ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) အပေါ် ဘာတွေပြောကြသလဲ

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) အပေါ် ဘာတွေပြောကြသလဲ
Published 13 November 2016
ဆန်းမိုးထွန်း

၂၀၁၃ ခုနှစ် အောက်တိုဘာ ၈ ရက်မှာ သမ္မတ (ဟောင်း) ဦးသိန်းစိန်က ဆက်သွယ်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။ ဥပဒေကို ပြဋ္ဌာန်းချိန်ကတော့ မြန်မာနိုင်ငံမှာ နိုင်ငံတကာက လာရောက်လုပ်ကိုင်ကြမယ့် ဆက်သွယ်ရေး ကုမ္ပဏီကြီးတွေအတွက် ရည်ရွယ်ပြီး ပြဋ္ဌာန်းခဲ့တာပါ။
နောက်ပိုင်းမှာတော့ ဥပဒေမှာ ပါဝင်တဲ့ ပုဒ်မ ၆၆ (ဃ) နဲ့ အစိုးရပိုင်းက စတင် အရေးယူတာတွေ လုပ်ခဲ့တာကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဥပဒေဖြစ်လာပါတယ်။
ဥပဒေတစ်ရပ်မှာ ချွတ်ယွင်း အားနည်းချက်တွေ ရှိသလို အားသာချက်တွေလည်း ရှိတတ်ပါတယ်။ ချွတ်ယွင်း အားနည်းချက်ကို ပြင်ဆင်ရမှာဖြစ်ပြီး အားသာချက်ဟာလည်း ပြည်သူအတွက် အားသာချက်သာ ဖြစ်ရပါမယ်။ တစ်နည်းအားဖြင့် ဥပဒေဟာ ပြည်သူ တစ်ဦးတစ်ယောက်ရဲ့ နိုင်ငံသား ရပိုင်ခွင့်ကို ချိုးနှိမ်ပြီး အုပ်ချုပ်သူ လူတန်းစားတွေ ဖိနှိပ်ရာမှာ အသုံးပြုဖို့ အားသာချက် ဖြစ်နေပြီဆိုရင် ဒီဥပဒေကို မလွဲမသွေ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။
ဆက်သွယ်ရေး ဥပဒေမှာ ပြည်သူကို ချိုးနှိမ်မှုဖြစ်စေတဲ့ အဓိက ပုဒ်မက ၆၆ (ဃ) ဖြစ်ပြီး အဲဒီပုဒ်မကို လိုသလိုအသုံးပြုနိုင်ဖို့ ကျားကန်ပေးထားတဲ့ ပုဒ်မက ပုဒ်မ ၈၀ ဖြစ်နေပါတယ်။
ပုဒ်မ ၆၆ (ဃ) မှာ “ဆက်သွယ်ရေး ကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြု ခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း” လို့ ဖော်ပြပါတယ်။ 
ပုဒ်မ ၈၀ မှာ ဖော်ပြထားချက်အရ ပထမအချက်က ဥပဒေပါ ပြစ်မှုတွေကို ရဲအရေးပိုင်တဲ့ ပြစ်မှုတွေအဖြစ် သတ်မှတ်ပါတယ်။ နောက်တစ်ချက်က ဥပဒေအရ တရားစွဲဆိုတဲ့အခါ ဝန်ကြီးဌာနရဲ့ ကြိုတင်ခွင့်ပြုချက်ယူရမယ်လို့ ဖော်ပြပါတယ်။
ဒီအခါ ရဲလုပ်ထုံးလုပ်နည်းအရ ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ခံရသူကို စိတ်ကြိုက် လုပ်ပိုင်ခွင့်ရှိသလို ဝန်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့်အရ သာမန်ပြည်သူတွေအတွက်ဆို တစ်မျိုး၊ အုပ်ချုပ်ရေး အာဏာပိုင်တွေအတွက်ဆို တစ်မျိုး ကိုင်တွယ်ခွင့်ရှိလာခဲ့ပါတယ်။
အစိုးရဟောင်းလက်ထက် ခုနစ်ဦး
ဆက်သွယ်ရေး ဥပဒေဆိုင်ရာ သုတေသနအဖွဲ့ရဲ့ မှတ်တမ်းတွေအရ အစိုးရဟောင်း လက်ထက်မှာ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခံခဲ့ရသူ ခုနစ်ဦးရှိပြီး ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူ ငါးဦးရှိပါတယ်။
ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူ ငါးဦးကို ကြည့်မယ်ဆိုရင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ပုံကို ခြေထောက်နဲ့နင်းပြီး လူမှုကွန်ရက်စာမျက်နှာ  Facebook ပေါ်တင်ခဲ့တယ်ဆိုတဲ့ ကိုဇော်မျိုးညွန့်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အင်္ကျီအရောင်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထမီအရောင်နဲ့ ခိုင်းနှိုင်းသရော်ခဲ့တဲ့ မချောစန္ဒီထွန်း (သူ့ကိုဆိုရင် အစောပိုင်းမှာ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၄  နဲ့ အမှုဖွင့်ခဲ့ရာက နောက်ပိုင်းမှာ ပုဒ်မ ၆၆ (ဃ) ကို ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်)၊ ပုံရိပ်အမည်ကဗျာကို ရေးသားပြီး သမ္မတကို ဝေဖန်ခဲ့တယ်လို့ဆိုတဲ့ ကဗျာဆရာ မောင်ဆောင်းခ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ပုံကို ခြေထောက်နဲ့ နင်းထားတဲ့ Post ကို တင်ခဲ့တယ်လို့ဆိုတဲ့ ပက်ထရစ် ဦးခွန်ဂျာလီ၊ ဒေါ်အောင်ဆန်းစုကြည်ကို မလျော်ကန်တဲ့ ပုံတွေနဲ့ အပုပ်ချ Facebook ပေါ်တင်ခဲ့တဲ့ ဦးသန်းထွန်း တို့ဖြစ်ပါတယ်။
