အကူးအပြောင်း

အကူးအပြောင်း
Published 10 November 2016
ဒေါက်တာခင်မောင်ညို

မိုးကနေ ဆောင်းအကူးအပြောင်း“ကိုဘသစ်ရေ ဒီအပတ် အကူးအပြောင်းအကြောင်း ဆွေးနွေးကြရအောင်”
“ကောင်းသားပဲ ဆရာညို၊ ခုဆိုရင် မိုးကနေ ဆောင်းကိုကူးပြီ။ အကူးအပြောင်းမှာ လူတွေ ဖျားကြ၊ နာကြ၊ ဆေးခန်း ရောက်ကြရတယ်။ ကျွန်တော့်မိတ်ဆွေ ဆရာဝန်ကတော့ “ကိုယ်ခံအား မကောင်းတဲ့သူတွေ အဓိက နေမကောင်း ဖြစ်တာပါ”လို့ ပြောပါတယ်”
“ကိုယ်ခံအားဟာ လူတွေမှာ အဓိကကျတယ်။ ကိုယ်ခံအား ကျဆင်းတဲ့ ရောဂါဖြစ်ရင် ဒုက္ခများတော့တာပဲကိုး”
“ဟုတ်ပါ့။ ကျွန်တော်တို့ ဒီဘက်ခေတ်မှာ ကိုယ်ခံအားကို သဘောပေါက်လာကြတယ်။ ဆေးဆိုတာမျိုးဟာ လူတွေကို ကူညီတာပါ။ ကုသတာ မဟုတ်ပါဘူး။ လူတွေရဲ့ ကိုယ်တွင်းကသာ ဆေးကိုကုတယ်လို့ ဆိုတယ်၊ Body is the Hero ဆိုသည့်စကားကို ပညာရှင်တွေက ပြောတတ်ကြတယ်”
“အင်း၊ ခုလိုအကူးအပြောင်းဟာလည်း ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ဂရုစိုက်ရမှာပေါ့”
“ဟုတ်ပါတယ်။ အကူးအပြောင်းမှာ ညှိပေးရတာတွေ အများကြီးရှိတယ်။ ဒီလိုရာသီဥတု အပြောင်းအလဲမှာ ကိုယ်ခန္ဓာ လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပေးရတာပါပဲ။ ဒါကြောင့် ဘာမဆို ရုတ်တရက် အပြောင်းအလဲကို လုပ်လို့မရဘူး။ အန္တရာယ်ကြီးပါတယ်”
တိုင်းပြည်ပျက်တဲ့ အကူအပြောင်း“တိုင်းပြည်တစ်ပြည်အတွက်လည်း ဒီလိုပါပဲ။ အပြောင်းအလဲမှာ ဒုက္ခရောက်တတ်တယ်။ အရင်ခေတ်ကတော့ ပိုဆိုးတာပေါ့။ အပြောင်းအလဲတွေမှာ တိုင်းပြည်ပျက်တာမျိုးအထိ ဖြစ်တယ်”
“ကိုဘသစ် မှတ်သားမိတာလေး ပြောပါဦး”
“ပုဂံပြည်ကို လေးကြိမ်တည်ပြီး လေးကြိမ် ပျက်ခဲ့ပါတယ်။ တစ်ကြိမ်မှာ ပုဂံပျက်တော့မယ်ဆိုပြီး ကောလာဟလတွေ ထွက်နေတယ်။ ဒီလိုအချိန်မှာပဲ အမျိုးသမီးကြီး တစ်ယောက်ဟာ သူပဲလှန်းထားတဲ့ ဆန်ကော လေထဲလွင့် ပါသွားတာကြောင့် နောက်ကလိုက်တယ်။ ဒီလိုလိုက်ရင်း ‘ငါ့စကော၊ ငါ့စကော’ လို့အော်တယ်။ ဒီအခါ ပြည်သူတွေက ငါ့စကော မင်းချီလာပြီလို့ထင်ကာ ပြေးကြတယ်၊ ရုတ်ရုတ်သဲသဲဖြစ်ကာ ပြည်ပျက်သွားတာပါပဲ”
“လူတွေက အဆင်ခြင် နည်းတာကိုး”
