တန်ဆောင်မုန်းလသည် မြန်မာ့ပြက္ခဒိန်တွင် အဋ္ဌမမြောက်လ ဖြစ်သည်။ ပါဠိစာပေတို့၌ တန်ဆောင်မုန်းလကို “မာသေသုသရဒံ ရမဏိယံ” ဟုဖွဲ့ဆိုထား၏။ အဓိပ္ပာယ်မှာ “လတကာတို့တွင် တန်ဆောင်မုန်းလသည် မွေ့လျော်ဖွယ် ကောင်း၏” ဟူ၍ဖြစ်သည်။ ပထမလဝက်သည် မိုးရာသီတွင် ကျရောက်၍ ဒုတိယလဝက်သည် ဆောင်းရာသီတွင် ကျရောက်သည့်အတွက် ရှေးတောင်သူဦးကြီးများက တန်ဆောင်မုန်းတွင် ဆီးနှင်းတစ်ပြိုက် မိုးတစ်လိုက်ဟု စာဖွဲ့ခဲ့ကြသည်။
တန်ဆောင်မုန်းသည် “တန်ဆောင်မှုန်” ဟူသော ကျောက်စာမှ ဆင်းသက်လာသည်ဟု ယူဆကြသည်။ “တန်ဆောင်မှုန်” မှ “တန်ဆောင်မှုန်း” ယင်းမှ “တန်ဆောင်မုန်း” ဖြစ်လာသည်ဟု ဆိုကြ၏။ တန်ဆောင်သည် မီးရှူးမီးတိုင်ဖြစ်၍ မှုန်းသည် ထွန်းညှိခြင်းဟု အနက်ရသည်။ ထို့ကြောင့် တန်ဆောင်မုန်းသည် ဆီမီးတန်ဆောင် ထွန်းပြောင်သောလဟူ၏။ ဤလတွင် ရက်ပေါင်း ၃၀ ရှိကာ နာရီအားဖြင့် နေ့ ၂၈ နာရီ၊ ညဉ့် ၃၂ နာရီ ရှိသောကြောင့် နေ့တာတိုကာ ညတာရှည်သော လဖြစ်၏။ ဤလကို ရာသီအလို ဗြိစ္ဆာခေါ်ဆို၍ ကြတ္တိကာနက္ခတ်နှင့် စန်းယှဉ်ပြည့်ကာ ကျီးတာရာ ထွန်းပ၏။ ရာသီရုပ်မှာ ကင်းမလက်မည်းပုံဖြစ်သည်။ ရာသီပန်းသည် ခဝဲပန်းဖြစ်ပြီး ရာသီပွဲတော်မှာ ကထိန်ပွဲဖြစ်သည်။
မဂဓတိုင်းရှင် အဇာတသတ်သည် ဆရာဇီဝက၏ အကြံပေးချက်အရ မိုးလေးလအဆုံး ကုမုဒြာကြာပွင့်ချိန် တန်ဆောင်မုန်းလပြည့် နေ့ညဉ့်၌ အမတ်များခြံရံ၍ ဘုရားရှင်အား သွားရောက်ဖူးမြော်သည်။ ဘုရားရှင်က အဇာတသတ်အား သာမညဖလသုတ် (ရဟန်းပြုရခြင်း အကျိုး)ကို ဟောကြားတော်မူသည်။ ထိုနေ့မှစ၍ အဇာတသတ်မင်းသည် ဗုဒ္ခသာသနာတွင် အရေးပါသော သာသနာပြု မင်းတစ်ပါးဖြစ်သွားပြီး ပထမသင်္ဂါယနာတင် မင်းကြီး ဖြစ်လာသည်။ ဖခင်အားသတ်မိသော အကုသိုလ်ကံကြောင့် ညစဉ်အိပ်မပျော်သော ရောဂါဆိုးကြီးသည်လည်း ထိုနေ့မှစ၍ ပျောက်ကင်းသွားသည်။
“တန်ဆောင်မာသ၊ ဆေးပေါင်းခသည့်၊ ပင်များမင်းမည် မယ်ဇလီ” ဆိုသည့်အတိုင်း တန်ဆောင်မုန်းလတွင် မယ်ဇလီပင်သည် ဆေးဖက်အဝင်ဆုံးဖြစ်သည်။ အထူးသဖြင့် မျက်စိအားကောင်းသည်ဟု ယူဆကြသည်။ ထိုကြောင့် အထက်အညာဒေသတွင် တန်ဆောင်မုန်း လပြည့်နေ့၌ မယ်ဇလီဖူးသုပ်များကို စားလေ့ရှိကြသည်။ တန်ဆောင်မုန်းလပြည့် နက္ခတ်တာရာစုံချိန်တွင် စားသုံးပါက ၉၆ ပါးသော ရောဂါတို့ကို ပျောက်ကင်းစေသည် ဟူသော အစဉ်အလာ ယုံကြည်ချက်ရှိပါသည်။ တန်ဆောင်မုန်း လပြည့်ညသည် တစ်နှစ်တာ လပြည့်ညများထက် အထွန်းလင်းဆုံး၊ အတောက်ပဆုံးလ ဖြစ်သည်။ ထိုညတွင် သက်ကြီးရွယ်အိုများပင်လျှင် အပ်နဖားပေါက် အပ်ချီထိုးနိုင်သည်ဟု ဆိုပါသည်။ အချို့လက်ဖက်ရည်ဆိုင်များသည် သောက်သုံးသူများကို မယ်ဇလီဖူးသုပ်များဖြင့် ဧည့်ခံလေ့ရှိကြသည်။ စာရေးသူကတော့ ည ၁၂ နာရီတွင် အပင်မှ ခူးစားပါသည်။
ကထိန်ပွဲတော်သည် တန်ဆောင်မုန်းလ၏ ရာသီပွဲတော် ဖြစ်သည့်အပြင် ဗုဒ္ဓပူဇနိယပွဲတော်လည်း ဖြစ်သည်။ ကထိန်ခင်းခြင်း ဆိုသည်မှာ ရဟန်းတော်များအား ကထိန်သင်္ကန်း ကပ်လှူသောအခါ မည်သို့မည်ပုံ ခင်းကျင်း ခံယူရသည်ကို ခေါ်ဆိုပါသည်။ ကထိန်သင်္ကန်းသည် မိုးကျသင်္ကန်း ဖြစ်ရပါမည်။ မိုးရေမိုးပေါက်များသည် မိုးကောင်းကင်ပေါ်မှ အလိုအလျောက် ကျလာသကဲ့သို့ ကထိန်သင်္ကန်းသည်လည်း ကထိန်ခင်းမည့် ကျောင်းတိုက်မှ ရဟန်းတော်များ၏ တိုက်တွန်း လှုံ့ဆော်မှုမပါဘဲ အလှူရှင်က သဒ္ဓါတရားနှင့်အညီ အလိုအလျောက် လာလှူသော သင်္ကန်းဖြစ်ရပါမည်။
ကထိန်ခင်းပွဲတော်အပြင် ဤလတွင် လ၏အမည် တန်ဆောင်မုန်းနှင့်အညီ ဆီမီးထွန်းပွဲတော်ကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြ၏။ ယင်းဆီမီးထွန်းပွဲတော်ကို ရှေးမြန်မာတို့သည် ကြတ္တိကာနက္ခတ်ကို ပူဇော်သောအားဖြင့် ထွန်းညှိသည်ဟု သိရ၏။ ကြတ္တိကာနက္ခတ်၏ အစောင့်သည် အဂ္ဂိဒေ၀ မီးနတ်ဖြစ်၍ တန်ဆောင်မုန်း လပြည့်နေ့တိုင်း လူ့ပြည်သို့ ဆင်းလာလေ့ရှိသည်ဆို၏။ ထိုအခါ လူတို့က ယင်းနတ်ကို မီးရောင်စုံ ထွန်းညှိပူဇော်ပြီးလျှင် ခြိမ့်ခြိမ့်သဲသဲ အမျိုးမျိုးသော ပွဲတို့ကိုလည်း ကျင်းပကြသည်ဆို၏။ အချို့ကလည်း ဤဆီမီးထွန်းပွဲတော်သည် မဟာပိန္နဲနတ်ကို လည်းကောင်း၊ တာဝတိံသာရှိ ဆံတော်ဓာတ်ကိန်းဝတ်ရာ စူဠာမဏိ စေတီတော်ကို လည်းကောင်း ရည်စူးပူဇော်ခြင်းဟု အဆိုပြုကြပြန်၏။ သို့ရာတွင် ဆီမီးထွန်းပွဲတော်သည် ယနေ့ခေတ်တွင်မူ ဘုရားမြတ်စွာကို ရည်မျှော်ကာ ပူဇော်ကြခြင်းဖြစ်၏။
