တစ်ခါတလေ

တစ်ခါတလေ
Published 12 November 2016
တက္ကသိုလ်မိုးဝါ

ဘဝခရီးလမ်းတစ်လျှောက် ကူးလူးဖြတ်သန်းရာတွင် တစ်ခါတစ်ရံတော့ အံ့အားသင့်ဖွယ် ကိစ္စများအား ကြုံတွေ့ရတတ်သည်။ အသေးအမွှားလည်းဖြစ်၊ အရေးပါ အရာရောက်ခြင်းလည်း မရှိဟု ဆိုနိုင်သော ကိစ္စများစွာ ရှိတတ်သည်။ အများအမြင်မှာတော့ ဘာမှ မဟုတ်သော်လည်း စာရေးသူအတွက်မူ အံ့အားသင့်စရာ အကြောင်းရှိခဲ့သည်။ ယင်းမှာ “တစ်ခါတလေ” ခေါင်းစဉ်ပါ ကဗျာတစ်ပုဒ်အား ထိုစဉ်က မည်သည့်မဂ္ဂဇင်းတိုက်ကိုမျှ ပေးပို့ခဲ့ခြင်း မရှိဘဲ မိမိဗလာစာအုပ်ထဲ၌သာ ရေးသားသိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။  မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင် အများဆုံးထွက်ပြီး ရောင်းအားအကောင်းဆုံးဟု ဆိုနိုင်သော ၁၉၈၀ ပြည့်လွန်ဝန်းကျင်၌ စာတစ်ပုဒ်၊ ကဗျာတစ်ပုဒ်ကို ရေးပို့ရာတွင် မဂ္ဂဇင်းအယ်ဒီတာများ၏ စားပွဲ သို့မဟုတ် လက်ထဲမှတစ်ဆင့် အောင်မြင်ဝင့်ကြွားစွာ ဖြတ်သန်း၍ အရွေးချယ် ခံရရန် ဆိုသည်မှာ အလွန်ခက်ခဲသော အလုပ် ဖြစ်ခဲ့သည်။ အများအားဖြင့်တော့ ထို အယ်ဒီတာတို့၏ စားပွဲဘေးရှိ အမှိုက်ခြင်းထဲသို့သာ လုံးထွေးခံရကာ နိဂုံးချုပ် ရောက်ရှိသွားခဲ့သည်။ရှိစေ။ “တစ်ခါတလေ” ကဗျာတွင် မျှဝေခြင်း အကြောင်းအား ရေးခဲ့သည် ဆိုသော်လည်း ယခုကဲ့သို့ လေးလေးနက်နက် မတွေးခဲ့မိရိုး အမှန်ပင်။ ကဗျာ၏ ရှေ့ပိုင်းနှစ်ပိုဒ်အား ဦးစွာဖော်ပြပြီးမှ ဆက်လက်တင်ပြ ဆွေးနွေးပါမည်။“တစ်ခါတလေ”လူဆိုတာလေ ….မျှဝေတတ်တဲ့ သတ္တဝါ။ရင်ထဲသိုထား၊ ခံစားရချက်ထွက်သက်ဝင်သက်၊ ဒက်ခနဲဖမ်းဝမ်းသာဝမ်းနည်း၊ ဆီးပြီးဖွင့်ဟဝေမျှပေးတတ်တယ်။တစ်ခါတလေ….နွေလိုပူပြင်း၊ ပြင်တလင်းမှာခြေနင်းဗလာ၊ ဝေပြာမျက်စိနုံးခွေချည့်လို့၊ နတ္ထိဗလာခြေရာဦးပဲ့၊ ပန်းတိုင်မဲ့တဲ့ယဲ့ယဲ့သနစ်၊ သည်အဖြစ်ကိုလှစ်ဆိုလွှင့်ကြဲ၊ မျှဝေခွဲရင်ရင်ထဲပေါ့သွားသလိုလို။
သတ္တလောကဟုခေါ်သည့် ဤလောကကြီးတွင် လူဟူသောသက်ရှိနှင့် အခြားသက်ရှိဖြစ်သော တိရစ္ဆာန်တို့အား ခွဲခြားထားသည်။ သက်ရှိသတ္တဝါ နှစ်မျိုးသည် မည်သို့ ကွဲပြားခြားနားသနည်း။ “အသိ” ရှိပုံချင်းက အတူတူပင် ရှိစေကာမူ အသိပေါ် အခြေခံသော ဉာဏ်အဆင့်ချင်း မတူခြင်းကို သဘာဝက ခွဲခြားပေးထားသည်။  တိရစ္ဆာန်၏ အသိထဲတွင် စားရေး၊ နေရေးအနက် စားရေးကို အဓိကထားကြောင်း တွေ့ရသည်။ လူတို့ကမူ လူ့ယဉ်ကျေးမှု ပေါ်ထွန်းလာပြီးနောက် အစားအနေအပြင် ဝတ်ရေးပါ ပါဝင်လာသည့်ပြင် လူမှုဘဝဟူ၍ ဖွံ့ဖြိုးတိုးတက်ကြီးပွားရေး အတွက်ပါ အစဉ်အမြဲ ကြံဆောင်လာကြသည်။ကျားတို့ ခြင်္သေ့တို့မည်သည် ရှင်သန်ရေးအတွက် သားကောင်အား