ပြစ်ဒဏ်အနေနဲ့ ကိုဇော်မျိုးညွန့်ကို မရမ်းကုန်း တရားရုံးကနေ ပုဒ်မ ၅၀၅ (ခ) အတွက် ပြစ်ဒဏ်အပါအဝင် ထောင်ဒဏ်တစ်နှစ်၊ မချောစန္ဒီထွန်းကို မအူပင် တရားရုံးကနေ ထောင်ဒဏ် ခြောက်လ၊ ကဗျာဆရာ မောင်ဆောင်းခကို ရွှေပြည်သာတရားရုံးကနေ ထောင်ဒဏ် ခြောက်လ၊ ပက်ထရစ် ဦးခွန်ဂျာလီကို လှိုင်တရားရုံးကနေ ထောင်ဒဏ် ခြောက်လနဲ့ ဦးသန်းထွန်းကို ကန်ကြီးထောင့်တရားရုံးကနေ ထောင်ဒဏ် ခြောက်လ ချမှတ်ခဲ့ပါတယ်။
ဒီလိုအရေးယူခဲ့တဲ့ အမှုတွေကိုကြည့်ရင် သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ လက်ရှိနိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ပတ်သက်တဲ့ အမှုတွေပဲ ဖြစ်နေတာတွေ့ရပါတယ်။
လက်ရှိမှာ အမှုပေါင်း ၉၀ ကျော်
အခုချိန်မှာလည်း ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ထားတဲ့ အမှုများစွာ ဆက်ရှိနေပါတယ်။
၂၀၁၆ ခုနှစ် ဇန်နဝါရီလကနေ ဇူလိုင် ၂၂ ရက်အထိ ရန်ကုန်တိုင်းအတွင်း ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခဲ့တဲ့ အမှုပေါင်း ၉၀ ကျော်ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အမှုပေါင်း ၉၀ ကျော်ဟာ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်မှာ ၄၁ မှု၊ အနောက်ပိုင်းခရိုင်မှာ ၃၈ မှု၊ မြောက်ပိုင်းခရိုင်မှာ ၁၀ မှုနဲ့ တောင်ပိုင်းခရိုင်မှာ သုံးမှုရှိတယ်လို့ သိရပါတယ်။ ဒီအမှုတွေထဲ အမှုအရေအတွက် ဘယ်လောက်တရားရုံး ရောက်နေပြီလဲဆိုတာနဲ့ လူဘယ်နှဦးကို ဖမ်းဆီးထားသလဲဆိုတာ ရဲတပ်ဖွဲ့ တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ တစ်နိုင်ငံလုံး အတိုင်းအတာအရ ဘယ်လောက်ရှိတယ်ဆိုတာလည်း မသိရပါဘူး။
အရင်အစိုးရ လက်ထက်မှာပဲ ပုဒ်မ ၆၆  (ဃ) အပါအဝင် ပုဒ်မ ၅၀၅ (ခ)နဲ့ အမှုဖွင့်ခံခဲ့ရတဲ့ ကိုလှဖုန်း (သူကတော့ ကြက်ဖကြီး Facebook Account ပိုင်ရှင်လို့ စွပ်စွဲခံရပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ သမ္မတ ဦးသိန်းစိန်တို့ကို တိုက်ခိုက်တဲ့ ဓာတ်ပုံတွေ Facebook မှာတင်ခဲ့တဲ့ အမှုကြောင့် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်) ကို မရန်းကုန်း တရားရုံးက ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့ပါတယ်။
ဒီမတိုင်ခင် အောက်တိုဘာလ အတွင်းကလည်း DVB သတင်းဌာနရဲ့ အလွတ်တန်း သတင်းထောက် ကိုဝဏ္ဏထွန်း ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ခံရပြီး လက်ပံတန်းတရားရုံးမှာ တရားရင်ဆိုင်နေရပါတယ်။ သူ့ကိုတော့ ချက်ချင်းဖမ်းဆီးတာမျိုးမရှိဘဲ ပုံမှန်အတိုင်း တရားရင်ဆိုင်ခွင့် ပြုထားပါတယ်။
ဒါကလည်း ပုဒ်မ ၆၆ (ဃ) ဆိုရင် အာမခံမပေးဘူးလို့ ပြောဆိုနေကြသူတွေအတွက် မျက်စိလည်စရာ ဖြစ်ခဲ့ပါတယ်။ ကိုဝဏ္ဏထွန်းကို တရားစွဲဆိုခဲ့သူက ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်ပါတယ်။
စွဲဆိုခံရသူ ၁၈ ဦး၊ ဖမ်းဆီးခံရသူ ရှစ်ဦး 
ဆက်သွယ်ရေး ဥပဒေဆိုင်ရာ သုတေသနအဖွဲ့ရဲ့ စာရင်းတွေအရတော့ နိုဝင်ဘာ ၁၀ ရက်အထိရရှိတဲ့ အချက်အလက်တွေအရ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆို ခံထားရသူ ၁၈ ဦးရှိပြီး ဖမ်းဆီးချုပ်နှောင် ခံထားရသူ ရှစ်ဦးရှိတယ်လို့ ဆိုပါတယ်။
ဒီအချက်က ခုနစ်လအတွင်း အမှုပေါင်း ၉၀ ကျော်ဆိုတဲ့ ပမာဏနဲ့နှိုင်းယှဉ်ရင် ကွာဟချက်တွေရှိနေတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ အရေးယူမယ်ဆိုရင် မျှမျှတတဖြစ် ဖို့လိုတယ်ဆိုတဲ့ အချက်နဲ့ အခုချိန်ထိ ဒီဥပဒေဟာ ထိုင်းနိုင်ငံမှာ ကျင့်သုံးနေတဲ့ တော်ဝင်ကို ကာကွယ်တဲ့ ဥပဒေပုံစံမျိုး ဖြစ်နေတာကို ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း သာမန်ပြည်သူတစ်ဦးက သူ့အပေါ် ဆက်သွယ်ရေးကွန်ရက်တစ်ခုခု အသုံးပြုပြီး ပုဂ္ဂိုလ်ရေး အပုပ်ချစော်ကားတာကို ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေ စုံစမ်းစစ်ဆေး၊ ဖမ်းဆီးအရေးယူမှု နှောင့်နှေးခဲ့တာ အာဏာပိုင်တွေအပေါ် ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။
