လတန်ဆောင်တိုင်

လတန်ဆောင်တိုင်
Published 10 November 2016
ဇင်ဝင်းနော်

သီတင်းကျွတ် ပွဲတော်ပြီးတော့ တန်ဆောင်တိုင် ပွဲတော်က ဆက်တိုက် ရောက်လာပါတယ်။ တန်ဆောင်မုန်းလရဲ့ ရာသီဥတုက မိုးအကုန် ဆောင်းရာသီ ကူးစဖြစ်တာကြောင့် ပွင့်လင်းရာသီ အစလို့လည်း ခေါ်နိုင်ပါတယ်။ တန်ဆောင်တိုင် ပွဲတော်က သီတင်းကျွတ် ပွဲတော်ထက် မြိုင်ဆိုင်တာ တွေ့ရပါတယ်။ တန်ဆောင်တိုင် ပွဲတော်ရဲ့ ထူးခြားချက်ကတော့ ကထိန်ဒါန ပြုကြခြင်းပါပဲ။ အစိုးရဌာန ဆိုင်ရာ၊ ကုမ္ပဏီအသင်းအဖွဲ့၊ ရပ်ကွက်လူမှုရေး၊ ဘာသာရေးအသင်းနဲ့ ကျောင်းသားလူငယ်တွေပါ မကျန် ကထိန်သင်္ကန်း ကပ်လှူကြပြီး လမ်းအလိုက်၊ ရပ်ကွက်နဲ့ မြို့နယ်အလိုက် ကထိန်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါတယ်။
တန်ဆောင်တိုင် ပွဲတော်ကို မသိုးသင်္ကန်း ကပ်လှူတဲ့ပွဲ၊ ဆေးပေါင်းခတဲ့ပွဲ၊ ရှင်မာလဲ ပွဲတော်၊ ကျီးမနိုးပွဲ၊ သာမညဖလ ပွဲတော်လို့လည်း အမျိုးမျိုး ခေါ်ကြပါသေးတယ်။ နောက်ပြီး တန်ဆောင်မုန်း လပြည့်နေ့ ညအချိန်အခါမှာ ကြယ်တာရာ နက္ခတ်စုံညီ ပွင့်လင်းပြီး လနဲ့ နက္ခတ်တို့ ဖြတ်သန်း တွေ့ဆုံကြုံကြိုက်တာမို့ အဲဒီအချိန်မှာ အသင့်ပြုပြင် စီရင်ထားတဲ့ မဲဇလီဖူးသုပ်ကို ဆေးပေါင်းခပါတယ်။ ဒါကြောင့် အဲဒီနေ့ ညအချိန်မှာ ခုနစ်ရက် သားသမီးတွေ မဲဇလီဖူးသုပ်ကို စားသုံးကြတယ်။ ဒီဓလေ့ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းက ကြတ္တိကာနက္ခတ်နဲ့ စန်းယှဉ်တဲ့ တန်ဆောင်မုန်း လပြည့်နေ့မှာ ဆေးပင်အပေါင်းကို စောင့်တဲ့ နတ်အပေါင်းဟာ မဲဇလီပင်စောင့်နတ်မင်းထံ တညီတညွတ်တည်း လာရောက် ခစားကြပါတယ်။ ဒါကိုအကြောင်းပြုပြီး ဆေးပေါင်းခတဲ့ မဲဇလီဖူးကို လပြည့်ည နက္ခတ်စုံချိန်မှာ သုပ်စားရင် ၉၆ ပါးသော ရောဂါပျောက်ကင်းတယ်လို့ ဆေးကျမ်းတွေမှာ ဖော်ပြထားတာကို အစွဲပြုပြီး ယုံကြည်မှုနဲ့ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ တန်ဆောင်မုန်းလအခါ သမယဟာ ခြေကင်းလက်ကင်း သာယာတဲ့ အချိန်ဖြစ်ပြီး လှပသာယာတဲ့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ပွဲတော်တစ်ရပ်ကို မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပနိုင်တာကလည်း ထူးခြားချက် တစ်ရပ်ပါပဲ။ ဒါကြောင့်လည်း ဘိုးတော်ဘုရား လက်ထက် စာဆိုတော် ဦးယာရဲ့ ၁၂ ရာသီလူးတား ဗြိစ္ဆာရာသီ တန်ဆောင်မုန်းလဘွဲ့မှာ “မောက်မိုဖြိုးမြင့်၊ ရွှေပင့်ခဝဲ၊ ဝတ်မှုန်ကြဲလျက်၊ ထွက်ထဲစိန္တ၊ ရှင်မွေတော်ကို၊ ရိုသေညွတ်ကြိုး၊ မသိုးသင်္ကန်း၊ လှူဒါန်းရောင်ရှိန်၊ ကထိန်ပွဲခင်း၊ ကြိုင်သင်းပန်းမာလ်၊ ထူးဆန်းဝေေ၀၊ မြောက်လေသွင်းချီ၊ ရာသီဗြိစ္ဆာ၊ လမှာတန်ဆောင်၊ မြူမှောင်မသန်း၊ သော်တာဆန်းသည်” လို့ ရေးဖွဲ့ခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။
ရာဇဝတ်တော်ကြီးမှာပါရှိတဲ့ ဘကြီးတော် မင်းတရားကြီး လက်ထက် ဆီမီးတန်ဆောင်တိုင်ပွဲ၊ ကထိန်ပွဲ ကျင်းပပုံတွေကိုလည်း အောက်ပါအတိုင်း တွေ့နိုင်ပါသေးတယ်။“တန်ဆောင်မုန်းလဆန်း ၁၅ ရက်နေ့ အနောက် အတွင်းတော်မှာ ကထိန်သင်္ကန်း ရက်လုပ်စေ၍ ဘုရားစေတီပုထိုးများမှာ လှူ တော်မူသည်။ အရညဝါသီပုဂ္ဂိုလ်၊ ဂါမဝါသီပုဂ္ဂိုလ်၊ အရိယာ သံဃာတော်မြတ်တို့အားလည်း ကထိန်သင်္ကန်းတို့ကို အရှင်မိဖုရားခေါင်ကြီးနှင့် ရေစက်သွန်းတော်မူ၍ ကပ်လှူ တော်မူသည်။ တန်ဆောင်မုန်းလ ရက်သုံးဆယ်လုံး ရွှေမြို့တော်နှင့်တကွ ပြည်တွင်း၊ ပြည်ပ၊ လက်တွင်း၊ လက်ပ၊ လမ်းဘေးလမ်းမများကို တန်ဆာဆင်စေပြီးလျှင် ရွှေနန်းတော်မှစ၍ ပြည်အလုံး ကြတ္တိကာသဘင် ကောင်းကင်ဆီမီးတို့ဖြင့် ထွန်းညှိ ပူဇော်ကြသည်။ တန်ဆောင်မုန်း လပြည့်ကျော် ၈ ရက်နေ့ ဘုရားစေတီပုထိုးများမှာ ဆီမီးတန်ဆောင်တိုင် အတောင် ၂၀၊ ၂၅ တောင်၊ ၃၀၊ တိုင်ပေါင်း ရှစ်ဆယ် ညှိထွန်း ပူဇော်တော်မူသည်”။
တန်ဆောင်မုန်းလရဲ့ အခြားထင်ရှားတဲ့ အချက် ရှိပါသေးတယ်။ ဒါကတော့ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းမှာ အထင်ကရနေ့ တစ်နေ့ဖြစ်တဲ့ “အမျိုးသားနေ့” ဟာ တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့မှာ ကျရောက်နေတာကြောင့်ပါ။ ရန်ကုန်မြို့မှာတော့ တန်ဆောင်တိုင် ပွဲတော်ဟာ ကာတွန်းဆရာကြီး