ဂေါတမဘုရားရှင် ပွင့်တော်မူပြီးနောက် ပထမဦးစွာ ဖူးမြော်ခွင့်ရရှိခဲ့တဲ့ တပုဿနှင့် ဘလ’ိက ကုန်သည်ညီနောင် နှစ်ဦးဟာ ဂေါတမဘုရားရှင်ထံကနေ အမြဲထာဝစဉ် ကိုးကွယ်ဆည်းကပ်ဖို့ ဆံတော် ရှစ်ဆူကို ချီးမြှင့်ခံရတယ်လို့ သမိုင်းတွေက ဆိုပါတယ်။ ကုန်သည်ညီနောင် နှစ်ဦးဟာ ဆံတော်ရှစ်ဆူကို ပင့်ဆောင်လာပြီးနောက် နေရပ်အပြန်မှာ နီရဘန်တောင်လို့ခေါ်တဲ့ ယခုငပုတောမြို့နယ်ထဲမှ အငူတစ်ခု အနီးအရောက်မှာ ဇေယျာသေန နဂါးမင်းက ကုန်သည်ညီနောင်ထံကနေ ဆံတော်နှစ်ဆူကို တောင်းခံပြီးတော့ မဟာမကုဋရံသီ စေတီတော်ဆိုတဲ့ စေတီတော်တစ်ဆူကို နီရဘန်တောင် (သို့မဟုတ်) သရဏတောင်လို့ အမည်တွင်ခဲ့တဲ့ ယခု မော်တင်စွန်းနေရာမှာ သက္ကရာဇ် ၁၀၃ ခုနှစ်မှာ တည်ခဲ့တယ်လို့ မဟာမကုဋရံသီ စေတီတော် တစ်ဖြစ်လဲ မြတ်မော်တင်စွန်း ဘုရားကြီးသမိုင်းမှာ ဖော်ပြထားပါတယ်။ နိုင်ငံရဲ့ သမိုင်းဝင် စေတီတော်များအနက် နှစ်စဉ် တပေါင်းလမှာ ကျင်းပလေ့ရှိတဲ့ မြတ်မော်တင်စွန်း စေတီတော်ကြီးကို မြန်မာပြည်အနှံ့က ဘုရားဖူး ပြည်သူတွေ လာရောက်ဖူးမြော်တိုင်း ကုသိုလ်တွေပြုရင်း သဘာဝအတိုင်းလှပနေတဲ့ ကမ်းခြေနေရာအနံှ့ကို မြင်တွေ့အပန်းဖြေကြရမှာပါ။
မြတ်မော်တင်စွန်း ဘုရားကြီး ကုန်းတော်ပေါ်ကနေ ပင်လယ်ကြီးဘက်ကို မျက်နှာမူကြည့်လိုက်ရင် မှိုင်းပျပျနဲ့ လှပနေတဲ့ အနောက်နိုင်ငံသားများက Diamond Island လို့ခေါ်ကြတဲ့ သမီးလှကျွန်း ခေါ် လိပ်ကျွန်းဆိုတဲ့ သာယာလှပလွန်းတဲ့ ကျွန်းငယ်လေး တစ်ကျွန်း ရှိပါတယ်။ ကျွန်းငယ်လေးရဲ့ အကျယ်အဝန်းကတော့ သုည ဒသမ ၈၈ စတုရန်း ကီလိုမီတာသာ ကျယ်ဝန်းပြီး ရွက်ကြွေတောနဲ့ အမြဲစိမ်းသစ်တောများ ပေါက်ရောက်ရာ ရေပျော်ငှက်များနဲ့ ကုန်းတွင်းပိုင်းဌာ နေငှက်များ၊ ရာသီအလိုက်လာ ရောက်တတ်တဲ့ ဆောင်းခိုငှက်များရဲ့ ပျော်ရွှင်ကျက်စားရာ နေရာတစ်ခုပါပဲ။ လူအသိများလာတဲ့ အမည်ကတော့ လိပ်ကျွန်းဆိုတဲ့ အမည်ပါ။ သဘာဝအလျောက် ရှားပါးလိပ်များကို ဘေးမဲ့ပေးထားတဲ့ နေရာတစ်ခု ဖြစ်တာကြောင့် လိပ်လောင်း၊ ပြင်သာလိပ်၊ လိပ်ခွေး၊ လိပ်စောင်းလျား၊ လိပ်စွန်စတဲ့ ရှားပါးလိပ်များ နေထိုင် ကျက်စားနေကြပါတယ်။ အချို့သော လိပ်ကြီးများဟာ ကလေးငယ် နှစ်ဦးတက်စီးလို့ရတဲ့အထိ အရွယ်အစား ကြီးမားလွန်းလှတယ်လို့ ဒေသခံများက ဆိုပါတယ်။ မျိုးတုန်း ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ပင်လယ်လိပ်ကြီးများဟာ သမီးလှကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းပေါ်မှာ ဥဥချိန်တိုင်း တက်ရောက်ပြီးတော့ ဥဥလေ့ရှိပါတယ်။ လိပ်ကျွန်းကနေ ရေလမ်း ခုနစ်မိုင်ခန့် အကွာမှာ သမိုင်းအရ နဂရသာဂီကျွန်းလို့ ခေါ်တဲ့ ဟိုင်းကြီးကျွန်း ရှိပါတယ်။ ဟိုင်းကြီးကျွန်းဟာ ပင်လယ်ဝကျွန်း တစ်ခုဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးအတွက် အရေးကြီးသော နေရာတစ်ခုဖြစ်သောကြောင့် ရေတပ်စခန်းလည်း တည်ရှိနေပါတယ်။ မော်တင်စွန်းဘုရားကနေ
လှမ်းမျှော်ကြည့်ရင် လိပ်ကျွန်းသာ မဟုတ်ဘဲ ထိပ်စွန်းလို့ခေါ်တဲ့ ငပုတောမြို့နယ်ထဲက သာယာလွန်းလှတဲ့ ကျောက်တန်းများ ကာရံထားတဲ့ နေရာလေးကိုလဲ မြင်ရပါလိမ့်မယ်။ ကျောက်ကလပ်လို့ ခေါ်ကြတဲ့ ထိပ်စွန်းကျေးရွာအနီးက ကျောက်ကလပ်လေးနဲ့အတူ သဘာဝရဲ့ အလှအပများဟာ မြင်သမျှ အံ့သြကုန်နိုင်ဖွယ်ပါ။
လှပလွန်းတဲ့သဘာဝတရားနဲ့ ကိုးကွယ်မှုဆိုင်ရာ သမိုင်းတစ်ခု ဘာတွေရင်ဆိုင်နေရလဲ
အရင်အစိုးရလက်ထက်မှာ ညှိနှိုင်းမှုရခဲ့ပြီးတော့ ပြည်သူ့အစိုးရသစ် လက်ထက်မှာ ခွင့်ပြုပေးခဲ့တဲ့ လုပ်ငန်းတစ်ခုဟာ ဟိုင်းကြီးကျွန်း၊ သဘာဝရဲ့ ဘေးမဲ့နေရာဖြစ်ပြီး ရှားပါးလိပ်မျိုးစိတ်တွေ ရှိနေတဲ့ လိပ်ကျွန်းလို့ခေါ်တဲ့ သမီးလှကျွန်း၊ ဗုဒ္ဓဘာသာဝင်များရဲ့ သမိုင်းဝင်နေရာ စေတီတော် တစ်ဆူတည်ရှိရာ မော်တင်စွန်းအငူနဲ့ သုံးပွင့်ဆိုင်ဖြစ်နေတဲ့ ပင်လယ်ပြင်တစ်နေရာမှာ ရှိနေပါပြီ။
စင်ကာပူအခြေစိုက် Delta Gold Pte. Ltd ကုမ္ပဏီကနေ ဟိုင်းကြီးကျွန်း၊ လိပ်ကျွန်းနဲ့ မော်တင်စွန်း အငူကြားက သောင်ခုံပြင်တစ်နေရာကို မြစ်ကြောင်းတိမ်ကောလာမှု ဖြေရှင်းရန်ဟုဆိုသည့် အကြောင်းပြချက်နှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် ပူးပေါင်းကာ သဲထုတ်ယူပြီး အိန္ဒိယနိုင်ငံနဲ့ စင်ကာပူနိုင်ငံကို ရောင်းချဖို့ ပြင်နေပါတယ်။ အခု သဲစုပ်ယူထုတ်ယူနေတဲ့ သောင်ပြင်ဟာ ဧရာဝတီမြစ်မကြီးကနေ ခွဲထွက်လာတဲ့ ငဝန်မြစ်၊ တိုးမြစ်၊ ပြာမလော့မြစ်များရဲ့ ပင်လယ်ပြင်အတွင်း စီးဝင်ရာမှာ နောက်ဆုံးဆုံမှတ်ပါ။ အခုသဲထုတ်ယူနေပါတယ်ဆိုသည့် သောင်ခုံဟာ နာဂစ် မုန်တိုင်း ကာလတုန်းက ဟိုင်းကြီးကျွန်း၊ မော်တင်စွန်းဘုရားဘက် ကမ်းခြေတစ်လျှောက်က ခမောက်မော်၊ အုန်းငူ၊ အဏ္ဏဝါစသည့် ဒေသများ၊ ဇီးချိုင့်၊ ဟက်လကော၊ စိန်တောင်၊ အလံစိုက်တောင်၊ ကျောက်ပုထိုး၊ လင်းနို့ခေါင်းစသည့် ဒေသများက ဒေသခံများရဲ့ အသက်ကို နာဂစ် မုန်တိုင်းကြီးနှင့်အတူ အလုံးစုံ ပျောက်ပျက်မသွားအောင် ကာကွယ်ပေးခဲ့တဲ့ နေရာတစ်ခုလို့ ဒေသခံများက ယုံကြည်ထားကြပါတယ်။
“အခု သင်္ဘောကြီးတွေနဲ့ သဲလာစုပ်နေတဲ့ သောင်ခုံကြီးက ကျွန်တော်တို့ကို နာဂစ်တုန်းက လှိုင်းကြီးတွေ မတက်လာအောင် ကာကွယ်ပေးခဲ့တဲ့ သောင်ခုံကြီးလို့ ဒေသခံတွေကတော့ ယုံတယ်။ သောင်ခုံကြီးသာမရှိရင် ကျွန်တော်တို့ ဟိုင်းကြီးတို့၊ လိပ်ကျွန်းတို့ဟာ လှိုင်းရိုက်ခတ်မှုကို ကျိန်းသေ ကြုံရတော့မှာအခုလို သဲထုတ်နေတာကို ကျွန်တော်တို့ ဒေသခံတွေကတော့ သဘောမကျဘူးဗျာ” ဟု သဲတွေလာရောက် ထုတ်ယူနေမှုနဲ့ ပတ်သက်ပြီးတော့ ဟိုင်းကြီးကျွန်း ဒေသခံတစ်ဦးဖြစ်သူ ဦးသက်ဦးက ဆိုပါတယ်။
သဲထုတ်ယူမှုအတွက် အစိုးရပိုင်းက မြစ်ကြောင်း ပြန်လည်ဖွံ့ဖြိုးရေး၊ မြစ်ဝကျွန်းပေါ်ဒေသ ရေလွှမ်းမိုးမှု မဖြစ်ရေး၊ အစိုးရအနေနဲ့ လိုအပ်တဲ့ ဘဏ္ဍာငွေ ရရှိရေးဆိုတဲ့ အချက်တွေကို အခြေခံခဲ့ပေမယ့် ဒေသခံတွေ အတွက်တော့ အိပ်မက်ဆိုးတွေပါပဲ။ မြစ်ဝကျွန်းပေါ်ဒေသ ရေလွှမ်းမိုးမှုဟာ တိုက်ရိုက်အနေနဲ့ အခုသောင်ခုံပြင်နေရာနဲ့ သက်ဆိုင်လားဆိုတာကို မေးခွန်းထုတ်စရာပါ။ သောင်ခုံပြင်ဟာ တည်ရှိနေခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ပါပြီ။ နာဂစ် မုန်တိုင်းမတိုင်ခင်အထိ မြစ်ဝကျွန်းပေါ်ဟာ ရေကြီးရေလျှံမှုတွေကို ကြုံဖူးလား၊ နာဂစ်တုန်းကတောင် ပြည်သူတွေအသက်ကို ကာကွယ်ပေးခဲ့တဲ့ သောင်ခုံကြီးဟာ အခုမှ မြစ်ဝကျွန်းပေါ် ရေကြီးရေလျှံမှုတွေရဲ့ တရားခံ ဖြစ်လာပြီလားဆိုတာ ဒေသခံတွေ အတွက်တော့ အဖြေမရှိသလို ဘယ်သူမှလည်း မမေးရဲကြပါဘူး။ မြစ်ကြောင်းတစ်ခုရဲ့ သဘောတရားအရ တစ်နေရာမှာ ချိုင့်ဝှမ်းဖြစ်သွားတာနဲ့ တစ်နေရာကနေ မြစ်ကမ်းပါး ပြိုကျတာ ဖြစ်စဉ်တစ်ခုပါ။ နာဂစ် မုန်တိုင်းချိန်ခါက ဒေသခံပြည်သူတွေရဲ့ အသက်တွေကို ကယ်ခဲ့ဖူးတယ်ဆိုတဲ့ သောင်ခုံကြီးကနေ ချိုင့်ဝှမ်းသာဖြစ်သွားမယ်ဆိုရင် ပြိုကျလာစရာကတော့ အနီးမှာရှိနေတဲ့ ဟိုင်းကြီးကျွန်းနဲ့ ကျွန်းငယ်များ၊ သဘာဝရဲ့ ရှားပါးလိပ်မျိုးစိတ်တွေ နေထိုင်ရာ လိပ်ကျွန်း၊ ဗုဒ္ဓဘာသာဝင်များရဲ့ အထွတ်အမြတ်ထားရာ မော်တင်စွန်း စေတီတော်ကြီး တည်ရှိရာ မော်တင်စွန်းငူနဲ့ အနားပတ်ဝန်းကျင်ပဲဆိုတာ ဒေသခံများက စိုးရိမ်စွာ ပြောဆိုနေခဲ့ကြပါတယ်။
“ဒါက အရင်အစိုးရလက်ထက် ၂၀၁၄ ခုနှစ်ကတည်းက လေ့လာပြီးတော့ လုပ်ဆောင်ခဲ့တာ အခုအစိုးရလက်ထက်ကျမှ ခွင့်ပြုပေးခဲ့တာပေါ့၊ သူတို့အခုတူးနေတဲ့ နေရာတွေက ဟိုင်းကြီးကျွန်းနဲ့လည်း မနီးပါဘူး။ ပင်လယ်ထဲမှာ ပေ ၆၀၀ အကျယ်ရှိတဲ့ နေရာသတ်မှတ်ထားပြီး မျဉ်းကြောင်းဆွဲပြီးတော့ တူးနေတာ။ ဒေသခံတွေပြောနေသလို ကျွန်းတွေဘာတွေ နိမ့်ဆင်းသွားစရာ မရှိပါဘူး။ အခုဒေသခံတွေကို ကုမ္ပဏီကနေ လုပ်ငန်းတွေ အသေအချာ ရှင်းပြစေဖို့ လမ်းညွှန်ထားတယ်။ ပြီးတော့ သဲတူးတဲ့နေရာ သတ်မှတ်ချက်ကို သတ်မှတ်ထားတဲ့ ဧရိယာအတိုင်းဖြစ်အောင် ဘောတွေချထားပြီးတော့ သတ်မှတ်ခိုင်းမယ်။ သဲဘယ်လောက်ထုတ်ယူပြီး ပြီလဲဆိုတာကို သိရအောင် သယ်ယူတဲ့ သင်္ဘောတွေကို စစ်ဆေးမှုတွေ အဆက်မပြတ် လုပ်မယ်ပေါ့။ သဲထဲမှာပါဝင်တဲ့ ဓာတ်သတ္တုပစ္စည်းတွေနဲ့ ပတ်သက်ပြီးတော့ ပါရင်လည်း ပါနိုင်တာပေါ့” ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ လမ်းပန်းနှင့် စက်မှုဝန်ကြီး ဦးဝင်းဌေးက ပြောကြားခဲ့ဖူးပါတယ်။
