ရင်မှာလေးကန် အတွေးကျန်ခဲ့

ရင်မှာလေးကန် အတွေးကျန်ခဲ့
Published 9 November 2016
တက္ကသိုလ်မိုးဝါ

တစ်နေ့က မွန်းလွဲပိုင်းလောက်အချိန်၊ အသိမိတ်ဆွေ၏ ကိုယ်ပိုင်ကားသည် မြို့ထဲ၌ ဘတ်စ်ကား တစ်စီးနှင့် မတော်တဆမှု ဖြစ်ပွားခဲ့သည်ဆိုသည်။  ဖြစ်ချင်တော့ ယင်းဘတ်စ်ကား၏ နောက်ကြည့်မှန် ကွဲအက်ပျက်စီးသွားရာ သူမှန်ကိုယ်မှား၊ သူမှားကိုယ်မှန် စသဖြင့် တစ်ဖက်နှင့်တစ်ဖက် အငြင်းပွားနေတော့ သည်။  ဘတ်စ်ယာဉ်မောင်းက နောက်ကြည့်မှန် ပျက်စီးမှုအတွက် အသိမိတ်ဆွေကား မောင်းသူအား အလျော်တောင်းသည်။ 
လမ်းကြောမှန်သည်ဟုဆိုသော အသိ မိတ်ဆွေယာဉ်မောင်းက မလျော်နိုင်ကြောင်း၊ ယာဉ်ထိန်းရဲအား ခေါ်မည်ဖြစ်ကြောင်း ပြောလိုက်သည့် စကားမဆုံးမီတွင် ခရီးသည်တင် ယာဉ်မောင်းအပါအဝင် ၎င်းနှင့်အတူ ပါလာသူသုံးဦးက လက်သီးဖြင့် ဝိုင်းထိုးကြသည်ဆိုသည်။ အသိမိတ်ဆွေက ပြောပြသည်မှာ မည်သူမှားသည်၊ မှန်သည်ကို ဘေးဖယ်ထားဦး၊ မြေပြင်၏ အမှန်အကန် အဖြစ်အပျက်ကတော့ (၁) ဘတ်စ်ကား၏ နောက်ကြည့်မှန် ပျက်စီးခြင်း၊ (၂) အသိမိတ်ဆွေ၏ ယာဉ်မောင်းလက်သီးဖြင့် အထိုးခံရခြင်းနှင့် (၃) ကျန်သူများအားလုံး မူးယစ်သောက်စားထားခြင်းဟူ၍ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုသည်။ သူတို့တစ်တွေ ရဲစခန်းရောက်သည်အထိ အငြင်းအခုံ ဖြစ်နေဆဲဟုလည်း ပြောသည်။ 
ထို့ပြင် နောက်အသိ မိတ်ဆွေတစ်ယောက်က လိုင်းကားတစ်စီးဖြင့် မြို့ထဲသို့အသွား ယာဉ်မောင်းနှင့် နောက်လိုက်တို့ အရက်သေစာ သုံးစွဲထားကြောင်းပြောသည်ကို ကြားမိပြန်သည်။ စာရေးသူနှင့် တိုက်ရိုက်သက်ဆိုင်ခြင်း မရှိသောအဖြစ်အပျက်တစ်ခုပင် ဖြစ်သော်လည်း ယာဉ်ဖြင့် လိုက်ပါသူခရီးသည်များ၏ အသက်ကို တန်ဖိုးမထားလေရော့သလားဟု ရင်မှာလေးကန်ကာ အသက်ရှူမဝသလို ခံစားခဲ့ရသည်။
ယင်းနှင့်ဆက်စပ်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဝေဖန်သုံးသပ် ပြောကြားခဲ့သည့် စကားဆီသို့ အတွေးများက ရောက်ရှိသွားသည်။ သူမက “မြို့ကြီးတစ်မြို့ပေါ် နေထိုင်တယ်ဆိုတာ နေရာတိုင်းမှာ စည်းကမ်းတကျ နေထိုင်ဖို့ ဥပဒေတွေက ပြဋ္ဌာန်းပြီး ဖြစ်ပါတယ်။ လမ်းပေါ်ရောက်သွားတာနဲ့ ကားတွေရဲ့စည်းကမ်းချိုးဖောက်တာ၊ ဥပဒေလိုက်နာမှု မရှိတာတွေ၊ လမ်းဘေးဈေးသည်တွေရဲ့ ဥပဒေလိုက်နာမှု မရှိတာတွေ၊ အမှိုက်ကိစ္စ၊ လျှပ်စစ်မီးကိစ္စ၊ ရေသုံးစွဲမှုကိစ္စ အခြေအနေတိုင်းမှာ ဥပဒေကို လိုက်နာမှုမရှိတော့တာကို တွေ့ရပါတယ်။  