“လူတွေရဲ့ သဘာဝဟာ ဒီလိုပါပဲ။ အတ္တကြီးတယ်လို့ ပြောလို့ရပါတယ်။ ဥပမာ အားကစားပွဲတွေ ဒါမှမဟုတ် ကပွဲရုံတွေမှာလို လူတွေအများကြီးအကြား မြွေတစ်ကောင် ပစ်ထည့်လိုက်ရင် ပြေးကြလွှားကြနဲ့ တစ်ယောက်ကိုတစ်ယောက် နင်းကြတာတွေများဖြစ်တယ်။ မြွေကိုက်လို့ သေတာထက် လူနင်းလို့ သေရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် လူစုလူဝေး (Mass) တွေကို သတိထားရပါတယ်”
“ကောလာဟလကလည်း ဆိုးတာပဲ”
“လူတွေကလည်း မဆင်ခြင်ကြတာပါပဲ” 
ပါလီမန် ဒီမိုကရေစီ အကူးအပြောင်းယနေ့ ကျွန်တော်တို့တိုင်းပြည်မှာ အပြောင်းအလဲတွေ ဖြစ်နေပါတယ်။ ဒီမိုကရေစီ အပြောင်းအလဲပါပဲ။ အာဏာရှင်စနစ်ဟာ မကောင်းဘူး။ ဒီမိုကရေစီစနစ်ဟာ ကောင်းတယ်ဆိုတာ အားလုံးသိပါတယ်။ ပြည်သူအများစုဟာ အာဏာရှင်ဆန်ဆန် လုပ်ခဲ့တဲ့ လုပ်ရပ်တွေရဲ့ ခါးသီးတဲ့ အတွေ့အကြုံကို ခံစားခဲ့ရပါတယ်။ ကမ္ဘာကြီး တိုးတက်နေချိန်မှာ ကျွန်တော်တို့နိုင်ငံ နောက်ကျန်နေတာကို အများသိတယ်။
ကျွန်တော်တို့တိုင်းပြည်ဟာ သယံဇာတတွေ ရောင်းစားပြီး ပြည်သူတွေဟာ အလုပ်လက်မဲ့တွေ ဖြစ်သွားတယ်။ အလုပ်လုပ်နိုင်သူ အတော်များများဟာ ပြည်ပကို ရောက်သွားကြတယ်။ အရင်က တောသားလူဆင်းရဲတွေဟာ မြို့ပေါ်တက်လာပြီး မြို့သားလူဆင်းရဲတွေ ဖြစ်လာတယ်။
ဆင်းရဲတာ မကောင်းပါဘူး။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ဒုတိယအဆင်းရဲဆုံး နိုင်ငံဖြစ်ခဲ့ပါတယ်။ တစ်ဦးတစ်ယောက်ကို မှီခိုနေရတယ်ဆိုတာနဲ့ တစ်ပြိုင်နက် လွတ်လပ်ရေး ဆုံးရှုံးတာလို့ပဲဆိုတာကို သဘောပေါက်နိုင်ပါတယ်။
ပထမဆုံး မြန်မာတွေ ကိုးကွယ်ခဲ့သူကတော့ ဦးနုပါပဲ။ စိပ်ပုတီးကြီးနဲ့၊ ကျွန်တော့်အဘွားဆိုရင် ဦးနုဓာတ်ပုံတွေ့ရင် ကန်တော့ကြတာပါပဲ။ အရင်ကတော့ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကို ကန်တော့တယ်။ (ကျွန်တော်လည်း ပါပါတယ်။)
မဲပုံးတွေမှာ ဦးနုပုံမြင်ရင် ဘာမှမစဉ်းစားတော့ဘူး။ မဲထည့်သူတွေ အများကြီးပဲ။ နောက်တော့ ဦးနုဟာ အစွန်းရောက်လာတယ်။ တကယ်တော့ ပါလီမန် ဒီမိုကရေစီခေတ်ပဲ မဟုတ်လား။ ဝိုင်းထိန်းပေးလို့ရပါတယ်။ ဒါပေမဲ့ ထိန်းလို့မရတဲ့ အကြောင်းတွေရှိတယ်။ အဲဒါက ပြည်သူတွေပါပဲ။ အဲဒီအချိန်က ပြည်သူအတော်များများဟာ ဦးနုကို ဆန့်ကျင်ရင် ရန်သူလို့ သဘောထားကြတယ်။ ဦးနုလုပ်တာကို ထောက်ခံသူက အတော်များတယ်။