ဦးဘဂျမ်းရဲ့ ရုပ်ပြောင် ကာတွန်းပြပွဲတွေနဲ့ အမြဲတမ်းဒွန်တွဲ နေတာတွေ့ရမှာ ဖြစ်ပါတယ်။ ကာတွန်းဆရာကြီး ဦးဘဂျမ်းဟာ ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်က ရန်ကုန်အနောက်ပိုင်း ၁၃ လမ်း အိမ်အမှတ် (၃၇) မှာ ကွယ်လွန် သွားခဲ့တာပါ။ ဆရာကြီး ဦးဘဂျမ်း ကွယ်လွန်ခဲ့တာ နှစ်တွေအများကြီး ကြာညောင်းခဲ့ပြီ ဖြစ်ပေမယ့် သူ့ရဲ့ ကာတွန်းများနဲ့ လတန်ဆောင်ဟာ ဒီနေ့အထိ ပျောက်ကွယ်သွားခြင်း မရှိသေးပါဘူး။ လတန်ဆောင်တိုင်ပွဲမှာ ကာတွန်း ဦးဘဂျမ်းရဲ့လမ်းမှာ ကာတွန်း ပြပွဲတွေကို တွေ့နေရဆဲ ဖြစ်ပါတယ်။
မြိုင်ဆိုင်လှတဲ့ လတန်ဆောင်တိုင်မှာ မြန်မာနိုင်ငံတစ်ဝန်းက ထင်ရှားတဲ့ တန်ဆောင်တိုင် ပွဲတော်တွေလည်း ရှိပါတယ်။ ပထမဆုံးနဲ့ လူသိအများဆုံးကတော့ တောင်ကြီး မီးပုံးပွဲတော်ပါ။ မြန်မာနိုင်ငံမှာ သာမက ကမ္ဘာသိ ပွဲတော်လည်း ဖြစ်ပါတယ်။ တောင်ကြီး မီးပုံးပျံပြိုင်ပွဲမှာ မြန်မာနည်းပညာနဲ့ ပြုလုပ်ထားတဲ့ မီးပုံးပျံတွေကို တစ်ဖွဲ့နဲ့တစ်ဖွဲ့ အလှပဆုံးဖြစ်အောင် ဖန်တီးပြုလုပ်ပြီး လွှတ်တင် ပြိုင်ဆိုင်ကြပါတယ်။ နှစ်စဉ် လူထောင်ပေါင်းများစွာနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပတဲ့ ပွဲတော်တစ်ခုပါပဲ။ တကယ်တော့ ဒီလိုမီးပုံးပျံကို ထားဝယ်မြို့သားတစ်ဦးဖြစ်တဲ့ ဦးကျော်ရင်က တီထွင်ခဲ့ပြီး မီးပုံးပျံ ဦးကျော်ရင်လို့လည်း ထင်ရှား လူသိများခဲ့ပါတယ်။ တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ရဲ့ မီးပုံးပျံလွှတ်တင်ခြင်းကို ၁၉၄၁ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး ၁၉၅၃ ခုနှစ်မှာ ပြိုင်ပွဲပုံစံ ပြုလုပ်ကျင်းပလာတာ ဖြစ်တယ်လို့ သိရပါတယ်။
နောက်ထပ်ထင်ရှားတဲ့ တန်ဆောင်တိုင် ပွဲတော်ကတော့ ထားဝယ် တန်ဆောင်တိုင် ပွဲတော်ဖြစ်ပါတယ်။ ထားဝယ်မြို့မှာ နှစ်ကျိပ်ရှစ်ဆူ ဘုရားများ လှည့်လည်ခြင်းကို ထားဝယ်မြို့နားက ရွာပေါင်း ၂၈ ရွာက တာဝန်ယူ ပြုလုပ်ကြတာဖြစ်ပြီး ထားဝယ်မြို့ရဲ့ ထင်ရှားတဲ့ ဘုရားတစ်ဆူဖြစ်တဲ့ လောကမာရဇိန် ဘုရားမှာ ညလုံးပေါက် အပူဇော်ခံ ကျင်းပပါတယ်။