ဖြစ်ပျက်ခဲ့တဲ့ သာဓကတွေကို ပြန်ကြည့်ရင်လည်း ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခံရပြီး ထောင်ဒဏ် ချမှတ်ခံရသူတွေရဲ့ ဖြစ်စဉ်၊ ဒီရက်ပိုင်း အတွင်းမှာပဲဖြစ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် ကိုဖိုးထောင်အမှု၊ NLD ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်း အမှု၊ Eleven Media Group ရဲ့ CEO ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုးတို့ရဲ့ အမှုတွေကိုကြည့်ရင် ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေဟာ ဝေဖန်စရာ ဖြစ်စေခဲ့ပါတယ်။
ဒါကလည်း သာမန်ပြည်သူ တစ်ဦးတစ်ယောက် မဟုတ်ဘဲ နိုင်ငံတော် အကြီးအကဲ ဒါမှမဟုတ် အစိုးရအဖွဲ့ဝင် တစ်ဦးဦးက ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်မယ်ဆိုရင် ရဲတပ်ဖွဲ့ဝင်တွေဟာ အချိန်မဆိုင်းဘဲ နေ့ချင်းညချင်း ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့လို့ ဖြစ်ပါတယ်။ ဒီအချက်ကို လက်ပံတန်းက ကိုဝဏ္ဏထွန်း အမှုနဲ့ ဦးမျိုးရန်နောင်သိန်း အမှု၊ ဒေါက်တာသန်းထွဋ်အောင်နဲ့ ကိုဝေဖြိုးအမှုတွေနဲ့  နှိုင်းယှဉ်ကြည့်လို့ရပါတယ်။ တခြားနှိုင်းယှဉ်စရာတွေလည်း အများကြီးရှိနေပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ခံရသူတွေထဲမှာ သတင်းမီဒီယာသမားတွေလည်း ပါဝင်လာပြီ ဖြစ်တာကြောင့် ရှေ့ဆက်ဘယ်လိုသွားကြမလဲဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။
အကယ်၍ အုပ်ချုပ်ရေးပိုင်းက အသရေပျက်စေမှု၊ ဂုဏ်သိက္ခာ ထိခိုက်စေမှုတွေဖြစ်လို့ သတင်းသမားတွေကို တရားစွဲမယ်ဆိုရင် အမှုဖွင့်နိုင်တဲ့ နည်းလမ်း လေးခုအထိ ဖြစ်လာပါပြီ။
နည်းလမ်းလေးသွယ်
ပထမတစ်ခု အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ အမှုဖွင့်ခြင်း ဖြစ်ပါတယ်။ (အစိုးရဟောင်းလက်ထက် ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ ပုံနှိပ်စက်ဝယ်ယူမှု ကိစ္စမှာလည်း Eleven Media Group ရဲ့ ဖော်ပြချက်က ဝန်ကြီးဌာနရဲ့ အသရေ ပျက်စေတယ်ဆိုပြီး ပုဒ်မ ၅၀၀ နဲ့ တရားစွဲခဲ့ပါတယ်) ပုဒ်မ ၅၀၀ ရဲ့ အနှစ်သာရက စွပ်စွဲခံရသူကို အာမခံပေးပြီး ခုခံချေပခွင့်နဲ့အတူ တရားရင်ဆိုင်ခွင့်ပေးတာ ဖြစ်ပါတယ်။
ဒုတိယက သတင်းမီဒီယာဥပဒေနဲ့ စွဲဆိုတာ ဖြစ်ပါတယ်။ (အစိုးရဟောင်းလက်ထက်မှာတော့ သမ္မတဦးသိန်းစိန်ကို အသရေ ပျက်စေတယ်ဆိုပြီး မြန်မာသံတော်ဆင့် သတင်းဂျာနယ်ကို သတင်းမီဒီယာဥပဒေနဲ့ တရားစွဲဆိုပြီး ငွေဒဏ်ချမှတ်ခဲ့ပါတယ်) သတင်းမီဒီယာဥပဒေက သတင်းသမားတွေနဲ့ တိုက်ရိုက် သက်ဆိုင်ပါတယ်။ ဒါပေမဲ့ ဥပဒေရဲ့ အားနည်းချက်အရ သတင်းမီဒီယာ ဥပဒေဆိုင်ရာ အငြင်းပွားမှု တစ်ခုခုဖြစ်ခဲ့ပြီဆိုရင် စာနယ်ဇင်းကောင်စီကို “တိုင်ကြားရမည်” လို့ ဖော်ပြတာမျိုးမရှိဘဲ “တိုင်ကြားနိုင်သည်”
လို့ ဖော်ပြထားတာကြောင့် သတင်းသမားတွေကို တရားစွဲလိုသူတွေက (အထူးသဖြင့် အုပ်ချုပ်ရေး အာဏာပိုင်တွေက) သတင်းမီဒီယာ ပြဋ္ဌာန်းချက်တွေကို ကျော်လွန်ပြီး အခြားဥပဒေတွေနဲ့ ဆောင်ရွက်ခွင့် ရှိနေပါတယ်။
Eleven Media Group ဖြစ်စဉ်မှာ ရန်ကုန်တိုင်းအစိုးရက စာနယ်ဇင်းကောင်စီကို တိုင်ကြားခဲ့ပေမယ့် တိုင်စာ လက်ခံရရှိတဲ့နေ့ဟာ ရဲစခန်းမှာလည်း အမှုဖွင့်လိုက်တဲ့နေ့ ဖြစ်နေတာကြောင့် သတင်းမီဒီယာ နည်းဥပဒေ ၃၇ အရ လက်ရှိဖွင့်ထားတဲ့ အမှုကို ပိတ်သိမ်းပေးမှ စာနယ်ဇင်းကောင်စီက လုပ်ဆောင်ပေးလို့ရမှာ ဖြစ်ပါတယ်။
တတိယနည်းလမ်းက ၂၀၀၄ ခုနှစ်မှာ ပြဋ္ဌာန်းထားတဲ့ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ဖြစ်ပါတယ်။ (အဲဒီဥပဒေကို စစ်အာဏာရှင်တွေ အစဉ်တစိုက် သုံးစွဲခဲ့ပြီး  နိုင်ငံရေးသမားတွေကို အီးမေးလ် တစ်စောင် ထောင်ငါးနှစ် ချမှတ်ခဲ့ရာမှာ အသုံးပြုခဲ့တာပါ) ဒီဥပဒေကို စတင်ပြဋ္ဌာန်းပြီးချိန်မှာ ပြင်းထန်ပေမယ့် နောက်ပိုင်းမှာတော့ ပြင်ဆင်ခဲ့ပြီး ပြစ်ဒဏ်အပိုင်းမှာ ဒဏ်ငွေဆောင်စေတာနဲ့ ထောင်ဒဏ်တွေ လျှော့ချလိုက်တဲ့အပြင် အာမခံပေးနိုင်တဲ့ ဥပဒေဖြစ်ခဲ့ပါတယ်။
ဒီလို ပြောင်းလဲခဲ့ပြီးနောက်ပိုင်း အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေဟာ နိုင်ငံရေးလက်နက်မဖြစ်တော့ သာမန်ဥပဒေတစ်ခု ဖြစ်လာပါတယ်။
ဒီအချိန်မှာပဲ ဆက်သွယ်ရေး လုပ်ငန်း၊ ပြည်ပကုမ္ပဏီတွေရဲ့လုပ်ငန်း လုပ်ဆောင်မှုအတွက် ရည်ရွယ်တဲ့ ဆက်သွယ်ရေး ဥပဒေမှာ ဖွင့်ဆိုထားတဲ့ ပုဒ်မ ၆၆ (ဃ) ကို အသုံးပြုမှု များလာပါတယ်။
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၈၀ ပြဋ္ဌာန်းချက်အရ ပုဒ်မ ၆၆ (ဃ) ကို အသုံးပြုပြီး အဆင့်မြင့် အုပ်ချုပ်ရေး အာဏာပိုင်တွေက တိုင်တန်းတဲ့အခါ ရဲအရေးပိုင်တယ်ဆိုတဲ့ ဖွင့်ဆိုချက်နဲ့ ရဲကချက်ချင်း ဖမ်းဆီးပိုင်ခွင့်
ရှိနေပါတယ်။ တရားလိုတိုင်တန်းချက်အပေါ် စွပ်စွဲခံရသူက ခုခံချေပပြောဆိုခွင့် ဘာမှလုပ်ခွင့်မပေးဘဲ ချက်ချင်းဖမ်းဆီးတာမျိုး ဖြစ်ပါတယ်။ နောက်တစ်ချက်က အာမခံပေးခြင်း၊ မပေးခြင်းကို မညီမျှမှုတွေရှိနေပြီး အဆင့်မြင့်အုပ်ချုပ်ရေးဘက်က စွဲဆိုတဲ့ အမှုတွေမှာ အာမခံမပေးတာ ဖြစ်ပါတယ်။ ဥပဒေမှာတော့ ရဲအရေးပိုင်တယ်ဆိုတဲ့ တစ်ချက်ကလွဲပြီး အာမခံမပေးရဘူးဆိုတဲ့ ဖွင့်ဆိုချက်မပါပါဘူး။
ဒါကို ကြည့်ခြင်းအားဖြင့် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ တိုင်တန်းခံရသူဟာ ချက်ချင်းဖမ်းဆီးခံရပြီး ထောင်ထဲ အပို့ခံရမယ်ဆိုတဲ့ပုံစံ ဖြစ်ခဲ့ပါတယ်။
တကယ်တော့ ပုဒ်မ ၆၆ (ဃ) ဖွင့်ဆိုချက်က တစ်ချိန်က စစ်အာဏာရှင်တွေ နိုင်ငံရေးလက်နက်အဖြစ် အသုံးချခဲ့တဲ့ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၄ (ဃ) ပါ ဖော်ပြချက်နဲ့ အများကြီး မကွဲလွဲပါဘူး။
အီလက်ထရွန်နစ် ဆက်သွယ် ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၄(ဃ) မှာ “အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်နစ်နာစေရန် ဖြစ်စေ၊ ဂုဏ်သိက္ခာ ကျဆင်းစေရန်ဖြစ်စေ၊ သတင်းအချက်အလက်များကို အီလက်ထရွန်နစ် နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း၊ ထိုသို့ ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း ပြုလုပ်ထားသည့် အချက်အလက်ကို ဖြန့်ချိခြင်း” လို့ ဖော်ပြထားပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် သတင်းမီဒီယာနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တစ်ခုမှာ အခြားပုဒ်မတွေနဲ့ အမှုဖွင့်တာထက် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ကို အသုံးပြုခဲ့တာဟာ ပင်မအငြင်းပွားမှု အကြောင်းအရာထက် အာရုံစိုက်စရာ ဖြစ်စေခဲ့ပါတယ်။
ဘယ်သူတွေက ဘာပြောကြလဲ
ဥပဒေရေးရာ ကျွမ်းကျင်သူတွေ အပါအဝင် နိုင်ငံရေးကျွမ်းကျင်သူတွေကတော့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အမှန်တကယ် ထိခိုက်စေတဲ့ ပုဒ်မလို့ ပြောကြပါတယ်။
■ ဦးသိန်းသန်းဦး (တရားလွှတ်တော်ရှေ့နေ)
ဒီ ၆၆ (ဃ) ကတော့လေ စစ်အစိုးရခေတ်တုန်းက လူထုကိုဖိနှိပ်ဖို့ နောက်သူ့ရဲ့ အတိုက်အခံတွေကို နှိပ်ကွပ်ဖို့အတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေပဲ။ ဒီဥပဒေကရှိလည်း မရှိသင့်ပါဘူး။ နောက် Freedom of Expression ပေါ့ တစ်ဖက်က လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ကိုပါ ထိခိုက်စေတဲ့ ကိစ္စဖြစ်တယ်။ ကျွန်တော်တို့ ဒီဥပဒေကို အမြန်ဖျက်သိမ်းဖို့အတွက် ကျွန်တော်တို့ကြိုးစားရမှာပါ။