ဒီနေရာမှာ ကျွန်တော်ဦးနုရဲ့ အမှားတွေကို မထောက်ပြတော့ပါဘူး။ ဒါပေမဲ့ သူလည်းလူပဲလေ။ ထိန်းကျောင်းတည့်မတ်ပေးဖို့ လိုတယ်လို့ ထင်ပါတယ်။ မရဘူး။ နောက်ဆုံး ဗိုလ်ချုပ်နေဝင်းဟာ စစ်တပ်ကိုအားကိုးပြီး အာဏာသိမ်းခဲ့ပါတယ်။ 
အာဏာရှင်အကူးအပြောင်းဦးနေဝင်းဟာ ရဲဘော်သုံးကျိပ်အဖွဲ့ဝင် ဖြစ်တယ်။ ဗိုလ်ချုပ်အပါအဝင် မြန်မာနိုင်ငံကို ကယ်တင်တဲ့ ခေါင်းဆောင် ၃၀ ထဲမှာ ပါဝင်တယ်လို့ ဆိုနိုင်တယ်။ သူဟာ တပ်မတော်ရဲ့ ကာကွယ်ရေး ဦးစီးချုပ်ဖြစ်တယ်။ သူ့မှာ နိုင်ငံရေးကို နားလည်တဲ့ အသိုင်းအဝိုင်းတွေရှိတယ်။ ဦးနေဝင်း အာဏာသိမ်းလိုက်တော့ သူက တော်လှန်ရေးကောင်စီဆိုတဲ့ အမည်ကိုခံတယ်။ တော်လှန်ရေးကောင်စီမှာ အဖွဲ့ဝင် ၁၇ ဦးပါတယ်။ တကယ်တမ်း သူဆင်းတဲ့ ၂၆ နှစ်ကာလမှာတော့ သူရယ်၊ ဦးစန်းယုရယ် နှစ်ယောက်ပဲ ကျန်တယ်။
ဒီနေရာမှာ စဉ်းစားစရာရှိတယ်။ အင်္ဂလိပ်အစိုးရဟာ ၁၈၈၅ ကနေ ၁၉၄၈ အထိ မြန်မာပြည်ကို နှစ်ပေါင်းများစွာ အုပ်စိုးခဲ့တယ်။ သူတို့ဟာ အုပ်ချုပ်ရေးနဲ့ နိုင်ငံရေး အတော်လေး အသားကျနေတဲ့ အချိန်မှာ မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးခဲ့ပါတယ်။ အဲဒီအပြောင်းအလဲဟာ အကြီးကြီးပါပဲ။ ဒီလို အပြောင်းအလဲတွေမှာ တည်ငြိမ်အေးချမ်း နေရာက လက်နက်ကိုင် တော်လှန်ရေးတွေ ဖြစ်လာတယ်။ တိုင်းရင်းသား သူပုန်တွေ ထွက်လာတယ်။ ဝါဒရေးရာ သူပုန်တွေ ပေါ်ပေါက်လာတယ်။
တစ်ပြည်လုံး မငြိမ်းချမ်းတော့ဘူး။ ဒီအခါ ပြည်သူတွေထဲက “အင်္ဂလိပ်ခေတ်ကတောင်မှ ကောင်းသေးတယ်။ တံခါးဖွင့်အိပ် လို့ရတယ်” ဆိုပြီး ပြောကြဆိုကြတာကို ကြားဖူးပါတယ်။ကိုလိုနီလက်ထက်က ရန်ကုန်မြို့မှာ ခြင်မရှိသလောက် နည်းတယ်။ လမ်းတွေကို ညဘက် ရေဆေးသန့်စင်တယ်။ ဖုန်လုံးဝမရှိဘူး။ ၂၀၁၀ မှာ အမေရိကန် ပြည်ထောင်စုကို ရောက်သွားတော့ ရောက်သွားတဲ့ မြို့အားလုံးလိုလိုဟာ ဖုန်ကင်းစင်နေတာကို တွေ့ရတယ်။ အမေရိကန်ကလာလည်တဲ့ သူငယ်ချင်းတွေက ရန်ကုန်ရောက်တာနဲ့ ဖုန်တွေကို လေထဲမှာ တွေ့ရတယ်၊ ရှူရှိုက်ရတယ်လို့ ဆိုပါတယ်။
ထားပါတော့။