တန်ဆောင်မုန်း လဆန်း ၁ ရက်ကစပြီး ရွာ ၂၈ ရွာက မိမိတို့ရွာမှာ အပူဇော်ခံထားရှိတဲ့ ဘုရားများကို ပင့်ဆောင်ပြီး အခြားရွာ ၁၅ ရွာကို လှည့်လည် အပူဇော်ခံပါတယ်။ ရွာတိုင်းကလည်း ဆီမီးနဲ့ပန်းတွေကို ဆက်ကပ် လှူဒါန်းကြပါတယ်။ ညလုံးပေါက် ကျင်းပတဲ့ ထားဝယ် တန်ဆောင်တိုင် ပွဲတော်မှာ မြန်မာ့ရိုးရာ အိုးစည်ဒိုးပတ်ဝိုင်းတွေ၊ တိုးနယား အကအဖွဲ့တွေ၊ စတိတ်ရှိုးပွဲတွေနဲ့ ကုန်စည်ပြပွဲတွေကို စည်စည်ကားကား ကျင်းပလာခဲ့ကြတာ ဒီနေ့အထိ ဖြစ်ပါတယ်။
ပြည်မြို့က တန်ဆောင်တိုင် ပွဲတော်ကတော့ ပြည်ရွှေဆံတော် ဘုရားကြီးရဲ့ ပွဲတော်ပါပဲ။ ရွှေဆံတော် ဘုရားပွဲတော်ကြီးကို တန်ဆောင်မုန်း လဆန်း ၈ ရက်မှ လပြည့်ကျော် ၁ ရက်အထိ ရှစ်ရက်တိုင်တိုင် ကျင်းပတာဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းမှာရှိတဲ့ မြို့ရွာတွေက ပြည်သူတွေ အထူးမျှော်လင့် တောင့်တကြတဲ့ ပွဲတော်ဆိုရင်လည်း မမှားပါဘူး။ ရွှေဆံတော် ဘုရားကြီးရဲ့ တန်ဆောင်တိုင် ပွဲတော်မှာ အထူးခြားဆုံးနဲ့ အစည်ကားဆုံး အချိန်ကတော့ မြတ်စွယ်တော် လှည့်လည် ပူဇော်ခံတဲ့ပွဲပဲ ဖြစ်ပါတယ်။
ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော်ကလည်း လူသိများ ထင်ရှားပါတယ်။ မဟာအံ့ထူးကံသာ ဘုရားဝင်းထဲမှာ ပွဲတော်ကို နွှဲပျော်ကြတာပါ။ နာမည်ကျော် တေးသံရှင်တွေနဲ့ မော်ဒယ်တွေက ပွဲတော်လာ ဧည့်ပရိသတ်တွေကို ဖျော်ဖြေကြပြီး မီးပုံးပျံပြိုင်ပွဲအတွက် ဆုကြေးတွေ ချီးမြှင့်ကြတာလည်း ရှိပါတယ်။ ဒါကတော့ မြန်မာပြည်အနှံ့က လူသိများထင်ရှားတဲ့ တန်ဆောင်တိုင် ပွဲတော် ကျင်းပပုံတွေအကြောင်း လေ့လာတင်ပြထားတာ ဖြစ်ပါတယ်။ လတန်ဆောင်တိုင် ပွဲတော်ဟာ မြိုင်မြိုင်ဆိုင်ဆိုင် ရှိလှပြီး အမျိုးသားနေ့ကလည်း တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်မှာ နှစ်စဉ်ကျရောက်နေတာမို့ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ရှင်သန်စေပြီး မျိုးချစ်စိတ်ဓာတ်ကို နိုးကြားစေတဲ့ ဂုဏ်ပုဒ်များနဲ့ ယှဉ်တွဲနေတာ တွေ့ကြရမှာ ဖြစ်ပါတော့တယ်။

Most Read

Most Recent