ဥပဒေအရာမှာ လူတိုင်းတန်း တူခွင့်ရှိရမယ်။ သူတို့လူက အမြဲတမ်း အပေါ်စီးကနေတယ်။ လက်ရှိအစိုးရကို ပြောတာမဟုတ်ဘူး။ စစ်အစိုးရဆိုလည်း လုပ်မှာပဲ။ ဥပဒေအရာမှာ လူတိုင်းတန်းတူ ခွင့်ရှိတယ်ဆိုတာ မရှိပါဘူး။ တိတိကျကျ ဦးတည်တဲ့ ဆိုက်ဘာဥပဒေဆိုတာ ပေါ်ပေါက်ဖို့လိုနေပြီ။ အားလုံးတော့ ဝိုင်းကြိုးစားနေကြတယ်။
■ ဒေါက်တာ ရန်မျိုးသိမ်း (နိုင်ငံရေးဆောင်ပါးရှင်)
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ကို လာမယ့်လွှတ်တော် အစည်းအဝေးမှာ ပြန်သုံးသပ်ပြီးတော့ ပြင်ဆင်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ တကယ်လို့ လိုအပ်မယ်ဆိုရင် ဒီ ၆၆ (ဃ) ကို ပယ်ဖျက်တာမျိုးအထိ လုပ်သင့်တယ်လို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ ၆၆ (ဃ) ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲကို အဟန့်အတား ဖြစ်စေနိုင်တဲ့ဘက်ကို ဦးတည်နေတယ်လို့ မြင်တယ်။ နောက်ပြီးတော့ နိုင်ငံသား အခွင့်အရေး၊ နောက်ပြီးတော့ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍကို ထိုးနှက်နိုင်တဲ့ အနေအထားမျိုးမှာ ရှိနေတဲ့အခါကျတော့ ဒီမိုကရေစီ အပြောင်းအလဲအတွက်ရော၊ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ဖွံ့ဖြိုးတိုးတက်ရေး အတွက်ရော ဒီ ၆၆ (ဃ) ပုဒ်မဟာ အဟန့်အတားဖြစ်နေတယ်လို့ ကျွန်တော်ကတော့ သုံးသပ်တယ်။
ဘယ်ဥပဒေ ဘယ်ပုဒ်မပဲဖြစ်ဖြစ် အဆင့်အတန်း၊ လူမျိုး၊ ဘာသာကို အခြေခံပြီးတော့ ခွဲခြားဆောင်ရွက်တာမျိုး မဖြစ်သင့်ဘူးလို့ မြင်တယ်။ နောက်ပြီးတော့ ဥပဒေဟာ မျှော့ကြိုးလို မဖြစ်ဖို့ လိုအပ်တယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။
■ ဦးအောင်လှထွန်း (မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ - ၁)
၆၆ (ဃ) နဲ့ တရားစွဲတဲ့ဟာကို ကျွန်တော်တို့ တော်တော်စိတ်မကောင်း ဖြစ်သွားတယ်။ မီဒီယာသမားတွေနဲ့ ပတ်သက်ရင် မီဒီယာသမားတွေအပေါ်မှာ မီဒီယာကိစ္စရပ်နဲ့ ပတ်သက်လို့ မကျေနပ်စရာ အမှုအခင်းတစ်ခု ဖြစ်လာရင်ပေါ့။ လက်ရှိ သတင်းမီဒီယာ ဥပဒေအရဆိုရင် ကောင်စီကို အကြောင်းကြားရမှာ ဖြစ်ပါတယ်။ ကောင်စီကို အရင်အကြောင်းကြားမယ်။ မကျေနပ်ရင်လည်း မကျေနပ်တဲ့အကြောင်း တိုင်တန်းရတယ်ပေါ့။ အရေးယူဖို့အတွက်။ မီဒီယာကောင်စီက ဖြေရှင်းလို့မရမှသာ အခြားနည်းလမ်းကြောင်းတွေနဲ့ လုပ်သင့်တယ်လို့ ထင်ပါတယ်။ သတင်းမီဒီယာ ဥပဒေအရ ပေါ်ထွန်းလာတဲ့ သတင်းမီဒီယာ ကောင်စီကို အာဏာပိုင်အဖွဲ့အစည်းတွေက ပိုပြီးတော့ လေးစားပြဖို့လိုပါတယ်။
■ ဦးသန်းထိုက်သူ (မြန်မာပို့စ်နှင့် မြန်မာပို့စ်ဂလိုဘယ် သတင်းဂျာနယ် အယ်ဒီတာချုပ်)
ယခင် အရပ်သားတစ်ပိုင်း အစိုးရလက်ထက်မှာလည်း ပုဒ်မ ၅၀၀ အပါအဝင် နည်းမျိုးစုံနဲ့ မီဒီယာကို ဖိအားအမျိုးမျိုးပေးခဲ့ပါတယ်။ အခုလက်ရှိကတော့ ကျွန်တော်တို့ ပြည်သူတွေအားလုံးက ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရ။ ၆၆ (ဃ) ဆိုတာကြီးနဲ့ ကိုင်တွယ်မှုပြုလာတယ်။ ဒါဟာ လုံးဝမလုပ်သင့်တဲ့ အရာတစ်ခုဖြစ်သလို တတ်နိုင်သမျှ ဝိုင်းဝန်းကြိုးပမ်းပြီး ဒီဥပဒေပုဒ်မကို ဖျက်သိမ်းနိုင်ဖို့ ကြိုးပမ်းရမှာဖြစ်ပါတယ်။
ကျွန်တော် ဒီလိုပြောတယ်ဆိုတာကတော့ ကျွန်တော်တို့ ရေးချင်ရာရေးမယ်ဆိုတဲ့ သဘောကို ဆောင်တာမဟုတ်ပါဘူး။ စောင့်ထိန်း လိုက်နာအပ်တဲ့ ကျင့်ဝတ်၊ ဘောင်တွေကို ကျော်လွန်သွားရင်၊ မီဒီယာသမား မှားယွင်းဖော်ပြခဲ့ရင် သက်ဆိုင်ရာ မီဒီယာသမားတွေ တာဝန်အပြည့်အ၀ ယူကြပါလိမ့်မယ်။
ယူလည်း ယူရပါမယ်။ ကျွန်တော်တို့ မီဒီယာသမားတွေဟာလည်း ဥပဒေအထက်မှာ ကျော်လွန်ပြီး ရှိမနေရပါဘူး။ ဘယ်သူကမှလည်း ကျော်လွန်ပြီး ရှိမနေလိုကြပါဘူး။
ဒါပေမဲ့ ဒီ ၆၆ (ဃ) ဆိုတဲ့အရာကတော့ မီဒီယာသမားတွေအတွက် ရယ်မှမဟုတ်ပါဘူး။ အားလုံးသော ပြည်သူတွေအတွက် ရှိကိုမရှိသင့်တဲ့ အရာပါ။ ဖျက်ကို ဖျက်သိမ်းပစ်ရပါမယ်။