လွတ်လပ်ရေးရတဲ့ အပြောင်းအလဲဟာ အုပ်ချုပ်တဲ့ ဖဆပလကို အခက်အခဲတွေ ကြုံတွေ့စေတာ သဘောပေါက်ဖို့ တင်ပြတာပါပဲ။ ဒီလို အခက်အခဲတွေကြားမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေဟာ အရှေ့တောင်အာရှမှာ ထိပ်တန်းမှာ ရှိသလို အာရှနဲ့လည်း တစ်ပြေးညီ လိုက်နေပါတယ်။
ဒါပေမဲ့ တောရွာတွေမှာ အုပ်ချုပ်မှု အဆင်မပြေဘူး။ ပြည်တွင်း စစ်ဒဏ်ကြောင့် လူတွေ မြို့တွေပေါ်တက်လာကြရတာတွေ ရှိတယ်။ ရန်ကုန်မြို့ကြီးရဲ့ မြို့ပတ်ရထား လမ်းဘေးတစ်လျှောက် ကျူးကျော်အိမ်တွေ အများကြီးပါပဲ။ ပြီးတော့ မင်းမနိုင်တို့၊ ဖဆပလတို့လို ရပ်ကွက်တွေမှာ ကျူးကျော်အိမ်တွေအများကြီးဖြစ်လို့ လာပါတယ်။
ဒီလိုနဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင် ထွက်ပေါ်လာတယ်။ ၁၉၅၈ ခုနှစ်မှာ ဦးနေဝင်းက အိမ်စောင့် အစိုးရအနေနဲ့ အုပ်ချုပ်တယ်။ လမ်းတွေသန့်ရှင်းရေးတွေကို လုပ်တယ်။ နောက်ဖေးလမ်းကြားတွေ သန့်လာတယ်။ ပြည်သူက ထောက်ခံကြိုဆိုတယ်။ ဒါနဲ့ပဲ နောက်လေးနှစ်အကြာမှာ တော်လှန်ရေး ကောင်စီဆိုပြီး အာဏာကို သိမ်းလိုက်တယ်။ ၂၆ နှစ်ကြာသွားပါတယ်။ တိုင်းပြည်လည်း ပျက်ပါလေရော။ တိုင်းပြည် ပျက်တယ်ဆိုတာ ကျွန်တော်က စီးပွားရေးနဲ့ ပတ်သက်ပြီး ပြောတာပါ။ 
ဒီမိုကရေစီအကူးအပြောင်းဦးနေဝင်းဟာ ၂၆ နှစ် အုပ်ချုပ်ပြီးတဲ့နောက်မှာ တိုင်းပြည် မတိုးတက်တာကို သတိပြုမိလာတယ်။ ဒီတော့ သူသဘောပေါက်တယ်။ တိုင်းပြည် မတိုးတက်တာဟာ တစ်ခုခု မှားနေလို့ပဲ။ ဒါပေမဲ့ သူမမှားဘူး။ ပြည်သူတွေ မှားနေတယ်လို့ ယူဆတယ်။ ဒါကြောင့် သူမထွက်မီမှာ ပြောခဲ့တယ်။ နောက်ဆို ဆန္ဒပြရင် သေနတ်နဲ့ ပစ်မယ်။ စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး။ တည့်တည့်ပစ်တာလို့ ပြောခဲ့ပါတယ်။ ပြည်သူတွေဟာ သူတို့ဆန္ဒကို ထုတ်ဖော်တာ သေနတ်ကို မကြောက်ပါဘူး။ ဒီလိုနဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက်လာတယ်။
စစ်တပ်က အာဏာသိမ်းပြန်ပါတယ်။ နဝတခေတ်၊ နောက် နအဖခေတ်ကို ဖြတ်သန်းကြရပြန်တယ်။ သူတို့က ရွေးကောက်ပွဲ လုပ်ပေးတယ်။ ဒါပေမဲ့ အာဏာမလွှဲပေးဘူး။ အခြေခံဥပဒေဆွဲဖို့ ရွေးကောက်ပွဲပါတဲ့။ အာဏာလွှဲတာ မဟုတ်ဘူးတဲ့။ လွှတ်တော်ကိုယ်စားလှယ်တွေ ထောင်ကျတယ်။ အချို့လည်း နိုင်ငံရပ်ခြားကို ထွက်ပြေးကြတယ်။ အခြေခံ ဥပဒေရေးဆွဲလိုက်တာ ၁၅ နှစ်ကြာသွားတယ်။ ၂၀၀၈ အခြေခံဥပဒေဟာ ပြည်သူကို ကာကွယ်တဲ့ဥပဒေ ဖြစ်မလာဘူး။ ၂၀၁၀ အာဏာလွှဲပေးလိုက်တဲ့အခါ စစ်တပ်ကလူတွေ အားလုံးလိုလို အစိုးရအဖွဲ့ဝင် ဖြစ်လာတယ်။ 