တိုင်းဒေသကြီး အစိုးရအဖွဲ့ထံက ရရှိထားတဲ့ အချက်အလက်များအရ ယင်းနေရာနှင့်အတူ သဲထုတ်လုပ်ဖို့ ထပ်မံခွင့်ပြုထားတဲ့ နောက်ထပ်တစ်နေရာက ယခုသဲစုပ်နေတဲ့ နေရာများရဲ့ မလှမ်းလှတဲ့ အကွာအဝေးနား ပမ္မဝတီမြစ်နှင့် အနီးက သောင်ခုံတစ်ခုပါပဲ။ပမ္မဝတီမြစ်နားက သောင်ခုံမှာက များလှစွာသော သဲစုပ်ဖို့ နေရာရှိမနေပါဘူး။ တကယ်တမ်း အဓိက ထုတ်ယူရမယ့် နေရာကတော့ ဟိုင်းကြီးကျွန်း၊ လိပ်ကျွန်းနဲ့ မော်တင်စွန်း အငူကြားက နေရာပါပဲ။ သဲစုပ်ဖို့ လုပ်ကွက် နှစ်ခုနေရာမှာ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နဲ့ Delta Gold Pte. Ltd ကုမ္ပဏီက သဲကုဗမီတာ တစ်သန်းခွဲကနေ နှစ်သန်းအထိကို သုံးနှစ်သက်တမ်း ထုတ်ယူခွင့် ရရှိထားပါတယ်။ ရရှိလာတဲ့ သဲတွေကို တစ်ကုဗမီတာကို တစ်ဒေါ်လာခွဲနှုန်းနဲ့ စင်ကာပူနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ကို ရောင်းချဖို့ သဘောတူထားပါတယ်။ တစ်ဒေါ်လာကို ငွေလဲလှယ်နှုန်း အမြင့်ဆုံးထားပြီး တစ်ဒေါ်လာ ညီမျှခြင်း မြန်မာငွေကျပ်နဲ့ တစ်ထောင့်သုံးရာနဲ့ တွက်မယ်ဆိုရင်တောင်မှ ရရှိလာတဲ့ သဲတစ်ကုဗမီတာဟာ ကျပ် ၁၉၅၀ ပဲရရှိပါတယ်။ မြန်မာနိုင်ငံမှာ အသုံးများတဲ့ တန်ချိန်နဲ့ ပြောင်းလဲ တွက်ချက်မယ်ဆိုရင် သဲတစ်ကုဗမီတာကို ၂ ဒသမ ၄၁ တန်ရှိပါတယ်။ ပြည်တွင်းဆောက်လုပ်ရေးသုံး သဲတစ်ကျင်းဟာ ဒေသအလိုက် ကျပ် ၁၈၀၀၀ ကနေ ကျပ် ၂၂၀၀၀ အထိပဲ ရှိနေချိန်မှာ သဲတစ်ကုဗမီတာကို ကျပ် ၁၉၅၀ ဆိုတာဟာ မြစ်ကြောင်း တိမ်ကောမှုလို့ အကြောင်းပြချက်နဲ့ သဲစုပ်ယူနေမှုကြောင့်လားဆိုတာ။
ယခု သဲစုပ်ယူမှုကနေ ရရှိလာမယ့် အကျိုးအမြတ်ဟာ တိုင်းဒေသကြီး အစိုးရအဖွဲ့က ရှင်းပြခဲ့လို့ မြစ်ကြောင်း တိမ်ကောလာမှုကို ဖြေရှင်းရန်ပဲလား။ အစိုးရအဖွဲ့ရဲ့ အဆိုအရတော့ ယခုသဲထုတ်နေတဲ့ နေရာတွေမှာသာ သောင်ခုံတွေ မရှိတော့ဘူးဆိုရင် နိုင်ငံခြား သင်္ဘောကြီးတွေဟာ ပုသိမ်မြို့အထိ ဝင်ရောက်နိုင်ပါလိမ့်မယ်လို့ ဆိုပါတယ်။ ဒါဆိုရင် သာယာလှပတဲ့ ငရုတ်ကောင်း ကမ်းခြေမှာ ရေနက်ဆိပ်ကမ်းကြီးတွေ တည်ဆောက်ရန် မလိုအပ်တော့ဘဲ သင်္ဘောကြီးတွေအားလုံး ပုသိမ်မြို့ဆိပ်ကမ်းကို ဝင်ရောက်လာနိုင်မယ် ဆိုပါတော့။ နောက်ထပ် ရရှိလာနိုင်တယ်လို့ သိရတဲ့ အကျိုးအမြတ်ဟာ မြစ်ကျွန်းပေါ်ဒေသဟာ ၂၀၁၂ ခုနှစ် နောက်ပိုင်းမှာ နှစ်ခြားဆိုသလို ကြုံတွေ့နေရတဲ့ ရေကြီးနစ်မြုပ်မှုကနေ ရှောင်လွှဲနိုင်မယ်ဆိုတာပါပဲ။ ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်း အချိန်တုန်းကတောင်မှ ဒေသခံပြည်သူတွေရဲ့ အသက်တွေ ကာကွယ်ပေးခဲ့တယ်ဆိုတဲ့ အခုသောင်ခုံပြင်ကြီးဟာ ၂၀၁၂ နောက်ပိုင်းမှာမှ ဘယ်လိုမျိုး အကျိုးအပြစ်တွေ ဖြစ်စေလဲဆိုတာ ဒေသခံတွေကို ရှင်းပြဖို့လိုပါတယ်။ နောက်ထပ် အကျိုးအမြတ် ထပ်မံရှိနိုင်တယ်လို့ ပြောဆိုခဲ့တဲ့ အကျိုးအမြတ်ဟာ သဲရောင်းချမှုကနေ ရရှိနိုင်တဲ့ အကျိုးအမြတ်ပါ။ သဲတစ်ကျင်းကို ပြည်တွင်းမှာ ကျပ် ၁၈၀၀၀ ကနေ ကျပ် ၂၂၀၀၀ ပေးဝယ်ယူနေရတဲ့ အချိန်မှာ သဲတစ်ကုဗမီတာကို အများဆုံးမှ ၁၉၅၀ ထိပဲ ရရှိမယ်ဆိုတာဟာ ဘယ်လို ညှိနှိုင်း ဆောင်ရွက်မှုလဲဆိုတာ မသိရပါဘူး။ အဓိက အရေးပါတဲ့ အချက်ကတော့ ဧရာဝတီမြစ်မကြီးကနေ ခွဲထွက်လာတဲ့ တိုးမြစ်၊ ငဝန်မြစ်၊ ပြာမလောမြစ်ရဲ့ ဆုံဆည်းရာ ဒေသမှာရှိနေတဲ့ အခုသောင်ခုံပြင်ကြီးမှာ တည်ရှိနေတဲ့ သဲများအတွင်းမှာ ပါဝင်နေတဲ့ ဓာတ်သတ္တုများနဲ့ ပတ်သက်ပြီး လုံးဝကို ထည့်သွင်း စဉ်းစားတွက်ချက်ထားခြင်း မရှိတဲ့အချက်ပါပဲ။
ပင်လယ်ပြင်နဲ့ မြစ်ကြောင်း အနီးမှာ သဲစုပ်ယူဖို့အတွက် နေရာသတ်မှတ်တဲ့ ရေပေါ်ဘောတွေ ချထားမယ်ဆိုတာကရော ဘယ်လိုနည်း ဘယ်လိုပုံစံနဲ့ စစ်ဆေးမှုတွေ၊ အတိအကျ သတ်မှတ်မှုတွေ လုပ်ဆောင်မယ်ဆိုတာကရော သိချင်စရာပါ။ နောက်တစ်ချက်ကတော့ ထုတ်ယူထားတဲ့ သဲတန်ချိန် ကုဗမီတာပေါင်း ဘယ်လောက်ရှိနေပြီလဲဆိုတာ ဘယ်လိုဘယ်နည်းနှင့် စစ်ဆေးပြီး သတင်းထုတ်ပြန်မလဲဆိုတာ တိကျတဲ့ စစ်ဆေးမှု ထုတ်ပြန်မှုလုပ်ပေးဖို့ လိုအပ်ပါတယ်။ အောက်တိုဘာ ၃၀ ရက် နောက်ဆုံးရရှိထားတဲ့ အချက်အလက်များအရ သဲတန်ချိန်ပေါင်း ၆၀၀၀ တန်အထိ ထုတ်ယူပြီးပြီလို့ သိရှိထားရပါတယ်။ သတ်မှတ်ထားတဲ့ သဲကုဗမီတာ တစ်သန်းခွဲကနေ နှစ်သန်းအထိပဲ ဆိုတာကို ဘယ်လိုများ စစ်ဆေးတိုင်းတာမလဲဆိုတာ နည်းလမ်းများ ရှာဖွေပြီးပြီလဲဆိုတာ သိချင်စရာပါ။
တကယ်အကျိုးအမြတ်ရရှိဖို့ သေချာပြီလား