အခြားပြောင်းလဲစွဲဆိုနိုင်တဲ့ ဥပဒေ ပုဒ်မပေါင်းများစွာ ရှိနေပါတယ်။ အားလုံးပဲစဉ်းစား သုံးသပ်ကြည့်နိုင်ပါတယ်။ အမှုဖွင့်ခံလိုက်ရတာနဲ့ လက်ထိတ်ဝတ်၊ အထဲတန်းဝင်ရတဲ့ ဒီပုဒ်မဟာ စွပ်စွဲခံရသူအတွက် ဘယ်လောက်အထိ ထိခိုက် နစ်နာနိုင်မလဲဆိုတာ။ ဒီလောက်ပါပဲ။ ကျေးဇူးတင်ပါတယ်။
■ ဦးနေမျိုးကျော် (ခ) ဦးနေဘုန်းလတ် (ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)
ကျွန်တော်တို့ ထောက်ပြတာ နှစ်ချက်က အာမခံမရတဲ့ ကိစ္စပေါ့။ အာမခံမရတဲ့ ကိစ္စကလည်း တော်တော်လေးကို စိုးတယ်။ နည်းပညာအရလည်း အကောင့်အတုတွေက လုပ်လို့ရတယ်။ ကိုယ့်ဓာတ်ပုံကို ယူပြီးတော့ ကိုယ့်နာမည်နဲ့ အကောင့်အတုလုပ်ပြီးတော့ ပေါက်တတ်ကရ လျှောက်ပြောရင်တောင် တကယ်ဖမ်းရင် ကိုယ့်ပဲလာဖမ်းမှာ။ ကျန်တဲ့ဟာက စခန်းရောက်မှ ရှင်းဖြစ်နေတော့ အာမခံမရတဲ့ ကိစ္စကိုလည်း ထောက်ပြတယ်။ နောက်တစ်ခုက ခံရတဲ့သူမဟုတ်ဘဲနဲ့ တခြားသူတစ်ယောက်က ကြားထဲကနေ စွဲတာမျိုးဆိုလို့ရှိရင်လည်း ဒါလည်းမဖြစ်သင့်ဘူး။ အဲဒီနှစ်ခုကို ကျွန်တော်တို့ ထောက်ပြတယ်။
ကျွန်တော် အမြင်ပြောရရင် ၆၆ (ဃ) က Telecom Law ထဲမှာမရှိသင့်ဘူး။ Cyber Law ဆိုတာမျိုး ထပ်စွဲသင့်တယ်။ နောက်ပိုင်းကျရင် နည်းပညာကို အသုံးပြုပြီးတော့ အသရေ ဖျက်တာမျိုးပဲဖြစ်ဖြစ်၊ နောက် Cyber Bully လုပ်တာပဲဖြစ်ဖြစ်၊ ခြိမ်းခြောက်တာပဲ ဖြစ်ဖြစ်၊ အသုံးပြုသူ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ဖြစ်တဲ့ကိစ္စတွေကျတော့ Cyber Crime တွေဖြစ်လာပြီဆိုတာနဲ့ Cyber Law ကို သီးခြားရှိသင့်တယ်။ အဲဒီလိုရှိတဲ့နေရာမှာမှ ဒီ ၆၆ (ဃ) လို ကိစ္စမျိုးက အဲဒီမှာမှ သွားထည့်သင့်တယ်။ ကျွန်တော်ကတော့ Cyber Law ကို ဆွဲစေချင်တယ်။ Cyber Law ထဲမှာပဲ ထည့်စေချင်တယ်။ ထည့်တဲ့အခါမှာလည်း တိကျတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေနဲ့ ထည့်ရမယ်။
နှစ်မျိုးလုပ်လို့ရတယ်။ ပြင်မယ်ဆိုရင်လည်း ကျွန်တော် ခုနကပြောတဲ့ အချက်နှစ်ချက်ဖြစ်တဲ့ အာမခံပေးရမယ် ဆိုတာရယ်။ တရားစွဲတဲ့အခါမှာ ကြားလူမဟုတ်ဘဲနဲ့ နစ်နာသူက စွဲရမယ်ဆိုတဲ့ကိစ္စ အဲဒီမှာမှ နစ်နာသူက မစွဲနိုင်ရင်တော့ ကြားလူစွဲပေါ့။ ပြင်မယ်ဆို အဲဒီနှစ်ခုကို ပြင်စေချင်တယ်။ နောက်ပြီး ဒီကောင့်ကိုပဲဆက်ပြီး သုံးမယ်ဆို နည်းဥပဒေတွေ ဆွဲစေချင်တယ်။ တိကျတဲ့ နည်းဥပဒေတွေကို ဆွဲစေချင်တယ်။ အခုဟာက တိကျတဲ့ နည်းဥပဒေ မရှိတဲ့အခါကျတော့ ၆၆ (ဃ) မှာ ပါတဲ့စကားလုံးတွေဖြစ်တဲ့ ခြိမ်းခြောက်တာတို့၊ အသရေဖျက်တာတို့က ဘာတွေလဲ ဘယ်လောက်ထိ ပြောတာလဲဆိုတဲ့အပေါ်မှာ တိကျတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ မရှိဘူး။ ဒီဥပဒေကိုပဲ သုံးမယ်။ ပြင်မယ်ဆိုရင်တော့ တိကျတဲ့ နည်းဥပဒေတွေ ဆွဲစေချင်တယ်။ ဖျက်မယ်ဆိုရင်တော့ Cyber Law ကို ဆွဲပြီးတော့ အဲဒီထဲကို ကျွန်တော်က ရွှေ့ပစ်လိုက်စေချင်တယ်။
ဒီဥပဒေက ပြည်ထောင်စုအဆင့်က လုပ်ရမှာဆိုတော့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က လုပ်ရမှာ။ ဒီနေ့ (နိုဝင်ဘာ ၁၂ ရက်) မှာ ကြားတာတော့ ဦးရွှေမန်း ဦးဆောင်တဲ့ ကော်မရှင်ကပြီးတော့ ဒီဥပဒေကို ပြန်ပြီးတော့ လေ့လာသုံးသပ်နေတာဆိုတာ ခုနကတွေ့လိုက်တယ်။ တကယ်တမ်းက ဖြစ်သင့်တယ်။ ဒီလောက် လူပြောသူပြော များလာပြီ ဆိုရင်တော့ ဒီဥပဒေကို ပြန်လေ့လာသင့်တယ်။ တကယ့်ပညာရှင်တွေရဲ က အကြံပြုချက်တွေကို ဖိတ်ခေါ်သင့်တယ်။ ဖိတ်ခေါ်ပြီးတော့မှ တကယ်ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပုံစံမျိုးကိုလာမယ့် လွှတ်တော်မှာ လုပ်သင့်တယ်။
၆၆ (ဃ) ရဲ့ အားနည်းချက်ကို ကြည့်တဲ့အခါမှာ အားနည်းမှုတွေ ရှိနေတယ်။ တကယ်တမ်းကျတော့ တရားစွဲဆိုခံရတာပဲရှိတာ။ ဒီလူဟာ တရားခံ မဟုတ်သေးဘူး။ သိက္ခာရှိရှိနဲ့ အပြင်ကနေ ရင်ဆိုင်ခွင့်ရတာမျိုး အစွပ်စွဲခံရသူတွေဘက်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခွင့် မပြုထားတဲ့ ပုံစံမျိုးဖြစ်နေတယ်။ အဲဒီလိုမျိုး ခွင့်ပြုတဲ့ အနေအထားမျိုး ရောက်အောင်တော့ ကျွန်တော်ကတော့ ပြင်စေချင်တယ်။ အဲဒီလိုမျိုး ပြင်လိုက်မှ အဆင်ပြေလိမ့်မယ်။ စွပ်စွဲခံရတဲ့သူဘက်မှာ ဘာအခွင့်အရေးမှ မရှိသလို ဖြစ်နေတယ်။