ပံ့သကူ ပစ်ပွဲသည်လည်း တန်ဆောင်မုန်းလ၏ ပွဲတစ်ပွဲဖြစ်သည်။ ပွဲဟုဆိုရသော်လည်း အခြားပွဲများကဲ့သို့ လူစု၊ လူဝေးများဖြင့် ထင်ထင်ရှားရှား ပြုလုပ်သောပွဲမျိုး မဟုတ်။ လူအများကွယ်ရာ၌ ဖြစ်စေ၊ ညမှောင်ချိန်တွင်ဖြစ်စေ၊ သင်္ကန်းစသည့် သံဃာအသုံးအဆောင်ပစ္စည်းများကို တိတ်တဆိတ် စွန့်ပစ်လှူဒါန်းကြသော ပွဲမျိုးဖြစ်သည်။ အခမ်းအနားဖြင့် ကျင်းပသော ပွဲမျိုးမဟုတ်စေကာမူ ရှေးအခါက ပံ့သကူပစ်၍ လှူဒါန်းသူ အလွန်များသဖြင့် အများပြုလုပ်သည်ကိုစွဲ၍ ပံ့သကူပစ်ပွဲဟု ခေါ်ဝေါ် သုံးစွဲခြင်းဖြစ်သည်။
“ပုရှာလေပြီဧအ်။ ပုထုပ်လေပြီဧအ်။ က(ဓိ)န် ပင်္သကူလေပြီဧအ်” ဟု သက္ကရာဇ် ၅၆၃ ခုထိုး၊ သင်ကြီးညောင်အုပ် ကျောက်စာကျော- ၁-၂-၃ တွင် ဖော်ပြထားပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ပံ့သကူပစ်ပွဲသည် ပုဂံခေတ်ကတည်းက ရှိခဲ့သော ပွဲတစ်ပွဲဖြစ်ကြောင်း ထင်ရှားလှပေသည်။ ယခုခေတ်တွင် ပံ့သကူ ကုသိုလ်ရှင်တို့သည် သင်္ကန်းကိုသာ မကတော့ဘဲ ထီး၊ ဖိနပ်၊ သပိတ်၊ သေတ္တာ၊ ကော်ဇော၊ အိပ်ရာခင်း၊ လက်ကိုင်ပဝါ၊ မျက်နှာသုတ်ပဝါ၊ ဝတ္ထုငွေတို့ပါ တိုးချဲ့ လှူဒါန်းလာကြပါသည်။ ရဟန်းတော်များအတွက် သာမက ခရီးသွားပြည်သူများ အတွက်ပါ ရည်မှန်း၍ ပံ့သကူပစ်ကြပါသည်။ ထိုပွဲတော်သည် တန်ဆောင်မုန်း လပြည့်အစ နံနက်စော အရုဏ်တက် ၄ နာရီ ၅ နာရီတွင် ပြုလုပ်ကြခြင်း ဖြစ်သည်။
အထက်ပါ ပွဲတော်များအပြင် မသိုးသင်္ကန်း ရက်လှူပွဲဇော်ပွဲသည်လည်း တန်ဆောင်မုန်းလ၏ ပွဲတော်တစ်ခု ဖြစ်သည်။ မသိုးသင်္ကန်းဆိုသည်မှာ သံဃာတော်များကိုယ်တိုင် သင်္ကန်းများကို ချုပ်ဆိုးဝတ်ကြရသည့်ခေတ်က ကထိန်သင်္ကန်း၏ နာမည်ထူး တစ်မျိုးပင်ဖြစ်သည်။ ထိုခေတ်က ရဟန်းသံဃာများသည် ကထိန်ခင်းရန်အတွက် လှူဒါန်းသည့် သင်္ကန်းကို ညသိပ် သိမ်းဆည်းမထားဘဲ လှူဒါန်းသည့်နေ့ အရုဏ်မတက်မီအတွင်း သင်္ကန်းအပ်နှင်းမှု၊ ချုပ်ဆိုးမှုကို ကိစ္စများပြီးစီးအောင် ဆောင်ရွက်ကြရသည်။ ယင်းသို့ ကိစ္စအားလုံးကို နေ့ချင်းပြီး လုပ်ဆောင်နိုင်သော သင်္ကန်းမျိုးကို မသိုးသင်္ကန်း ဟုခေါ်သည်။ သင်္ကန်းချုပ်ဆိုးနေစဉ် အရုဏ်တက်ခဲ့လျှင်ဖြစ်စေ၊ အပ်နှင်းမှု၊ ချုပ်ဆိုးမှုတို့ကို လုံးဝမပြုဘဲ ညသိပ်ထားလျှင်ဖြစ်စေ သင်္ကန်းသိုးသည်ဟု ဆိုလိုသည်။
မြတ်စွာဘုရားရှင် လက်ထက်တော်က မိထွေးတော် မဟာပဇာပတိ ဂေါတမီသည် နန်းတော်တွင်း၌ ရက်ကန်းစင်များ ဆောက်၍ ကထိန်သင်္ကန်းလျာ ရက်လုပ်ယှဉ်ပြိုင်ပွဲများ ပြုလုပ်သည်။ ကိုယ်တိုင်လည်း ပါဝင်ရက်လုပ်သည်။ ရက်လုပ်သူများကို ဆုများချီးမြှင့်သည်။ ဘုရားရှင်အားလည်း သင်္ကန်းလျာ ပိတ်ချောတစ်ထည် လှူဒါန်းသည်ဟု ဥပရိပဏ္ဏာသအဋ္ဌ ကထာဒဏ္ခိဏဝိဘင်္ဂသုတ်တွင် ဖော်ပြထားပါသည်။ ထိုလှူဒါန်းပွဲကို အတုယူ၍ ပြည်ထောင်စု မြန်မာနိုင်ငံတွင်လည်း တန်ခိုးကြီးဘုရားများ၌ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲများကို တန်ဆောင်မုန်း လဆန်း ၁၄ ရက်ည၌ ကျင်းပကြသည်။ အရုဏ်မတက်မီ အပြီး ရက်လုပ်ရသည်။ အသင်းအဖွဲ့အလိုက် ယှဉ်ပြိုင်ပွဲများ ပြုလုပ်ကြသည်။ ဤပွဲသည် မြန်မာ့ယဉ်ကျေးမှုတွင် ကောင်းမြတ်သော အစဉ်အလာ တစ်ရပ်အဖြစ် ယနေ့တိုင် တည်ရှိနေသည်။
ရွှေတိဂုံဘုရားတွင် ‘မသိုးသင်္ကန်း’ ရက်လုပ် ပြိုင်ပွဲကျင်းပခြင်းသည် ဤသဘောပင် ဖြစ်ပါသည်။ တန်ဆောင်မုန်း လဆန်း ၁၄ ရက် ညနေတွင် ရက်ကန်းရက်မည့် ရက်ကန်းစင်များကို ရွေးချယ်ပြီး သတ်မှတ်သည့် အချိန်မှစ၍ ရက်ကန်းပြိုင်ပွဲ စတင်သည်။ သတ်မှတ်ထားသည့် အတိုင်းအတာအထိ ပထမဆုံးရက်ပြီးသော ရက်ကန်းစင်ကို ပထမဆု၊ ဒုတိယဆု စသည်ဖြင့် ရွေးချယ်ဆုပေး၏။ ရက်လုပ်ပြီးသော သင်္ကန်းလျာကိုလည်း သင်္ကန်းအကွက်ဖော်ပြီး ယင်း ၁၄ ရက် ညမကုန်မီ (ဝါ) ၁၅ ရက် မနက်အရုဏ်မတက်မီ ဘုရားရုပ်ပွားတော်ကို မသိုးသင်္ကန်းအဖြစ်နှင့် ဆက်ကပ်လှူ ဒါန်းသည်။ စင်စစ်မှာ မသိုးသင်္ကန်းဆိုခြင်းသည် အထက်တွင် တင်ပြခဲ့သည့်အတိုင်း