ပင်လယ်ကြမ်းပြင်နဲ့ မြစ်ကြမ်းပြင်က သဲများထုတ်ယူခြင်းဟာ အကျိုးအပြစ်ဆိုပြီး ဒွန်တွဲရှိနေပါတယ်။ ရေသတ္တဝါမျိုးစေ့များဟာ ရေနက်ကြမ်းပြင်မှာ ဥချတတ်တဲ့ မျိုးစိတ်များနဲ့ ကမ်းနီးရေတိမ်များမှာ ဥချတတ်တဲ့ မျိုးစိတ်စသဖြင့် အမျိုးမျိုးကွဲပြားပါတယ်။ ရေသတ္တဝါမျိုးစိတ်များ မပျောက်ပျက်နိုင်တာ သေချာပြီလား။ လက်ရှိ ဟိုင်းကြီးကျွန်း၊ လိပ်ကျွန်းနှင့် မော်တင်စွန်းငူကြားမှာရှိနေတဲ့ သောင်ခုံကို တူးဖော်ခြင်းဟာ သဘာ၀ သဘောတရားအရ ရေအောက်မှာ ချိုင့်ဝှမ်းဖြစ်ပေါ်လာသည်နှင့်အမျှ အနီးက ကမ်းပါးများ ပြိုကျတတ်ပါတယ်။ သဲထုတ်ယူနေတဲ့ အနီးမှာရှိတဲ့ သဲသောင်ပြင်တွေသာ ပြိုကျခဲ့မယ်ဆိုလျှင် ရှားပါး သတ္တဝါမျိုးစိတ်ဖြစ်တဲ့ ပင်လယ်လိပ်ကြီးတွေ မှီခိုဥဥရာ သမီးလှကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်း မပျက်စီးနိုင်တာ သေချာပြီလား။ ဗုဒ္ဓဘာသာဝင်များရဲ့ အထွတ်အမြတ်ထားရာ သမိုင်းဦးတည် မော်တင်စွန်း စေတီတော်ကြီး ဘာတစ်ခုမှ မထိခိုက်နိုင်တာ သေချာပြီလားဆိုတာကို အသေအချာ ပြန်လည် လေ့လာစိစစ်ပြီးတော့ ပြည်သူအားလုံးကိုချပြပြီးမှ လုပ်ငန်းဆက်လုပ်ဖို့ လိုအပ်ပါလိမ့်မယ်။
သဲထုတ်ယူရန် သတ်မှတ်ထားတဲ့ လုပ်ကွက်နှစ်ခုကနေ သဲထုတ်ယူပြီး စင်ကာပူနိုင်ငံနဲ့ အိန္ဒိယနိုင်ငံများကို ရောင်းချရာမှာရရှိမယ့် ငွေကြေးဟာ အမြင့်မားဆုံး ဖြစ်နိုင်လာတဲ့ ဒေါ်လာဈေးအရ မြန်မာငွေကျပ်သန်း ၃၉၀၀ ပါ။ တကယ်လို့ စိစစ်မှုများမရှိဘဲ အသေအချာ ကြီးကြပ်လေ့လာ သုံးသပ်မှုများမရှိဘဲနဲ့ အခုလက်ရှိလုပ်ငန်းကိုသာ ခွင့်ပြုလိုက်မိသည်ဆိုပါက မထင်မှတ်သော အကျိုးအပြစ်များအဖြစ် သဘာ၀ ပင်လယ်လိပ်ကြီးများ ပျော်စံရာ သမီးလှကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းသာ ထိခိုက်မှု ရှိသွားသည်ဆိုပါက၊ မတ်မော်တင်စွန်း စေတီတော်ကြီးသာ ထိခိုက်မှုများ ရှိသွားသည်ဆိုပါက မြန်မာငွေကျပ် သန်းပေါင်း ၃၉၀၀ နှင့်တော့ လိပ်ကျွန်းပေါ်က ပင်လယ်ပျော်လိပ်ကြီးများ ဗုဒ္ဓဘာသာဝင်များရဲ့ အထွတ်အမြတ်ထားရာ သမိုင်းဝင် မော်တင်စွန်း စေတီတော်ကြီးကိုပါ မည်သည့် ကမ္ဘာ့နိုင်ငံများကမှ ပြန်လည်ဝယ်ယူဖို့ဆိုတာ မဖြစ်နိုင်ကြောင်းပါ။