ဖမ်းဆီးသတ်ဖြတ် စားသောက်ရာတွင် အခြားအလားတူ တိရစ္ဆာန်တို့အား မျှဝေပေးလေ့ မရှိပေ။ အခြား တိရစ္ဆာန်တစ်ကောင် အနားသို့ ချဉ်းကပ်လာလျှင် အချင်းချင်း စောင်းမြောင်း ဟိန်းဟောက်လေ့ ရှိသည်။ ယင်းသည်ပင် သူတို့၏ သဘာ၀ ဖြစ်သော လူကဲ့သို့ အသိမရှိခြင်းကြောင့် ဖြစ်သည်။ လူဟူသော သတ္တဝါမူကား မူလကတည်းက အသိဉာဏ်နက်နဲ သိမ်မွေ့မှု၏ တိုက်တွန်းစေ့ဆော်မှုကြောင့် မည်သို့ကျင့်ကြံ နေထိုင်သင့်သည် ဆိုသည်ကို လက်ခံပြီး ဖြစ်သဖြင့် အတ္တတရားအား နေရာတိုင်းတွင် ရှေ့တန်းမတင်ဘဲ မျှဝေခြင်းတရားကို ရံဖန်ရံခါ ကျင့်ကြံရမည်ဟု နားလည်ထားပြီး ဖြစ်သောကြောင့် ဖြစ်သည်။လူတစ်ဦးချင်း အပြန်အလှန် မျှဝေကာ အကျိုးပြု လုပ်ဆောင်ခြင်းအပြင် ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးသက်ရောက်စေမည့် ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေး သမိုင်းဝင် သဘောတူညီချက် တစ်ရပ်ကို မကြာမီကပဲ စတင်အသက်ဝင်စေရန် ကမ္ဘာ့နိုင်ငံ အားလုံးနီးပါးက တညီတညွတ်တည်း ဆောင်ရွက်ခဲ့သော လူသား (Man-kind) တစ်ရပ်လုံးအတွက် မျှဝေရွက်ဆောင်ခဲ့မှု ဖြစ်ရပ်လည်း ရှိသည်။ အဆိုပါ ပါရီသဘောတူညီချက်ကို လူသားကောင်းကျိုးအတွက် မျှဝေလိုက်ခြင်းကြောင့် လာမည့် ၁၅ နှစ်အတွင်း ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု သိသာစွာ လျော့နည်းသွားမည်ဟု သက်ဆိုင်ရာ ပညာရှင်က ပြောကြားသည်။တစ်ခါ တလေ….သစ်ရွက်ခြွေလောင်း၊ချမ်းခိုက်ဆောင်းမှာအောင်းကွေးစောင်ခြုံ၊ ခိုလှုံပျော်ရဘဝမွေ့ရာ၊ ဆူးမပါတဲ့ရွှေကြာပင်တင့်၊ ငွါးစွင့်အခြေခွင့်လမ်းတွေနဲ့စံနေမြက်မြက်၊ ခံစားချက်ကိုမျှလျက် ကြည်နူးတတ်ပြန်တယ်။(၂၂ - ၁၁ - ၁၉၈၃)‘မျှဝေမှု’ နှင့် စပ်လျဉ်း၍ ကဗျာတွင် ရေးသားထားရာ၌ ဆင်းရဲမွဲတေသည်ဖြစ်စေ၊ ချမ်းသာကြွယ်ဝသည်ဖြစ်စေ မျှဝေတတ်သူသာလျှင် အမှန်စင်စစ် လူဖြစ်သည်ဟု ဖော်ကျူးထားသည်။
ဆူးမပါသော မွေ့ရာပေါ်တွင် ဆောင်းအချမ်းအားစောင်ဖြင့် ကာကွယ်လွှမ်းခြုံနိုင်သည့် ရွှေကြာပင်ဘ၀ ပိုင်ဆိုင်သူသည် သူ၏ ဘဝအစိတ်အပိုင်း အချို့အား မိမိထက် နိမ့်ကျသူများသို့ မျှဝေပေးသည် ဆိုပါက လူဟု ခေါ်နိုင်ပေမည်။သို့သော် မျှဝေသည်ကား မျှဝေပါ၏၊ တန်ပြန်မျှော်လင့်ချက်ဖြင့် ဖြူစင်သန့်ရှင်းမှု အပေါ် မရိုးမသား အစွန်းအထင်း ညစ်ထည်းမှုများ ပါဝင်ရောနှောပြီဆိုပါက ထိုမျှဝေခြင်းသည် မျှဝေခြင်း အရာမမြောက်တော့ဘဲ အကျင့်ပျက် မျှစားဝေစား အဆင့်သို့ သက်ဆင်းသွားတော့သည်ကို တွေ့ရမည်ဖြစ်သည်။များမကြာသေးမီက သတင်းတစ်ပုဒ်တွင် တရုတ်အစိုးရက သူတို့နိုင်ငံရှိ ကျောက်မီးသွေးစက်ရုံ ခုနစ်ရုံကို