ကထိန်သင်္ကန်းကို ခေါ်ခြင်းဖြစ်၏။ တစ်ညတာ ကျော်လွန်၍ သိုးနံလာသော ထမင်းကို ထမင်းသိုး ခေါ်သကဲ့သို့ ယနေ့လာလှူသော ကထိန်သင်္ကန်းသည် တစ်ညတာ ကျော်လွန်သွားလျှင် သိုးသော သင်္ကန်းဖြစ်သွားပြီး ယင်းသင်္ကန်းနှင့် ကထိန်ခင်းခွင့် မရချေ။ ယနေ့ ကထိန်သင်္ကန်းကို ရရှိလာလျှင် ရက်မကျော်စေဘဲ ရသည့်နေ့တာ၊ ညတာအတွင်းမှာပင် ကထိန် အပြီးခင်းရသည်။ ဤသို့ ရက်မကျော်ရခြင်းကို မသိုးထမင်း နှင့်နှိုင်းယှဉ်ပြီး ‘မသိုးသင်္ကန်း’ ဟု ခေါ်ခြင်းဖြစ်ပါသည်။
ဆရာမကြီး ဒဂုန်ဝတ်မှုန်ကလည်း တန်ဆောင်မုန်းလကို အောက်ပါအတိုင်း ဖွဲ့နွဲ့ထားပါသည်။
ဤရာသီမလွဲတမ်း၊ ခဝဲပန်းထိန်ဝါ၊ စွန့်ကြဲခန်းချိန်ခါ၊ ကထိန်လျာဒါန၊ အောင်ရွှေမြို့ ပြည်နိဗ္ဗူကို၊ ရည်စိတ်တူ ခင်းကျင်းလှူကြ၊ ဆောင်းအစ မြောက်လေဝင်၊ ဗြိစ္ဆာခွင်ကာလ။ နိဗ္ဗာန်ဝင်မျှော်ဆလို့၊ ပူဇော်ကြဓိဋ္ဌာန်၊ တန်ဆောင်တိုင် စဉ်လာပွဲကို ထင်စွဲပဲပြုကြဧကန်။ သာမညသုတ်ဖလန်ကို၊ ထုတ်ပြန်ကာဟောလတ်မို့၊ အဇာတသတ်ဗုဒ္ဓဘာသာ တုပ်ကွသဒ္ဓါ။ တန်ဆောင်မုန်း ပုဏ္ဏမာကို၊ ဂုဏ်တင်ကာ ဖော်ညွှန်းရဲ့လေး။
ပြည်ထောင်စု မြန်မာနိုင်ငံသည် တန်ဆောင်မုန်းလတွင် ကထိန်ပွဲများကို နိုင်ငံအနှံ့ စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။ အစိုးရဌာနများ၊ ရုံးများ၊ ကျောင်းများ၊ ကောလိပ်၊ တက္ကသိုလ်များ၊ အသင်းများ၊ အဖွဲ့အစည်းများက စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် ကထိန်ပွဲများ ကျင်းပကြသည်။ ပုဂံခေတ်က အစပြုခဲ့သော ပံ့သကူပစ်သည့် အလေ့အထသည်လည်း တန်ဆောင်မုန်း လပြည့်နေ့ အရုဏ်တက်တွင် ယနေ့ထက်တိုင် ပြုလုပ်မြဲဖြစ်သည်။ ထို့ကြောင့် တန်ဆောင်မုန်းလသည် သာမည ဖလသုတ် ရွတ်ဖတ်ပူဇော်ပွဲ၊ ကထိန်ပွဲ၊ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲ၊ မီးထွန်းပွဲ စသည်တို့ဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ထူးခြားသော လထူးလမြတ် ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။










