စိတ်အမှိုက်ပုံ

စိတ်အမှိုက်ပုံ
Published 11 November 2016
မောင်ကြည်

ဒီနေ့မနက် သူငယ်ချင်းများနှင့်အတူ ‘ငွေဆောင်’ မှအပြန် ကားပေါ်မှာ ငါးမုန့်ကြော်တစ်ထုပ် ဖောက်ကာ စားလာခဲ့တယ်။ ငါးမုန့်ကြော် ကုန်သွားတော့ လက်ထဲမှာ ငါးမုန့်ကြော်ထုပ်သည့် ပလတ်စတစ် အိတ်ခွံကျန်ရစ်ခဲ့သည်။ အကျင့်ပါနေသည့် လက်က အဆိုပါအိတ်ခွံကို ကားပေါ်မှပစ်ချမလို့ ဟန်ပြင်လိုက်သေးသည်။ သို့သော် ရုတ်တရက် တစ်စုံတစ်ရာကို တွေးလိုက်မိပြီး ကျွန်တော် ပစ်မချမိတော့ပါ။ ငါးမုန့်ကြော် မစားခင်အထိ ငါးမုန့်ထုပ်ထားသော အဆိုပါ ပလတ်စတစ်အိတ်သည် အမှိုက်မဖြစ်သေးပါ။ ထိုအချိန်အထိ ချစ်ခင်မြတ်နိုးစရာ ပလတ်စတစ်အိတ်လေး ဖြစ်နေပါသေးသည်။ ဟောသိပ်မကြာခင် ငါးမုန့်ကြော် ဖောက်စားပြီး နောက်ပိုင်းမှာတော့ အဆိုပါ ပလတ်စတစ်အိတ်သည် ကျွန်တော့်အမြင်မှာ ချစ်ခင်မြတ်နိုးစရာ မဟုတ်တော့။ အလိုမရှိအပ် စွန့်ပစ်အပ်သော အမှိုက်စတစ်ခု ဖြစ်သွားချေပြီ။
တွေးကြည့်လျှင် အံ့သြစရာလည်း ကောင်းပါသည်။ အမှိုက်ဟု သိလျှင်သိချင်း ကျွန်တော်သည် အဆိုပါ ပလတ်စတစ်အိတ်ကို မိမိအပါးမှာ မထားချင်တော့။ ထိုအရာကို မြန်မြန်စွန့်ပစ်လိုက်ချင်သည်။ အကောင်းဆုံးက ထိုအမှိုက် မိမိအပါးမှ မြန်မြန်လေး ပျောက်ကွယ်သွားဖို့ပါပဲ။ ထို့ကြောင့် သူ့ကိုလွှတ်ပစ်ဖို့ ကျွန်တော်အမြန်ဆုံး အားထုတ်လိုက်ရခြင်း ဖြစ်သည်။ တကယ်တော့ ထိုအမှိုက်ကို အမှိုက်ပုံးရှိသည့် နေရာသို့ရောက်မှ လွှင့်ပစ်လည်း ရပါသည်။ သို့သော် ကျွန်တော့်စိတ်က အမှိုက်ပုံးသို့ ရောက်သည့်အချိန်ကို မစောင့်လိုတော့။ သင့်လျော်သည့်နေရာ ဟုတ်မဟုတ်လည်း မစဉ်းစားချင်တော့။ အခုချက်ချင်းကြုံသည့် နေရာတစ်နေရာမှာပဲ ပစ်ထားလိုက်ချင်ပြီ။ အဆိုပါ နေရာသည် မိမိနား သို့မဟုတ် မိမိတို့ ကားထဲမှာ မဟုတ်လျှင်ရပြီ။ တခြား ဘယ်လိုနေရာဖြစ်ဖြစ် ကိစ္စမရှိ။ ထိုကဲ့သို့တွေးကာ အမှိုက်ပစ်ရန် ကျွန်တော်ဟန်ပြင်လိုက်ခြင်း ဖြစ်ပါသည်။
