Rock၊ Modern Rock များ သီဆိုသူအဖြစ် ပရိသတ်သိရှိထားရာမှ မြန်မာသံစဉ် တေးသီချင်းများနှင့် လက်ခံအားပေးစေခဲ့သူ တေးသံရှင်မနောနှင့် တွေ့ဆုံ၍ လတ်တလော ရေပန်းစားနေသည့် တေးသီချင်းများ ဖန်တီးဖြစ်ပုံနှင့် ဂီတလှုပ်ရှားမှုများအကြောင်း မေးမြန်းဖြစ်ခဲ့သည်များကို ပြန်လည်ဖော်ပြအပ်ပါသည်။
■ မေး- အစ်ကိုသီဆိုထားတဲ့ ‘ဗိုလ်အောင်ဒင်’ သီချင်းက မြန်မာနိုင်ငံတစ်ဝန်း ပျံ့နှံ့အောင်မြင်နေတဲ့အပေါ် ခံစားချက်လေးသိချင်ပါတယ်။
ဖြေ- အရမ်းပျော်ပါတယ်။ ကိုယ့်သီချင်းလေးကို အခုလို ပရိသတ်အများအပြား လက်ခံအားပေးတာကို တွေ့ရတဲ့အတွက် ဝမ်းသာပါတယ်ခင်ဗျာ။
■ မေး - အခု ပရိသတ် လက်ခံအားပေးနေတဲ့ ‘ဗိုလ်အောင်ဒင်’ တို့၊ ‘ညနေနေရီရီ’ တို့က အစ်ကိုအရင်ဆိုခဲ့တဲ့ သီချင်းပုံစံမျိုးတော့ မဟုတ်ဘူးလေ။ အဲဒီသီချင်းတွေကို ဘယ်လို ဆိုဖြစ်ခဲ့တာလဲဆိုတာ သိချင်ပါတယ်။
ဖြေ- ကျွန်တော်ပထမဆုံး ‘လက်ချောင်းများ’ ဆိုတဲ့ တစ်ကိုယ်တော်ခွေလေး ထွက်ပြီးကတည်းက ဒီမြန်မာသံစဉ်ခွေကို လုပ်နေခဲ့တာပါ။ ဒါပေမဲ့ အသက်ကြီးမှ ထုတ်မယ်ဆိုပြီး ရည်ရွယ်ခဲ့ပါတယ်။ ‘သနပ်ခါးလေးနဲ့မောင့်ချစ်သူ’ သီချင်းလေးကို အွန်လိုင်းမှာ အကြမ်းတင်လိုက်တဲ့အခါ ပေါက်သွားတော့ မထူးပါဘူးဆိုပြီး ဒီအခွေလေးကို ဆက်လုပ်ဖြစ်သွားတာ။
■ မေး - လက်ချောင်းများ အပြီးမှာ အဆင်ပြေတဲ့နေ့ အခွေထွက်သေးတယ်နော်။
ဖြေ - ဟုတ်ပါတယ်။ ကျွန်တော့်ရဲ့ပထမဆုံးစီးရီး ‘လက်ချောင်းများ’ အပြီးမှာ မြန်မာသံစဉ်ခွေ လုပ်နေရင်းနဲ့ ‘အဆင်ပြေတဲ့နေ့’ ဒုတိယစီးရီးကို ထပ်လုပ်တယ်။ ပြီးတော့ စက်တင်ဘာလထဲမှာ ကျွန်တော်နဲ့ ကိုလှိုင်ဦးမော်နဲ့ နှစ်ယောက်တွဲအခွေ ထပ်ထွက်တယ်။ မြန်မာသံစဉ်ကတော့ အေးအေးဆေးဆေး လုပ်မယ်ဆိုတဲ့စိတ်ကူးနဲ့ လုပ်နေခဲ့တာပေါ့နော်။ အခုတော့ ပရိသတ်လည်း အားပေးတယ်ဆိုတော့ ဒီလထဲမှာပဲထွက်ဖို့ စီစဉ်ထားပါတယ်။
■ မေး - မြန်မာသံစဉ် သီချင်းခွေကို နာမည်ရော ဘယ်လို ပေးထားလဲ။
ဖြေ - ‘‘ချမ်းမြေ့ပါစေအမေ’’ လို့နာမည်ပေးထားတာပါ။ ဒီအခွေမှာပါဝင်မယ့် သီချင်းတွေက အွန်လိုင်းမှာတင်ခဲ့ရင်းက ပရိသတ်ကြားထဲ ရောက်သွားတာပါ။ အခုထွက်မယ့် အခွေမှာတော့ အဲဒီသီချင်းတွေ အကုန်ပြန်ပါလာမှာပါ။
