ကံ့ကော်ဝတ်ရည်စာအုပ်တိုက်မှ ထုတ်ဝေသူ မဝိုင်းနှင့် တွေ့ဆုံခြင်း

ကံ့ကော်ဝတ်ရည်စာအုပ်တိုက်မှ ထုတ်ဝေသူ မဝိုင်းနှင့် တွေ့ဆုံခြင်း
Published 13 November 2016
ပြည့်စုံနေဝင်း

ယခုလက်ရှိအချိန်တွင် စာဖတ်သည့်အလေ့အထကို လူကြီး၊ လူငယ်များအကြား ရှင်သန်ပြီး စာဖတ်ရှိန်မြင့်တက်စေရန် ရည်ရွယ်ချက်တို့ဖြင့် စာပေနှင့် ပတ်သက်ဆက်စပ်သည့် နယ်ပယ်စုံမှ ကြိုးပမ်းလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိကြသည်။ စာကြည့်တိုက်သစ်များ ဖွင့်လှစ်ခြင်း၊ ရှိနှင့်ပြီးစာကြည့်တိုက်များ အရှိန်အဟုန်ဖြင့် လည်ပတ်စေရန် ဆောင်ရွက်ခြင်း၊ ဖတ်ပြီးပြန်ထားစောင့်ကြည့်သူမဲ့ စာကြည့်တိုက်ငယ်များ တစ်နိုင်တစ်ပိုင်ထူထောင်ခြင်း အစရှိသည့် ကိုယ်ထူကိုယ်ထ လှုပ်ရှားမှုများနှင့်အတူ စာပေတိုက်များကလည်း စာအုပ်ဈေးရောင်းပွဲများပြုလုပ်ခြင်း၊ အထူးဈေးနှုန်းများဖြင့် ရောင်းချခြင်း၊ စာဖတ်သူများ စိတ်ဝင်စားစေမည့် အစီအစဉ်များ၊ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးမှုများ ပြုလုပ်ခြင်းတို့ဖြင့် နည်းလမ်းမျိုးစုံဖြင့် လှုပ်ရှားလျက်ရှိကြသည်။ ထိုသို့ဆောင်ရွက်မှုများအနက် ကံ့ကော်ဝတ်ရည် စာအုပ်တိုက်မှလည်း စာဖတ်သူများအတွက် ကောင်းမွန်သည့် ရည်ရွယ်ချက်များဖြင့် အခမဲ့ငှားရမ်းဖတ်ရှုနိုင်မည့်၊ စာအုပ်များကို စိတ်ကြိုက်မြည်းစမ်း ဝယ်ယူနိုင်မည့်၊ စာဖတ်နိုင်သည့် နေရာတစ်နေရာအဖြစ် ဖန်တီးထားသည့် ကံ့ကော်ဝတ်ရည် စာအုပ်အိမ်ကို နိုဝင်ဘာ ၁၀ ရက်တွင် အမှတ် ၅၁၊ ရေကျော်လမ်း၊ ပုဇွန်တောင်မြို့နယ်တွင် ဖွင့်လှစ်ခဲ့သည်။ အဆိုပါ စာအုပ်အိမ်နှင့်ပတ်သက်ပြီး ဖွင့်လှစ်ဖြစ်ခဲ့သည့်အခြေအနေ၊ ရည်ရွယ်ချက်နှင့် ကံ့ကော်ဝတ်ရည်စာအုပ်တိုက် ဖြတ်သန်းလှုပ်ရှားနေမှုများနှင့် ပတ်သက်ပြီး ကံ့ကော်ဝတ်ရည်စာအုပ်တိုက်မှ ထုတ်ဝေသူမဝိုင်းနှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။
မေး ■ ပထမဦးဆုံးအနေနဲ့ ကံ့ကော်ဝတ်ရည်စာအုပ်အိမ်ဆိုတဲ့ အိုင်ဒီယာရ ဖြစ်ပုံကို ပြောပြပေးပါ။