အာဏာရှင်စိတ်များဒီတော့ စစ်ဗိုလ်ချုပ်များပါဝင်တဲ့ အစိုးရအဖွဲ့ဟာ အာဏာရှင်စိတ် မပျောက်ပါဘူး။ သူတို့ကလည်း ဘေးကလူ သူတို့ကိုကြောက်နေရင် ကျေနပ်တာပဲ။ ၈၈ အရေးအခင်းမှာ ဗိုလ်မှူးချုပ် အောင်ကြီး ထောင်ကလွတ်လာတော့ စမ်းချောင်း ပဒုမ္မာကွင်းမှာ ဟောပြောပွဲလုပ်တယ်။ လူတွေကသူ့ကို အများကြီးမျှော်လင့်တယ်။ ဒါပေမဲ့ သူက တပ်မတော်ကို စိတ်နဲ့တောင် မပြစ်မှားပါနဲ့လို့ ပြောခဲ့တော့ လူတွေ စိတ်ပျက်ကုန်တယ်။
၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်းမှာ အနိုင်ရတဲ့ ကြံ့ခိုင်ရေးအဖွဲ့မှ သမ္မတဦးသိန်းစိန်ဟာ ပထမတော့ ဟုတ်မလိုလိုပါပဲ။ ဒါပေမဲ့ နောက်တော့ ကျောင်းသားတွေ ဆန္ဒပြတာ ဝင်ရိုက်တဲ့ ရဲတွေအကြောင်းကို သူက တစ်ဖက်ကရိုက်လို့ သူတို့ရိုက်ရတာပါဆိုတာမျိုး ပြောတယ်။ ပညာရေး ရင်းနှီးမြှုပ်နှံမှုဟာ ဘာမှပြန်မရတဲ့ ရင်းနှီးမြှုပ်နှံမှုလို့ဆိုတယ်။ အဲဒီ ပါတီအဖွဲ့ဝင် ဝန်ကြီးတစ်ပါးကတော့ “သူက နယ်လှည့်ပါးရိုက်နေသူပါ” ဆိုပြီးခြိမ်းခြောက်တယ်။ နောက်ဝန်ကြီးတစ်ပါးကတော့ ကျောက်မီးသွေးစက်ရုံဟာ ၉၉ ရာခိုင်နှုန်း သန့်စင်တယ်လို့ဆိုတယ်။ အများကြီးရှိပါတယ်။ သူတို့ဟာ ဗီဇကို မဖျောက်နိုင်ပါဘူး။ 
နိဂုံးအာဏာရှင်ဆန်ဆန် လုပ်လိုက်ရင် ပြဿနာတွေ ပြေလည်သွားမယ်လို့ ထင်ခဲ့ကြတယ်။ နိုင်ငံတည်ဆောက်တဲ့နေရာမှာ အဲဒီလိုလုပ်လို့ မရပါဘူး။ဦးနုခေတ်ကလို ဖြစ်လေမလားလို့လည်း စိုးရိမ်မိတယ်။ အဲဒီခေတ်က ဦးနုကို ဝေဖန်လျှင် ပြည်သူတွေက မခံကြတာမျိုးကို သတိထားမိတယ်။မခိုးတာ၊ မဝှက်တာ၊ လူကိုမနှိပ်စက်တာကို ကြိုဆိုပါတယ်။ မခိုးတာ၊ မဝှက်တာ၊ လူကို မနှိပ်စက်တာ သက်သက်နဲ့တော့လည်း တိုင်းပြည် မတည်ထောင်နိုင်ပါဘူး။အပြောင်းအလဲဟာ နှေးကောင်းနှေးမှာပါ။ ဒါကို လက်ခံပါတယ်။ ဒါပေမဲ့ အာဏာရှင်ဆန်ဆန် နောက်ပြန်မသွားပါနဲ့လို့သာ မှာချင်ပါတယ်။

Most Read

Most Recent