သို့သော် အဆိုပါ ပလတ်စတစ် အိတ်ခွံလေးကို ကားပေါ်မှ ကျွန်တော်ပစ်မချခဲ့ပါ။ ကားအတွင်းရှိ သင့်လျော်သည့် နေရာတစ်နေရာမှာ ခေတ္တ သိမ်းဆည်းထားလိုက်ပါသည်။ အိမ်သို့ရောက်မှ အမှိုက်ပုံးရှိရာ ယူသွားကာ ပစ်လိုက်မည်ဟု စိတ်ကူးထားပါသည်။ ထိုကဲ့သို့တွေးရင်း ကျွန်တော်ကားပေါ်မှာ လိုက်ပါလာခဲ့သည်။ ထိုအခါ စောစောက အမှိုက်ပြဿနာသည် မပြီးပြတ်သေးဘဲ အတွေးမှာ အမျှင်တန်းလျက် လိုက်ပါလာနေဆဲဟု ကျွန်တော်သိလိုက်ပါသည်။ ထို့ကြောင့် အမှိုက်အကြောင်းကိုပဲ ဆက်တွေးမိပြန်ပါသည်။ သည်တစ်ခါတွေးမိသည်က အမှိုက်ပစ်သူများ အကြောင်းဖြစ်သည်။
ကျွန်တော်တို့သည် နေ့စဉ်နှင့်အမျှ နာရီမိနစ် စက္ကန့်တိုင်း အမှိုက်ပစ်နေကြပါသည်။ တစ်နေ့တစ်နေ့ ပစ်လိုက်ရသည့်အမှိုက်တွေ မနည်းမနော။ မိမိတို့အတွက် အသုံးမဝင်၊ မလိုအပ်၊ မထားရှိသင့်သော အမှိုက်များကို ကြာကြာလက်ခံမထားဘဲ အမြန်ဆုံး လွှင့်ပစ်နေကြသည် မဟုတ်ပါလား။ ဒါသည် ရုပ်ဝတ္ထု ပစ္စည်းဆိုင်ရာ အမှိုက်များပဲ ဖြစ်ပါသည်။ သို့သော် ကျွန်တော်တို့မှာ ရုပ်ပိုင်းဆိုင်ရာတင်မက စိတ်ပိုင်းဆိုင်ရာ အမှိုက်များလည်း ရှိကြပါသေးသည်။ အံ့သြစရာကောင်းသည်က ကျွန်တော်တို့သည် အဆိုပါ စိတ်ပိုင်းဆိုင်ရာ အမှိုက်များကိုတော့ မြန်မြန်မလွှင့်ပစ်ဘဲ အကြာအရှည် သိုမှီးသိမ်းဆည်းထားသည့် အချက်ပါပဲ။
မိမိကို ဘယ်လောက်မှ အန္တရာယ် ကြီးကြီးမားမား ပေးနိုင်စွမ်းမရှိသော ပလတ်စတစ်အိတ်ခွံ အမှိုက်စကလေးကိုတော့ (မလွှင့်ပစ်လျှင် သေတော့မည့်အတိုင်း) ချက်ချင်းလက်ငင်း လွှင့်ပစ်ဖို့ ကြိုးစားအားထုတ်ကြသလောက် သရဲသဘက်သဖွယ် မိမိကို ကုပ်ကနေခွစီးကာ အမျိုးမျိုး ဒုက္ခပေးနေသည့် လောဘ၊ ဒေါသ၊ မောဟတည်းဟူသော စိတ်အမှိုက်တွေကိုတော့ လွှင့်ပစ်ဖို့ ယောင်လို့တောင်မှ မစဉ်းစားမိကြသည်မှာ အံ့သြဖို့ကောင်းလှပါသည်။ တကယ်တော့ ရုပ်ဝတ္ထုပစ္စည်း အမှိုက်ထက် စိတ်ပိုင်းဆိုင်ရာ အမှိုက်က ပိုတောင်မှ ကြောက်ဖို့ကောင်းပါသည်။ ရုပ်ပိုင်းဆိုင်ရာ အမှိုက်ကို မရှင်းလျှင် ကိုယ်ခန္ဓာကိုယ် ကျန်းမာရေး ထိခိုက်နိုင်သလို စိတ်ပိုင်းဆိုင်ရာ အမှိုက်ကို မရှင်းလျှင် စိတ်ကျန်းမာရေးကို ထိခိုက်နိုင်ပါသည်။