ဖြေ ■ပထမတော့ တို့က ဒီမှာ ကံ့ကော်ဝတ်ရည်စာအုပ်တွေကို တစ်စုတစ်စည်းတည်းပြသထားမယ်။ လိုချင်တဲ့သူတွေလည်း ဝယ်လို့ရအောင်ပေါ့။ ဒါပေမဲ့  လက်ရှိအအေထားမှာ စာဖတ်သူက နှစ်မျိုးရှိပါတယ်။ ဝင်ငွေက သိပ်မကောင်းတော့ စာဖတ်ချင်ပေမယ့် စာအုပ်မဝယ်နိုင်တဲ့ စာဖတ်သူတွေရှိပါတယ်။ နောက်စာဖတ်သူတစ်မျိုးကတော့ ဝယ်ဖတ်နိုင်တယ်၊ စာလည်း အရမ်းဖတ်တယ်။ ဒါပေမဲ့ စာအုပ်တွေအတွက် နေရာအခက်အခဲရှိတဲ့ စာဖတ်သူတွေရှိတယ်။ ဒီအခက်အခဲတွေ ပြေလည်ဖို့အတွက် အခုလို စာအုပ်ငှားဖတ်နိုင်မယ့်၊ ကိုယ့်အိမ်ကိုယ့်ရာမှာ စာအုပ်ဖတ်ရသလို ထိုင်ဖတ်နိုင်မယ့်၊ မိတ်ဆွေအပေါင်းအသင်းတွေ တွေ့ဆုံနိုင်မယ့် နေရာမျိုးဖြစ်အောင် အစီအစဉ်ကို လုပ်ဖြစ်ခဲ့တာပါ။
မေး ■ ကံ့ကော်ဝတ်ရည်စာအုပ်အိမ်မှာ စာဖတ်သူတွေအတွက် စီစဉ်ထားတဲ့ အစီအစဉ်တွေကိုလည်း သိလိုပါတယ်။
ဖြေ ■ ကံ့ကော်ဝတ်ရည် စာအုပ်အိမ်မှာ စာအုပ်တွေကို ကြိုက်သလောက် ထိုင်ဖတ်လို့ ရပါတယ်။ စာဖတ်သူတွေကို ကိုယ့်အိမ်ကိုယ့်ရာမှာ စာအုပ်ဖတ်ရသလို ခံစားမှုမျိုးရအောင် ဖန်တီးပေးထားပါတယ်။ နောက်တစ်မျိုးက စာငှားကတ်လုပ်ပေးတာပါ။ စာငှားကတ်လုပ်ရင် ငွေ ၄၀၀၀ နဲ့ ဓာတ်ပုံနှစ်ပုံလိုပါတယ်။ အဲဒီစာငှားကတ်နဲ့ ကံ့ကော်ဝတ်ရည်စာအုပ် အိမ်ကနေ ကြိုက်တဲ့စာအုပ်တစ်အုပ်ကို တစ်ပတ်ငှားခွင့်ရပါမယ်။
မေး ■ နယ်မြို့တွေမှာရော အခုလိုအစီအစဉ်တွေလုပ်ဖို့ အစီအစဉ်ရှိလားရှင့်။
ဖြေ ■ တစ်ဆင့်ပြီးတစ်ဆင့်တော့ သွားမှာပါ။ နယ်ကလူတွေကလည်း အခုလို လာဖွင့်ပေးဖို့ အရမ်းပြောပါတယ်။ အဲဒီလိုကြားရတာတွေ စိတ်မကောင်းပါဘူး။ နယ်တွေမှာကတော့ နေရာလည်းအဆင်ပြေမယ်။ ကိုယ်လည်း အဆင်ပြေမယ်ဆိုရင်တော့ ကြိုးစားရမှာပေါ့။ အခုလို စာအုပ်အိမ်လေးတွေ နယ်မြို့တွေမှာ ဖွင့်ရဖို့၊ မြင်ရဖို့ကတော့ တို့ရဲ့ နောက်ထပ်အိပ်မက်လေးပါပဲ။
မေး ■ လတ်တလောမှာ ကံ့ကော်ဝတ်ရည် စာအုပ်တိုက် အနေနဲ့ တခြားဘာအစီအစဉ်တွေ ရှိဦးမလဲရှင့်။
ဖြေ ■ မြန်မာလို ဘာသာပြန်ထားတဲ့ ‘နားစွင့် ကြားဟန် ရင်ခုန်သံ’ နဲ့  ‘နူးညံ့စိတ်ထား နှလုံးသား’ ကို ရေးတဲ့ မူရင်းစာရေးဆရာ Jan-Phi-lipp Sendker က လာမယ့် ၂၀၁၇ ဇန်နဝါရီမှာ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိပါတယ်။ အဲဒီမှာ စာရေးသူနဲ့ စာဖတ်သူတွေ တွေ့ဆုံပွဲလေးလုပ်ပေးဖို့ရှိပါတယ်။