■ မေး - အစ်ကို့ရဲ့သီချင်းဆိုဟန်မှာ သီချင်းစာသားကို နားထောင်တဲ့သူ စိတ်ထဲမှာ မြင်ယောင်လို့ရအောင် ခံစားသက်ဝင်ပြီးဆိုတာ တွေ့ရတယ်နော်။ သီချင်းဆိုတဲ့အချိန်မှာ ထည့်ရတဲ့ ခံစားချက်ကိုလည်း သိချင်ပါတယ်။
ဖြေ - ကျွန်တော်တို့ သီချင်းရွေးကတည်းက အရေးကြီးပါတယ်။ ကျွန်တော်တို့အသံနဲ့ လိုက်ပါ့မလား။ ဆိုဟန်နဲ့ အဆင်ပြေပါ့မလားဆိုတာကို ရွေးရပါတယ်။ သီချင်းရေးဆရာ ပြောချင်တဲ့အကြောင်းအရာကို ကိုယ်တိုင်ချဉ်းကပ်ပြီးမှု အပေါ်မူတည်ပါတယ်။ သီချင်းရေးဆရာ ပြောချင်တာကို ခံစားသက်ဝင်မှုကောင်းအောင် ပြင်ဆင်ပြီးမှပဲ ဆိုဖြစ်ပါတယ်။
■ မေး - အရှေ့မှာလည်း ချစ်တယ်လိုမျိုး သီချင်းမျိုးတွေ၊ Pop Rock ဆန်တဲ့ သီချင်းတွေကို ဆိုခဲ့တယ်။ အခု မြန်မာသံစဉ်သီချင်းတွေကိုလည်း ဆိုနိုင်တယ်ဆိုတော့ မတူကွဲပြားတဲ့ ဂီတပုံစံနှစ်မျိုးကိုဖန်တီးရာမှာရော အခက်အခဲရောရှိလား။
ဖြေ - အဲဒီလိုတော့ အခက်အခဲမရှိပါဘူး။ ကျွန်တော်သွားမယ့် လမ်းကြောင်းကတော့ Pop Rock ၊ Modern Rock ဘက်ကိုအကြိုက်ဆုံးပါ။ မြန်မာသံကကျတော့ ကိုယ်ကလည်း နယ်မှာကြီးပြင်းလာတာဖြစ်တယ်။ ဘာသာရေး သီချင်းတွေလည်း ဆိုချင်တဲ့စိတ်ကူးရှိတော့ ဘာသာရေးသီချင်းလေးတွေ၊ ကျေးလက်နောက်ခံ သီချင်းလေးတွေကျတော့ မြန်မာသံစဉ်ဆိုမှပဲအဆင်ပြေမှာလေ။ ကိုယ်ကိုယ်တိုင်လည်း ကြိုက်လို့ဆိုဖြစ်တာပါ။ နှစ်ခုလုံးကတော့ ကြိုက်လို့ဆိုတာ ဖြစ်တဲ့အတွက် အခက်အခဲ သိပ်မရှိပါဘူး။
■ မေး - ဂီတလမ်းကြောင်းမှာဖြတ်သန်းမှုက ၁၀ နှစ် ခရီးလောက်ရှိခဲ့ပြီ။ အခုမှပရိသတ်ကြားထဲ အောင်မြင်မှု စရလာတာဆိုတော့ လမ်းခရီးမှာ ကြုံရတဲ့အခက်အခဲတွေကိုရော ဘယ်လိုဖြတ်ကျော်ခဲ့လဲ။
ဖြေ - ဂီတကိုလုပ်တာ ၁၀ နှစ်ဝန်းကျင်လောက်ရှိခဲ့တဲ့အချိန်မှာ ပရိသတ်မသိခင်မှာတော့ တော်တော်လေးခက်ခဲပါတယ်။ အားလည်းပြတ်တယ်။ အဲဒီအချိန်တွေကို တောင့်ခံနိုင်ဖို့ အရေးကြီးပါတယ်။ မန္တလေးမှာနေတာ ဖြစ်တဲ့အတွက် ရန်ကုန်မှာက ရင်းနှီးကျွမ်းဝင်မှုသိပ်မရှိတော့ အစစအရာရာ ကြန့်ကြာမှုတွေရှိပါတယ်။ အခုနောက်ပိုင်းတော့ တတ်နိုင်သလောက်အထက် မြန်မာပြည်မှာပဲ အားလုံးဖန်တီးနိုင်အောင် ကြိုးစားပါတယ်။
■ မေး - ကိုလှိုင်ဦးမော်နဲ့လည်း အတွဲခွေ ထွက်ခဲ့ဖူးတယ်ဆိုတော့ အဲဒါကရော ဘယ်လိုစီစဉ်ဖြစ်တာလဲ။