ဖောက်ခွဲဖြိုချသည့် သတင်းအား ဖတ်ခွင့်ရခဲ့သည်။ ဒီတစ်ကြိမ်တွင်တော့ ပြန်သုံးမရအောင် ဖျက်ဆီးလိုက်သည် မှန်သော်လည်း ယခင့်ယခင်နှစ်များကမူ ဖျက်သိမ်းပစ်ရုံသာ ပြုလုပ်ခဲ့သော ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ အများအပြားတို့ကို အိမ်နီးချင်းနိုင်ငံများသို့ “မျှဝေ” ပေးခဲ့ကြောင်း ဝေဖန်မှုများစွာ ရှိခဲ့သည်။ စာရေးသူတို့ နိုင်ငံအနှံ့သည်လည်း မီးခိုးမြူမှုန်များ “မျှဝေခံ” သည့် မြို့နယ်ဒေသများအဖြစ်သို့ ဘဝကူးပြောင်းလာခဲ့လေသည်။အလုပ်ရှင် အလုပ်သမား ပြဿနာ ဖြေရှင်းရာ၌ ငွေရှင်ကြီးများ ပိုင်ဆိုင်သည့် လုပ်ငန်းကြီးများသည် အများအကျိုးရှိစေမည့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်း မရှိပါက အောက်ခြေအလုပ်သမား လူတန်းစားအတွက် ပြဿနာ သာ ဖြစ်မည်ဟု ဆွေးနွေးပွဲ တစ်ခုတွင် အလုပ်သမား ကိုယ်စားလှယ် ခုံသမာဓိကောင်စီ အဖွဲ့ဝင် တစ်ဦးက ပြောကြားကြောင်း သိရှိရသည်။ အလုပ်သမားအား သင့်တင့်မျှတသော လုပ်ခလစာ ပေးရန်၊ သက်သာချောင်ချိရေးကဲ့သို့သော ကိစ္စရပ်များအား အကောင်အထည်ဖော်ပေးရန် စသည့် အလုပ်သမား ရပိုင်ခွင့်တို့ကို လုပ်ဆောင်ပေးမှသာ နှစ်ဦးနှစ်ဖက်ကြား တည့်မတ်မှန်ကန်သည့် မျှဝေခြင်းဟု ခေါ်ဆိုနိုင်မည် ဖြစ်သည်။ ယင်း၏ ဆန့်ကျင်ဘက် ဖြစ်သော “မျှော်လင့်ချက်ဖြင့် မျှဝေခြင်း”၊ သို့မဟုတ် အလုပ်သမားအပေါ် “ကုပ်သွေးစုပ် မျှဝေခြင်း” မျိုးမှာ မလိုလား မရှိအပ်သော မျှဝေခြင်းမျိုးသာ ဖြစ်သည်။မျှဝေရန် ရည်ရွယ်စဉ်က ကုသိုလ်ကို မျှဝေရန် ဖြစ်သော်လည်း တကယ့်လက်တွေ့၌မူ အကုသိုလ်ကိုသာ တစ်ထွေးတစ်ပိုက် မျှဝေလိုက်သော ဖြစ်စဉ်လည်း ရှိသေးသည်။ နေ့စဉ်ရက်ဆက် ဆိုသလို ရပ်ကွက်လမ်းထဲသို့ လော်စပီကာ၊ ဆောင်းဘောက်စ်ကြီးများ တင်ဆောင်ထားသော ကားကြီးများနှင့်တကွ ကခုန်ဖျော်ဖြေရေးအတွက် လူငယ် အများအပြားလည်း လိုက်ပါလာကြရင်း ကုသိုလ်ဖြစ် အလှူခံသည့် အဖွဲ့များ လာလေမစဲ ရှိခဲ့သည်။ ဘုရားဟောနှင့် လားလားမျှ မဆိုင်၊ ဆန့်ကျင်သည့် သရုပ်ပျက် ကခုန်ခြင်းမျိုးအတွက် အစွမ်းကုန် အသံကျယ်ထားသော ဆောင်းဘောက်စ်များမှ အနောက်တိုင်း ဒိုးဒိုးဒန့်ဒန့် တေးသီချင်းတို့က ရင်ကို သိမ့်သိမ့်တုန်စေသည်။ လိုတိုရှင်း ပြောရလျှင် တကယ်ပင် ကုသိုလ်ဖြစ်ရန်၊ ကုသိုလ်ရရှိရန်ဟူသော မျှဝေခြင်း ရည်ရွယ်ချက်ဖြင့် လာရောက်သည်ပဲထားဦး တစ်ဖက်သား ရရှိလိုက်ခြင်းကတော့ “အကုသိုလ်” သာ ဖြစ်လေတော့သည်။တန်ပြန်အကျိုးမျှော်ကိုးခြင်း မရှိသော၊ မှန်မှန်ကန်ကန် မျှတစွာ မျှဝေတတ်သော သူကိုသာလျှင် လူဟုအမှန်စင်စစ် ခေါ်ဆိုနိုင်လေသည်။

Most Read

Most Recent