■ ဒေါ်ကေခိုင်ကျော် (ဒီဗွီဘီသတင်းဌာနမှ Planning Incharge)
အဓိက,ကတော့ ၆၆ (ဃ) နဲ့ပတ်သက်ပြီးတော့ မီဒီယာတွေထဲက Eleven ကိုစပြီး တရားစွဲဆိုတာပေါ့နော်။ အဲဒီအပေါ်မှာ လက်မခံတဲ့အတွက် ဒီကိစ္စကို ကန့်ကွက်တဲ့ သဘောနဲ့ လက်မှတ်ထိုးတဲ့ ကန်ပိန်းလေးတစ်ခု လုပ်နေပါတယ်။ အဓိကကတော့ မီဒီယာသမားတွေပေါ့။ မီဒီယာသမားတွေ ပူးပေါင်းပြီး လက်မှတ်ရေးထိုးပြီးတော့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကိုတင်ဖို့ လုပ်နေတာပါ။
ဘာဖြစ်လို့ လက်မခံလဲဆိုတော့ အဓိက,က ဒီပုဒ်မက အာမခံလည်းမရဘူး။ ၅ (ည) လိုပုဒ်မမျိုး ပေါ့နော်။ ချက်ချင်းကြီး ထောင်ထဲကို ပို့လိုက်တဲ့ ပုဒ်မနဲ့ မီဒီယာသမားတွေကို စွဲဆိုလာတာကို လက်မခံလို့ပါ။ တစ်ချိန်မဟုတ် တစ်ချိန် ကိုယ့်အလှည့်တော့ ရောက်လာမှာပဲလေ။ အဲဒါကြောင့် အားလုံးအတွက်ပါ။ အမှန်တကယ်ပြောရရင် ဒီ ၆၆ (ဃ) နဲ့ တရားစွဲခံရသူ အားလုံးအတွက်ကို အဓိကထားပြီး လုပ်တာပါ။ ဒါပေမဲ့ ကျွန်မတို့က မီဒီယာသမားဖြစ်တဲ့အတွက် မီဒီယာသမား အစွဲခံရတာကို ခေါင်းစဉ်တပ်ပြီးတော့ လုပ်တာပါ။
၆၆ (ဃ) ဆိုတာက နည်းဥပဒေလည်းမရှိပါဘူး။ အီလက်ထရွန်နစ် အက်ဥပဒေကို မြန်မာအမည်ပြောင်းပြီးတော့ ၆၆ (ဃ) ဆက်သွယ်ရေး ပုဒ်မဆိုပြီး ပြောင်းထားတဲ့ဟာလေးပါပဲ။ အရင်အစိုးရ လက်ထက်တွေတုန်းက အခုလက်ရှိအစိုးရအဖွဲ့မှာ ပါဝင်တဲ့သူတွေအများစုက အီလက်ထရွန်နစ် အက်ဥပဒေကို ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီလိုကြုံတွေ့ပြီး ခံစားခဲ့ရတဲ့သူတွေက ကျွန်မတို့ကို ဒီဟာတွေနဲ့ ပြန်ပြီး တရားစွဲဆိုဖို့ လုပ်တာတွေဟာ ကျွန်မတို့ဘက်က ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ အဲဒါကြောင့်မို့လည်း ကျွန်မက ၆၆ (ဃ) နဲ့ပတ်သက်ပြီးတော့ ဒီအပေါ်မှာ လက်မှတ်ထိုးပြီးတော့ ကန့်ကွက်ကြောင်းကို ဝန်ကြီးချုပ်ထံတင်မှာ ဖြစ်ပါတယ်။
တချို့နေရာတွေမှာတော့ ဒီနေ့ (နိုဝင်ဘာ ၁၂ ရက်) မှာ စကောက်နေပြီ။ နယ်သတင်းထောက်တွေ အတွက်တော့ အွန်လိုင်းကနေ ထိုးလို့ရအောင်လုပ်ပေးတယ်။ တခြားတက်ကြွ လှုပ်ရှားသူတွေနဲ့ ပြည်သူတွေက လက်မှတ်ထိုးမယ်လို့ ပြောထားတယ်။ ကျွန်မတို့နဲ့ အတူလုပ်နေတဲ့သူတွေကလည်း သူတို့ နီးစပ်ရာတွေကို
ကောက်နေကြတယ်။ ကျွန်မတို့ အနေနဲ့ တစ်ပတ်အတွင်း ကောက်ပြီးတော့ ဝန်ကြီးချုပ်ထံ တင်နိုင်အောင်လို့ ကြိုးစားနေပါတယ်။
ကျွန်မတို့ မီဒီယာတွေက မှားခဲ့တယ်ဆိုရင် တရားစွဲပါ။ ဒါပေမဲ့ ၆၆ (ဃ) နဲ့တော့ ဝန်ကြီးချုပ်အနေနဲ့ မစွဲသင့်ဘူးလို့ မြင်တယ်။ မတရားတဲ့ ပုဒ်မတွေက အများကြီးပါ။ အဲဒီပုဒ်မတွေ ကိုပြင်စေချင်လို့ ကျွန်မတို့က ယုံကြည်စွာနဲ့ မဲထည့်ခဲ့တာ။ အဲဒီပုဒ်မတွေနဲ့ ကျွန်မတို့ကို ပြန်ပြီးဖိနှိပ်မယ်ဆိုရင်တော့ ဒါကမဖြစ်သင့်ဘူး။ ကျွန်မတို့အခု လက်မှတ်ထိုး တောင်းဆိုနေတာကလည်း ဒီ ၆၆ (ဃ) နဲ့ အမှုဖွင့်ထားတာကို ရုပ်သိမ်းပေးစေချင်တယ်။
ရုပ်သိမ်းပေးဖို့ကိုလည်း ကျွန်မတို့က လက်မှတ်ထိုး တောင်းဆိုတဲ့သဘောပါ။ မီဒီယာအပေါ် ၆၆ (ဃ) နဲ့ တရားစွဲဆိုမှုအပေါ်မှာ အမှုကို ရုပ်သိမ်းပေးဖို့ ကန့်ကွက်တဲ့ လက်မှတ်ထိုး လှုပ်ရှားမှုလေးပါပဲ။
■ မောင်ဆောင်းခ (ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့)
ပုဒ်မ ၆၆(ဃ) ဆိုတာ ပြည်သူတွေရဲ့ အခြေခံ လူ့အခွင့်အရေးတစ်ခုဖြစ်တဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို တားဆီးပိတ်ပင်ရာ ရောက်နေတဲ့အတွက် မဖြစ်မနေပြင်ဖို့ လိုပါတယ်။ ပြီးတော့တိကျတဲ့ လုပ်ထုံးလုပ်နည်းတွေ ပါဝင်တဲ့ နည်းဥပဒေကို အမြန်ရေးဆွဲပြဋ္ဌာန်းရမှာ ဖြစ်ပါတယ်။