ဖြေ - ကျွန်တော်အကြိုက်ဆုံးဂီတက အော်လ်တာနေးတစ်ပါ။ ကိုဒိုးလုံးတို့ လှိုင်ဦးမော်တို့ သီချင်းတွေကိုကြိုက်တယ်။ ကျွန်တော်အခွေလုပ်တဲ့အခါ ကိုလှိုင်ဦးမော်ကို သီချင်းလေးတွေ နားထောင်ပေးပါဦးဆိုပြီး ပြတယ်။ ကျွန်တော်ကြိုက်တဲ့အဆိုတော် တစ်ယောက်နဲ့တွဲပြီးအခွေလေးလည်း ထွက်ချင်တာကြောင့် နှစ်ယောက်တွဲအခွေကို စီစဉ်ဖြစ်တာပါ။
■ မေး - အခုဆိုရင် ပရိသတ် အားပေးလက်ခံမှုရလာတယ်ဆိုတော့ စိတ်ခွန်အား ဘယ်လိုရရှိစေလဲ။
ဖြေ - ကျွန်တော်တို့ရင်ထဲမှာရှိနေတဲ့ အနုပညာဖန်တီးမှုကို ပရိသတ်သိအောင် တင်ပြခွင့်ရတဲ့အတွက်ပျော်ပါတယ်။ အနုပညာနဲ့ အောင်မြင်မှုဆိုတာထက် ပရိသတ်မသိဘူးဆိုရင် အားမရှိဘူး။ မကြိုက်ဘူးဆိုလည်း ရပါတယ်။ လူမသိသွားမှာကိုပ ဲကြောက်ပါတယ်။ အခုတော့ ကိုယ်ဖန်တီးတဲ့ အနုပညာကို ပရိသတ်သိသွားတယ်ဆိုတာနဲ့ပဲ ကျေနပ်ပါတယ်။
■ မေး -နောက်ပိုင်းရော စတီရီယိုပိုင်းနဲ့ မြန်မာသံစဉ်ပိုင်းဘာကို ဦးစားပေးဖြစ်မလဲ။
ဖြေ - စတီရီယိုပိုင်းကတော့ ကျွန်တော်အရင်ကတည်းကလည်း သွားချင်တဲ့လမ်းကြောင်းဖြစ်လို့ အဲဒီလမ်းကြောင်းကိုပဲ ဦးစားပေးဖြစ်မှာပါ။ မြန်မာသံစဉ်ကတော့ ကျွန်တော်ဆိုချင်တဲ့ အချိန်လောက်ပဲ ဆိုဖြစ်ပါမယ်။
■ မေး - ရှိုးတွေရော ဆိုဖြစ်နေလား။
ဖြေ - လောလောဆယ်တော့ နယ်ရှိုးတွေ တော်တော်များများ ဆိုဖြစ်နေပါတယ်။
■ မေး - အဆိုတော်တစ်ယောက်အတွက် ကိုယ်နဲ့လိုက်ဖက်တဲ့ ဂီတဟန်ကိုရွေးချယ်နိုင်ဖို့ ဘယ်လောက်အထိ အရေးပါတယ်လို့ထင်လဲ။
ဖြေ - အရေးကြီးပါတယ်။ ကျွန်တော်ကြိုက်တဲ့ဂီတက ဆိုနိုင်တဲ့ ပုံစံတခြားစီဖြစ်နေတာလည်း ရှိနိုင်ပါတယ်။ ကိုယ့်အသံကာလာနဲ့ ကိုက်တာမျိုးကိုမှန်ကန်အောင်ရွေးချယ်ဖို့ အရေးကြီးပါတယ်။ သီချင်းကိုလည်း တန်ဖိုးထားသင့်သလို ကိုယ့်အသံကိုလည်းတန်ဖိုးထားတဲ့အနေနဲ့ တကယ်လိုက်ဖက်တဲ့ သီချင်းမျိုးကို ရွေးချယ်သီဆိုနိုင်ဖို့ အရေးကြီးပါတယ်။
■ မေး - ပရိသတ်ကိုပြောချင်တဲ့ စကားလက်ဆောင်များ ရှိမလားရှင့်။
ဖြေ - ကျွန်တော့်ကိုအားပေးကြတဲ့ ပရိသတ်အားလုံးကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။ မြန်မာသံစဉ်ခွေလေးကိုလည်း အမြန်ဆုံးထွက်နိုင်အောင် ကြိုးစားသွားပါမယ်။