ပတ်ဝန်းကျင် သန့်ရှင်းရေးကို အလိုရှိသူသည် တံမြက်စည်း တစ်ချောင်းနှင့် နေ့စဉ်အမှိုက်တွေကို လှည်းကျင်း သုတ်သင်သကဲ့သို့ စိတ်ကျန်းမာ သန့်ရှင်းရေးကို အလိုရှိသူသည် ‘သတိ’ ဆိုသည့် တံမြက်စည်းနှင့် စိတ်၏ အမှိုက်သရိုက်တွေကို နေ့စဉ် ရှင်းလင်းသုတ်သင် ရပေလိမ့်မည်။ သို့အတွက် မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ကာ “ငါ့မှာ လောဘ၊ ဒေါသ၊ မောဟတည်းဟူသော အမှိုက်တွေ ဘယ်လောက် များနေပြီလဲ။ သူတစ်ပါးကို မနာလိုဝန်တိုတဲ့ ဣသာ၊ မစ္ဆရိယ အမှိုက်တွေ ဘယ်လောက် ရှုပ်ထွေးနေပြီလဲ” ဟု တွေးတော၍ အမြန်ဆုံး အမှိုက်ရှင်းဖို့ ကြိုးစားအားထုတ်သင့်ပါသည်။ ထိုကဲ့သို့ ကြိုးစားအားထုတ်မှု မရှိဘူးဆိုလျှင် ပေါင်းမြက်တွေ ထူပြောနေသည့် လယ်ကွက်သဖွယ် ကိလေသာပေါင်းမြက်တွေ ထူထပ်စွာ ပေါက်ရောက်နေသည့် လူသဖွယ်ဖြစ်နေမည်မှာ သေချာပါသည်။
ရုပ်ဝတ္ထုနှင့် ဆိုင်သော အမှိုက်တွေ စုပုံထားသည့်နေရာကို “အမှိုက်ပုံ” ဟုခေါ်ကြပါသည်။ အဆိုပါ အမှိုက်ပုံကို (အမှိုက်ပစ်ရန် လာသူနှင့် အမှိုက်ရှင်းရန် လာသူမှအပ) လူအများစုက ရှောင်ကွင်းသွားကြပါသည်။ မည်သူမှ အဖက်လုပ်ကာ လှည့်မကြည့်ကြ။ မလွှဲသာ၍ အနားမှ ဖြတ်လျှောက်ရလျှင်တောင် နှာခေါင်းရှုံ့ကြသည်။ ရွံရှာစက်ဆုပ်သည့် အကြည့်နှင့် ကြည့်ကြသည်။ ထို့အတူပါပဲ။ မကောင်းသော စိတ်ထားတွေ ပြည့်နှက်နေသူသည်လည်း “စိတ်အမှိုက်ပုံကြီး” နှင့်တူလှပါသည်။ လောဘ၊ ဒေါသ၊ မောဟ တည်းဟူသော စိတ်အမှိုက်တွေ စုဝေးနေသောလူကို လူတိုင်းက ရှောင်ကွင်းသွားကြမည်သာ။ မည်သူမျှ အဖက်လုပ်ကာ ဆက်ဆံကြမည်မဟုတ်။ မလွှဲသာ၍ ဆက်ဆံရလျှင်တောင် ‘မချစ်သော်လည်း အောင့်ကာနမ်း’ သဘောမျိုးသာ ဆက်ဆံကြပေလိမ်မည်။
ထို့ကြောင့် ကျွန်တော်တို့အားလုံးသည် “စိတ်အမှိုက်ပုံများ” မဖြစ်အောင် ကြိုးစားအားထုတ်ကြဖို့ လိုအပ်ပါသည်။ မိမိအိမ် (သို့မဟုတ်) ခြံဝင်းထဲမှာ အမှိုက်တစ်စတွေ့လျှင် ချက်ချင်းကောက်ယူကာ လွှင့်ပစ်သကဲ့သို့ မိမိစိတ်အိမ်ထဲမှာ အမှိုက်တွေ့လျှင်တွေ့ချင်း ကောက်ယူကာ အမြန်ဆုံး လွှင့်ပစ်နိုင်ဖို့ လိုပါသည်။ စိတ်အမှိုက်တွေကို စုပုံထားသည့် ‘စိတ်အမှိုက်ပုံ’ မဖြစ်အောင် အချိန်တိုင်း ဂရုတစိုက် ယူငင်ကောက်ပစ်နိုင်ဖို့ လိုပါသည်။အမှိုက်တစ်စ၊ မြင်တွေ့ရသော်အမှိုက်ပုံရောက်၊ ချက်ချင်းကောက်သို့စိတ်နောက်ဝေမြူ၊ စိတ်မဖြူသော်ယူငင်လှည်းကျင်း၊ နေ့စဉ်ရှင်းမှစိတ်တွင်း လှပ၊ ဆန်းသစ်လသို့ရွှန်းမြသာယာနိုင်လိမ့်မည်။

Most Read

Most Recent