ဂျပန်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီနဲ့ပတ်သက်တဲ့ မှတ်ချက်ဟာ ဒီချုပ်ပါတီကို သတိပေးလိုက်သလို သုံးသပ်မိပါတယ်။ ဒီချုပ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အလွန်အတွက် ဘယ်လောက် ပြင်ဆင်ပြီးပြီလဲလို့ ပြန်မေးခွန်းထုတ်ရမှာပါ။ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလို သူရှိရှိ၊ မရှိရှိ ဒီချုပ်ဟာ ချမှတ်ထားတဲ့ မူဝါဒတွေနဲ့ ဆက်အလုပ်လုပ်သွားနိုင်ဖို့ ဗျူဟာမြောက် ပြင်ဆင်ထားပြီးပြီလား။ ဒေါ်အောင်ဆန်းစုကြည် အလွန်အတွက် မပြင်မဆင်ရသေးဘူး ဆိုရင်လည်း ဒီချုပ်အနေနဲ့ အမြန်ဆုံး စပြင်ဆင်ပါ၊ အချိန်မနှောင်းသေးပါကြောင်း တိုက်တွန်း အကြံပြုလိုပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ် အတောအတွင်း နိုဝင်ဘာ၄ ရက် သောကြာနေ့ တိုကျိုမြို့ ဂျပန်အမျိုးသား သတင်းကလပ်မှာ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ကာ သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို ဖြေကြားခဲ့ပါတယ်။ အဲဒီသတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်မရှိရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) ဟာ ဘာဖြစ်မလဲဆိုတဲ့ မေးခွန်းကတော့ အတော့်ကို စိတ်ဝင်စားစရာ ကောင်းခဲ့ပါတယ်။ အဲဒီမေးခွန်းကို ပြည်တွင်းရော၊ ပြည်ပမှာပါ စိတ်ဝင်စားနေတာပါ။
အာဏာရှင်စနစ်ရဲ့ ဒေါက်တိုင်တွေ အားကောင်းနေဆဲဖြစ်တဲ့ အာဏာရှင် စနစ်ကနေ ဒီမိုကရေစီ ကူးပြောင်းစ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်သာ မရှိရင်၊ ဒေါ်အောင်ဆန်းစုကြည်သာ အလုပ်မလုပ်နိုင်ရင် အပြောင်းအလဲဟာ ဗလောင်းဗလဲဖြစ်မလား ဆိုတာကိုလည်း စိုးရိမ်ကြတာပါ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) အတွက်သာမက ဒီမိုကရေစီ ရှေ့ခရီးအတွက် အတော့်ကို အရေးပါတဲ့ မေးခွန်းတစ်ခုပါ။
“ဒီမေးခွန်းကို ကျွန်မအနေနဲ့ ခဏခဏ အမေးခံရပါတယ်။ ကျွန်မမရှိရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) ဘာဖြစ်မလဲ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) မှာ ခေါင်းဆောင်နိုင်မယ့် အခြားသူတွေမရှိဘူးပေါ့ဆိုတဲ့ သဘောပါ။ ကျွန်မကတော့ အဲဒါကို သဘောမတူပါဘူး။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ ကျွန်မရဲ့ အားသာချက်ကြီးကတော့ ရိုးရိုးရှင်းရှင်းပြောရရင် အင်္ဂလိပ်စကား အတော်ကောင်းကောင်း ပြောနိုင်တာပါ။ ပါတီထဲမှာ နိုင်ငံခြားဘာသာစကား ကောင်းကောင်းမပြောနိုင်ပေမယ့် လုပ်ရည်ကိုင်ရည်ရှိတဲ့သူတွေ အများကြီးရှိပါတယ်။ သူတို့ကို လျှော့မတွက်ပါနဲ့။ ကျွန်မချည်းသက်သက်အားနဲ့ မနှစ်က ရွေးကောက်ပွဲ အနိုင်ရခဲ့တာ မဟုတ်ပါဘူး။ အဲဒါကြောင့် ကျွန်မရှိနေနေ၊ မရှိနေနေ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ကျွန်မတို့ ချမှတ်ထားတဲ့ မူဝါဒတွေနဲ့ ဆက်အလုပ်လုပ် သွားနိုင်လိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်ရဲ့ မေးခွန်းကို ဖြေကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ပါတီထဲမှာ လုပ်ရည်ကိုင်ရည် ရှိတဲ့သူတွေ အများကြီးရှိနေတယ် ဆိုတာကို သဘောတူပါတယ်။ ခေါင်းဆောင် အရည်အချင်းနဲ့ ပြည့်စုံတဲ့သူတွေလည်း အများကြီးရှိနေတယ်ဆိုတာ ငြင်းမရပါဘူး။ တစ်ဆက်တည်း ၂၀၁၂ ခုနှစ် ပါတီကို ပြန်ဖွဲ့စည်းပြီးတဲ့နောက် ပါတီထဲက လုပ်ရည်ကိုင်ရည် ရှိတဲ့သူတွေထဲ နောက်ကျောဓား နဲ့ထိုးမယ့်သူတွေ၊ နိုင်ငံရေး ကပ်ပါးလိုလူတွေ၊ နိုင်ငံရေး အနားပြာတွေ၊ နိုင်ငံရေးမျက်နှာများတဲ့ သူတွေ၊ နိုင်ငံရေး အကျင့်သီလ အားနည်းတဲ့ သူတွေစတဲ့ နိုင်ငံရေးငါးခုံးမတွေ နေရာယူလာတာကလည်း တကယ့် ဖြစ်စဉ်ပါ။ လုပ်ရည်ကိုင်ရည်ရှိတဲ့ သူတွေထဲမှာ အခွင့်အရေးသမားတွေ၊ ဆရာတင် တပည့်ခံကာ လုပ်ချင်ရာ လုပ်မယ့်သူတွေကို အတော်သတိထား စောင့်ကြည့်ရမှာပါ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ တစ်ခုတည်းသော ဝင်ရိုးပေါ်မှာ လည်ပတ်နေရတာပါလို့ ဝေဖန်သံတွေလည်း ကြားနေရပါတယ်။ အဲဒီလို အသံဗလံတွေ ဆူညံကာ ဝေဖန်သံတွေ မြင့်မားနေပေမယ့် အဲဒီသုံးသပ်ချက်တွေဟာ ကြောင်းကျိုး မညီဘူးလို့ အချက်အလက်နဲ့ ပြန်ချေပနိုင်တဲ့ အပိုင်းမှာ အားနည်းနေဆဲ ဖြစ်ပါတယ်။
ပညာတတ် အသိုင်းအဝိုင်းနဲ့ အလယ်အလတ်လွှာတွေက ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရတွေ၊ လွှတ်တော်တွေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပေါ်မှာ ဝေဖန်တာ၊ သုံးသပ်တာ၊ အကြံပြုတာ၊ တိုက်တွန်းတာတွေကတော့ တစ်နေ့တခြား ဒီရေအလား မြင့်တက်လာနေပါတယ်။ ပညာတတ်၊ အလယ်အလတ်နဲ့ သတင်းမီဒီယာတွေက ထောက်ပြ ဝေဖန်တာတွေ မြင့်တက်လာနေပေမယ့် ဆင်းရဲတွင်း နက်နေဆဲ တိုင်းရင်းသားပြည်သူလူထု အများစုအတွက်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကယ်တင်ရှင်ပါ။ တစ်ဦးတည်းသော မှီခိုအားထားရာပါ။ အဲဒါကြောင့် ဘယ်လောက်ပဲ ဝေဖန် သုံးသပ်သံတွေ ဗလောင်ဆူနေပါစေ အောက်ခြေ ပြည်သူလူထုအကြား ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံမှုကတော့ လျော့မသွားဘူး ဆိုတာက အသေအချာပါ။ သူတို့တွေအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ မျှော်လင့်ချက် ရောင်ခြည်ပါ။ အဲဒီအနေအထားကို အခွင့်ကောင်းယူကာ လုပ်ချင်တိုင်း လုပ်မယ်၊ ရမ်းချင်တိုင်း ရမ်းမယ်ဆိုတဲ့ ခေါင်းဆောင် ကြီး၊ငယ်၊ လတ်တွေ ဒီချုပ်ပါတီထဲ ရှိနေတာကတော့ ရင်မောစရာပါ။
ဒီချုပ်ပါတီရဲ့ လတ်တလော အနေအထားကိုကြည့်ရင် အားရစရာ သိပ်မကောင်းတာကတော့ ငြင်းမရတဲ့ အချက်ပါ။ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလို ဒီချုပ်ပါတီဟာ သူမရှိရင်လည်း ဖြစ်တယ်ဆိုတာကတော့ ပကတိ အနေအထားနဲ့ လွဲချော်နေပါတယ်။ ဒီချုပ်ပါတီဟာ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ တိုက်ရိုက်ဖြစ်ဖြစ်၊ သွယ်ဝိုက်လို့ပဲဖြစ်ဖြစ် အတော့်ကို မှီနေရတာပါ။ ဒေါ်အောင်ဆန်းစုကြည်သာ မရှိရင်၊ အလုပ်မလုပ်နိုင်ရင် ဒီချုပ်ပါတီဟာ ဖရိုဖရဲ ဖြစ်သွားနိုင်တယ်၊ ဝါးအစည်း ပြေသွားနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေကလည်း မြင့်မားနေတာပါ။ ပါတီဟာ မူဝါဒတွေ၊ လမ်းစဉ်တွေ၊ လုပ်ငန်းစဉ်တွေ အပေါ်မှာ စနစ်တကျ အခြေပြုကာ တည်ဆောက်ခဲ့တဲ့အပိုင်းမှာ အားနည်းခဲ့ပါတယ်။ အားမနာတမ်းပြောရရင် မူဝါဒထက် လူပုဂ္ဂိုလ်အပေါ်၊ လမ်းစဉ်၊ လုပ်ငန်းစဉ်ထက် လူပုဂ္ဂိုလ်အပေါ် အခြေပြုလွန်းတဲ့အတွက် အခုလို စိုးရိမ်သံတွေ ကြားလာရတာပါ။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ဒေါ်အောင်ဆန်းစုကြည် ရှိရှိ၊ မရှိရှိ အားကောင်းမောင်းသန် ခေါင်းဆောင်မှုနဲ့ ဒီမိုကရေစီ အပြောင်းအလဲကို ခေါင်းကိုင်နိုင်ဖို့ဆိုရင် ပါတီရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းနဲ့အညီ ပါတီကို စနစ်တကျ တည်ဆောက်နိုင်ဖို့ မဖြစ်မနေ အားထုတ်ရပါမယ်။ ပါတီတွင်း ဒီမိုကရေစီ ထွန်းကားဖို့နဲ့ ပါတီအလုပ်အမှုဆောင် အဆင့်ဆင့်ကို ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ဖို့လည်း ဦးစားပေးလာရမှာ ဖြစ်ပါတယ်။ ပါတီထဲက အရည်အချင်းရှိတဲ့ သူတွေကို လူမှန်နေရာမှန် စုစည်း တာဝန်ပေးနိုင်ဖို့က အရေးကြီးသလို တပည့်မွေးဆရာမွေး ပုံစံ၊ အုပ်စုဖွဲ့ သင်းဖွဲ့တဲ့ပုံစံ၊ သတင်းပေးလိုလို၊ လက်ပါးစေလိုလို ပုံစံတွေနဲ့ လက်တစ်ဆုပ်စာ အကျိုးအတွက်ပဲ လုပ်နေမယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည် မရှိရင် ပါတီဟာ ဖရိုဖရဲနဲ့ ပြိုလဲသွားမှာ အသေအချာပါ။ ပါတီဖွဲ့စည်းပုံ စည်းမျဉ်းမှာ ပါတီအလုပ်အမှုဆောင် အဆင့်ဆင့်ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို တိတိကျကျ ပြဋ္ဌာန်း၊ ကျင့်သုံးနိုင်မှ ပါတီတွင်း ဗဟိုဦးစီးစနစ် လွန်ကဲတာကို လျှော့ချနိုင်မှာပါ။ ပါတီရဲ့ နံပါတ်တစ် ခေါင်းဆောင်ကနေ အောက်ခြေရပ်ကွက်နဲ့ ကျေးရွာအုပ်စု ခေါင်းဆောင်အထိ အားလုံးဟာ စည်းနဲ့ကမ်းနဲ့ အလုပ်လုပ်နိုင်ရပါမယ်။ ပါတီရဲ့ စည်းကမ်းကို ချိုးဖောက်ရင် ဘယ်သူဖြစ်ဖြစ် ကျောသားရင်သား မခွဲမခြား အရေးယူ ဆောင်ရွက်နိုင်ဖို့လည်း သော့ချက်ကျပါတယ်။
နောက် ၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့တာ၊ အစိုးရဖွဲ့နိုင်၊ လွှတ်တော်တွေမှာ အများစု ကိုယ်စားပြုနိုင်ခဲ့တာတွေဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်သူလူထုရဲ့ ယုံကြည်မှု၊ ထောက်ခံမှု၊ အသိအမှတ်ပြုမှုတွေနဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။ အဲဒါကြောင့် လူကိုမကြည့်ဘဲ၊ ပါတီကိုပဲကြည့် မဲပေးခဲ့ကြတာပါ။ လက်ငင်း အနေအထားတွေအရ ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်က ဒီချုပ်ပါတီ မဟုတ်တဲ့၊ တခြား ပါတီတစ်ခုကို ပြောင်းရွှေ့ ခေါင်းဆောင်မယ်ဆိုရင်တောင် အဲဒီပါတီက ရွေးကောက်ပွဲမှာ အနိုင်ရဖို့ကတော့ သေချာသလောက် ရှိနေတာပါ။ အဲဒါကြောင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရတာရဲ့ အဓိက မောင်းနှင်အားဟာ ဒေါ်အောင်ဆန်းစုကြည်ပဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်ဖို့လိုပါတယ်။ အောက်ခြေပါတီဝင်တွေ၊ အရပ်ဘက် အဖွဲ့တွေ၊ ပြည်သူတွေရဲ့ ဝန်းရံခဲ့တဲ့အားကလည်း အတော့်ကို ကြီးမားခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားတစ်ခုတည်းနဲ့ ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြို နိုင်ခဲ့တာ မဟုတ်ပေမယ့်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားကတော့ ရာခိုင်နှုန်း မြင့်မြင့်မားမား သော့ချက်ကျခဲ့တယ်ဆိုတာ ငြင်းမရတဲ့ အချက်ပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) အတွက် သာမက၊ တပ်မတော်အတွက်လည်း အတော့်ကို အရေးကြီးတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်နေပါတယ်။ တပ်မတော်ကို အင်အားတောင့်တင်းကာ၊ စွမ်းရည်ထက်မြက်တဲ့ ခေတ်မီတပ်မတော် ဖြစ်လာဖို့ တည်ဆောက်တဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍဟာ အတော့်ကို အရေးပါတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ အနီးဆုံး သာဓကတစ်ခုကို ပြရမယ်ဆိုရင် အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းလိုက်တာဟာ ရှင်းရှင်းပြောရင် ဒေါ်အောင်ဆန်းစုကြည်ကြောင့်ပါ။ အမေရိကန်ပြည်ထောင်စု အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်တာ၊ ထောက်ခံတာကို သူ့နိုင်ငံရဲ့ ဒေသတွင်း အမျိုးသားအကျိုးစီးပွားနဲ့ ပေါင်းစပ် ဆုံးဖြတ်လိုက်တာ ဖြစ်နိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးအတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်း၊ အပေးအယူ လုပ်လာနိုင်မလား ဆိုတာကလည်း စိတ်ဝင်စားစရာပါ။ စွမ်းရည်ထက်မြက်တဲ့ ခေတ်မီ တပ်မတော်ဖြစ်ရေးဆိုတဲ့ သော့ကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မိမိရရ ဆုပ်ကိုင်ညှိနှိုင်းလာနိုင်မယ် ဆိုရင်တော့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေ အကျိုးအတွက် အပေးအယူ ကောင်းကောင်းတွေ ရုပ်လုံးပေါ်ကောင်း ပေါ်လာနိုင်မယ်လို့ ယုံကြည် မျှော်လင့်မိပါတယ်။
အချုပ်အနေနဲ့ ပြောရရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဒေါ်အောင်ဆန်းစုကြည် ရှိရှိ၊ မရှိရှိ၊ လူထုထောက်ခံမှုရတဲ့၊ အားကောင်းတဲ့ ပါတီအဖြစ် မြင်ချင်တာပါ။ ဒေါ်အောင်ဆန်းစုကြည် ရှိရှိ၊ မရှိရှိ ဒီချုပ်ဟာ ချထားတဲ့မူဝါဒ၊ လမ်းစဉ်၊ လုပ်ငန်းစဉ်တွေနဲ့ နိုင်ငံရေးအရ အားကောင်းမောင်းသန် ခရီးဆက်နိုင်တာကို မြင်ချင်တာပါ။ ဒါပေမဲ့ လတ်တလော အခင်းအကျင်းမှာ အဲဒီလို မဖြစ်သေးတာကတော့ အရှိတရားပါ။ နောက် နဖူးတွေ့ဒူးတွေ့ စဉ်းစားရင် အဲဒီလိုဖြစ်ဖို့ ခဲယဉ်းနေဆဲပါ။ ပါတီထဲက လုပ်ရည်ကိုင်ရည် ရှိတဲ့သူတွေ လုပ်ခွင့်ကိုင်ခွင့် မရတာ၊ ကန့်သတ် ခံနေရတာတွေကလည်း စိုးရိမ်စရာပါ။ သေချာတာကတော့ ဒေါ်အောင်ဆန်းစုကြည် ရှိရှိ၊ မရှိရှိ ဒီချုပ်ပါတီ အားကောင်းနေဖို့၊ လူထုထောက်ခံမှု မြင့်မားနေဖို့ဆိုရင် အခုကစကာ အတော်ကြီးကို အပတ်တကုတ် အားထုတ် အလုပ်လုပ်ရဦးမယ် ထင်ပါတယ်။