အဲဒီလို မလုပ်ချင်ရင်တော့ ဆက်သွယ်ရေးဝန်ကြီးဌာနက Cyber Law ကို ပြီးအောင်ဆွဲပေးဖို့လိုပါတယ်။ Cyber Law ရှိလာရင်တော့ ၆၆ (ဃ) ဆိုတာ ရှိစရာမလိုတော့ဘူးပေါ့။
နိုင်ငံသားများ၏ မူလအခွင့်အရေး ကော်မတီအနေနဲ့ အရေးကြီး အဆိုတင်ပြီး လာမယ့်လွှတ်တော်မှာ ဆွေးနွေးမယ်ဆိုရင်တော့ ဖြစ်နိုင်တယ်။ လတ်တလောမှာ အွန်လိုင်းသုံးတဲ့ သူတွေကို ထောင်ထဲအချိန် မရွေးပို့နိုင်တဲ့ ဒီဥပဒေကို လာမယ့်လွှတ်တော်မှာ ပြင်ဆင်သင့်ပါတယ်။
■ ဦးကျော်ကျော်မင်း (အလွတ်တန်း သတင်းထောက်)
၆၆ (ဃ) ကို ပြောရရင် ဒီပုဒ်မကိုက အရင်က အီလက်ထရွန်နစ် ဥပဒေဆိုတဲ့ စစ်အစိုးရလက်ထက်ကထဲက ဥပဒေကိုမှ အသွင်ပြောင်းထားတဲ့ ဥပဒေ။ နောက်အဲဒီဥပဒေ ရဲကလက်ရှိဖြစ်နေတဲ့ ပြဿနာက နည်းဥပဒေ လုံးဝမရှိဘူး။ နည်းဥပဒေမရှိတဲ့အတွက် ဒီဥပဒေရဲ့ အတိမ်အနက် အဓိပ္ပာယ်ကန့်သတ်ချက်ဆိုတာ ပြီးပြည့်စုံတာမရှိဘူး။ Facebook ပေါ်မှာ တစ်ယောက်ယောက်က ပုံစံတူ ရေးလိုက်ရင်ကို တရားစွဲခံရမယ့် ပုံစံမျိုးပေါက်နေတယ်။ ဘယ်လိုမှ မမျှတတဲ့ ဥပဒေတစ်ခုဖြစ်နေတဲ့ အခါကျတော့ ဒီဥပဒေက နဂိုကတည်းက မရှိသင့်တဲ့ ဥပဒေ။ အဲဒီမရှိသင့်တဲ့ ဥပဒေကို အသုံးချခဲ့တယ်။ အသုံးချတယ်ဆိုရာမှာ တစ်ချိန်က နာမည်ဆိုးထွက်တဲ့သူတွေက အသုံးချခဲ့တယ်။ အခုကျတော့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးကို ဇောင်းပေးလာတဲ့ အဖွဲ့အစည်းတစ်ခုက အသုံးချလိုက်တဲ့အပေါ်မှာ စိတ်မကောင်းဘူး။ အသုံးမချသင့်တဲ့ အရာတစ်ခုကို အသုံးချလိုက်တယ်။ ဒါကြီးကို ရည်ရွယ်ပြီး လက်နက်တစ်ခုလို အသုံးချလိုက်တဲ့ ပုံစံမျိုးဖြစ်နေတယ်။ ပုဒ်မ ၅၀၀ ပဲဖြစ်ဖြစ်၊ သတင်းမီဒီယာ ဥပဒေနဲ့လည်း စွဲလို့ရပါလျက်နဲ့ ၆၆ (ဃ) ကို
အသုံးပြုလိုက်တဲ့ အပေါ်မှာ ဘယ်လို နားမလည်နိုင်ဘူး။ အဲဒီကိစ္စကိုလည်း ကျွန်တော်တို့ အနေနဲ့ သဘောမကျဘူး။ ကန့်ကွက်တယ်။
ကျွန်တော်တို့ရဲ့ သဘောထားကို လက်ရှိ ၆၆ (ဃ) ကို အသုံးပြုတဲ့သူတွေကို အသိပေးချင်တဲ့ သဘောပဲ။ ဘာလို့လဲဆိုတော့ ဒီ ၆၆ (ဃ) က အစောကြီးထဲကလည်း မသုံးပါနဲ့၊ မသုံးသင့်ဘူးလို့ ပြောတယ်။ ရှေ့ဖြစ်စဉ်တွေမှာလည်း မသုံးပါနဲ့လို့ ပြောခဲ့တယ်။ ဒါပေမဲ့ ဥပဒေကရှိနေတယ်ဆိုပြီးတော့ လိုတဲ့သူကလိုသလို သုံးတယ်။ နောက်ပြီး ဒီဥပဒေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဝေဖန်ချက်တွေ ထွက်လာသလို ဥပဒေက အာဏာရှိတဲ့သူတွေ လက်ထဲရောက်မှ အသက်ဝင်တဲ့ အခြေအနေမျိုးတွေကိုလည်း တွေ့ရတယ်။ ရှင်းရှင်းပြောရရင် သာမန်လူတစ်ယောက်က ၆၆ (ဃ) နဲ့ သွားတိုင်တယ် ဆိုလို့ရှိရင် ရဲစခန်းက အရေးတောင် မလုပ်ချင်တဲ့ သဘောတွေကိုလည်း အရင်ကတည်းက ကျွန်တော်တို့ တွေ့ရတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ အာဏာရှိတဲ့သူ တစ်ယောက်ကသုံးရင် ဥပဒေက ချက်ချင်းအသက်ဝင်သလိုမျိုး တွေ့ရတော့ အဲဒါကဥပဒေရဲ့ အားနည်းချက်လို့ပဲ ပြောရမယ်။ အားနည်းချက်ရှိတဲ့ ဥပဒေမျိုးကို အသုံးပြုပြီးတော့ လွဲမှားစွာ အသုံးချနေတာကို ကျွန်တော်တို့က ဆန့်ကျင်တဲ့သဘောပဲ။
■ ဥပဒေပြင်ဖို့ လေ့လာနေ
ဒီရက်ပိုင်း ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) အပေါ် ဝေဖန်ပြောဆိုမှုတွေ မြင့်တက်လာချိန်မှာ ဒါကို ပြန်လည် ပြင်ဆင်ဖို့ သူရဦးရွှေမန်း ဦးဆောင်တဲ့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်က လေ့လာနေပြီလို့ နိုဝင်ဘာ ၁၀ ရက်မှာပဲ ကုမုဒြာ သတင်းဂျာနယ် Facebook စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။
လူတစ်ဦးတစ်ယောက်မှာ အပြစ်ရှိ၊ မရှိ မသေချာဘဲ ဖမ်းဆီးထိန်းသိမ်းခံရတာ၊ အာမခံမရတာတွေက လူ့အခွင့်အရေးနဲ့ မကိုက်ညီတာတွေ ဖြစ်နေတယ်ဆိုတဲ့ သုံးသပ်ပြောဆိုမှုတွေနဲ့အတူ ဥပဒေကို ပြန်လေ့လာနေတယ်ဆိုတဲ့ အကြောင်း ကုမုဒြာသတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။    

Most Read

Most Recent