မေး ■ ကံ့ကော်ဝတ်ရည် စာအုပ်တိုက်အနေနဲ့ အိမ်တိုင်ရာရောက် ပို့စနစ်ကိုလည်း လုပ်ဆောင်နေတယ်လို့ သိရတော့ အဲဒီအခြေအနေလေးကို ပြောပြပေးပါဦး။
ဖြေ ■ အရင်က တို့တွေနိုင်ငံမှာ စာပို့စနစ် ဆိုတာရှိတယ်။ နောက်ပြီး စာအုပ်ဆိုင်တွေ ပေါပေါများများရှိတယ်။ အခုအရင်တုန်းကထက် တစ်ဝက်ကျော် လျော့သွားတယ်။ အဲဒီတော့ လူတွေလက်ထဲကို စာအုပ်ရောက်ဖို့ ဆိုတာ ထုတ်ဝေသူနဲ့ စာဖတ်သူဆိုတာ အပြန်အလှန်အားကိုးကြရတာပါ။ အဲဒီတော့ လူတွေလက်ထဲကို စာအုပ်ရောက်ဖို့ဆိုတာအတွက် အိမ်တိုင်ရာရောက်စနစ်ကို သုံးလာရတယ်။ ဒါကြောင့် Facebook မှာ ကံ့ကော် ဝတ်ရည် Page တစ်ခုထောင်တယ်။ အိမ်တိုင်ရာရောက် စနစ်ကိုလုပ်တယ်။ ဒီအစီအစဉ်ကြောင့် သိပ်ပြီးစောင်ရေတက်၊ အောင်မြင်လှချည်ရဲ့ မဟုတ်တာတောင် စာအုပ်ဆိုင် အရောင်းကိုတင် အားကိုးရတာမျိုး မဟုတ်တော့ဘူးပေါ့။
မေး ■ ကံ့ကော်ဝတ်ရည် စာအုပ်တိုက်အနေနဲ့ တည်ထောင်ပြီး ဖြတ်သန်းခဲ့တဲ့ကာလတစ်လျှောက်မှာ စာဖတ်သူတွေအတွက် ဘယ်လိုခံယူချက်မျိုးတွေနဲ့ ရပ်တည်ခဲ့သလဲရှင့်။
ဖြေ ■ ကံ့ကော်ဝတ်ရည် စာအုပ်တိုက်ကို ၁၉၉၄-၉၅ ခုနှစ်မှာ စတင်ပြီး တည်ထောင်ခဲ့ပါတယ်။ ဒီနှစ် ၂၀ကျော်က စ စာအုပ်ထုတ်တော့ သူများဝေဖန်ခံရလောက်အောင် စာအုပ်ထုတ်တာ တော်တော်ညံ့ခဲ့ပါတယ်။ အဲဒီလိုပုံစံမျိုးနဲ့ စာအုပ်စထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ စာအုပ်ထုတ်ရင်း သိလာတာက ကိုယ်တိုင်က စာအုပ်ကို ကြိုက်လို့ နှစ်ခြိုက်လို့ ကိုယ်က စာအုပ်ထုတ်ဝေသူဘဝကို ခံယူလာတဲ့အခါကျတော့ ကိုယ်ကိုယ်တိုင်ပဲ ဒီစာအုပ်လေးတွေကို ကောင်းကောင်းလေးဖြစ်ချင်တယ်။ အပြင်အဆင် လှလှလေးမြင်ရရင် ကျေနပ်တယ်။ အဲဒီလိုပဲ စာဖတ်သူတွေအတွက်လည်း ကိုယ်ကြိုက်သလို ကိုယ်နှစ်သက်သလို ဖတ်ရအောင် တတ်နိုင်သလောက် ကြိုးစားခဲ့ပါတယ်။ စာမူရွေးတဲ့နေရာမှာလည်း ကံ့ကော်ဝတ်ရည်တိုက်က ထုတ်တဲ့စာအုပ်တွေကြောင့် စာဖတ်သူတွေ အဆိပ်အတောက် မဖြစ်စေအောင် သိပ်ဂရုစိုက်ပါတယ်။ တို့စာအုပ်တိုက်ကထွက်တဲ့ စာအုပ်တွေကို ဖတ်ပြီး စာဖတ်သူတွေ အသိလေးတစ်ခု၊ အကျိုးလေးရှိစေအောင်တော့ ထုတ်ဝေပါတယ်။             

Most Read

Most Recent