ဥပဒေရှိပြီးရဲ့သားနဲ့  ဥပဒေကိုမလိုက်နာခြင်းဟာ ဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ဝန်ထမ်းတွေရဲ့ ဥပဒေချိုးဖောက်မှုတွေအပေါ် အရေးယူတာတွေ အားနည်းနေတာကို တွေ့နေရတယ်” ဟု ဝန်ထမ်းများသည် တာဝန်ထမ်းဆောင်ရာတွင် မဝံ့မရဲ ဖြစ်နေပါက ယင်းဝန်ထမ်းများနေရာ၌ အစားထိုးလဲလှယ်ခြင်း၊ အရေးယူဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ရမည့် အချိန်ဖြစ်နေကြောင်း ပြောကြားခဲ့သည်။
ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုပြ ဿနာကို မဖြေရှင်းနိုင်သေးသည့်အပေါ် ပြည်သူများက ပို့ဆောင်ဆက် သွယ်ရေးကော်မတီသို့ မေးခွန်းထုတ်မှုစာများ အများအပြား ရောက်ရှိနေခြင်းနှင့်ပတ်သက်၍ ရန်ကုန်မြို့အတွင်း၌ မီးပွိုင့်ဗဟိုထိန်းချုပ်မှုစနစ်အား တပ်ဆင်လုပ်ဆောင်ရာ၌ ပြီးစီးရမည့်အချိန်တွင် ပြီးစီးပြီဆိုပါက ယာဉ်ကြောကျပ်တည်းမှုကို အထိုက်အလျောက်ဖြေရှင်းနိုင်မည်ဟု တွေးဆရသော်လည်း ယနေ့တိုင် မီးပွိုင့် ၁၅၄ ခုအနက် အရေအတွက်အားဖြင့် ၈၀ ခန့်သာ ပြီးစီးခြင်းမှာ စဉ်းစားစရာတစ်ခု ဖြစ်လာစေသည်။
တစ်နေ့ကပဲ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးက ယာဉ်ကြောပိတ်ဆို့မှုအား ဂျပန်နိုင်ငံမှ ပညာရှင်အဖွဲ့ဖြင့် လှည်းတန်းမီးပွိုင့်ကို ရှေ့ပြေးစီမံချက်အဖြစ် လေ့လာသုံးသပ်မှု ဆောင်ရွက်သွားမည်ဟုပြောကြားခဲ့သည့် သတင်းဖတ်ရှုရသည်။  (The Daily Eleven၂၉-၁၀-၂၀၁၆ နေ့ထုတ်)။ ယာဉ်ကြောပိတ်ဆို့မှုနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက လှည်းတန်းမီးပွိုင့်ကိုဖြတ်ရန် နာရီဝက် ၄၅ မိနစ်ခန့်ကြာကြောင်း၊ ယာဉ်ထိန်းရဲ ရှိနေချိန်တွင် အဆင်ပြေပြီး ယာဉ်ထိန်းမရှိလျှင် ပြန်ကျပ်မြဲကျပ်နေကြောင်း၊ လှည်းတန်းခုံးကျော်တံတားကို ငွေကျပ် ၁၁ ဘီလျံ အကုန်အကျခံ ဆောက်လုပ်ခဲ့သော်လည်း အကျိုးမရှိကြောင်း ပြောကြားခဲ့သည်။
လမ်းနှင့် ယာဉ်တို့နှင့် ပတ်သက်သည့် စာရေးသူ၏ အနှစ် ၅၀ ကျော် ကိုယ်ပိုင် သာမန်အတွေ့အကြုံကို ရေးလိုပါသည်။  ရှေးရှေးယခင်က အင်းစိန်ဘက်မှ မြို့ထဲသို့သွားရန် မီးပွိုင့်နားရောက်လျှင် ပြည်လမ်းဘက်မှ VIP လမ်းကြောင်းတစ်ခုအား ရံဖန်ရံခါ ရင်ဆိုင် တွေ့ကြုံရတတ်သည်။  ထိုသို့ဖြစ်လျှင် ငါးခွဆုံရှိ ကျန်ယာဉ်ကြောလေးခုအား မီးနီဖြင့် တားဆီးထားသည်။  သက်ဆိုင်ရာပုဂ္ဂိုလ်ကြီးများ၏ ယာဉ်တန်းမရောက်မီအနည်းဆုံး ၁၀ မိ နစ်ခန့် ကြိုတင်၍ သူတို့အတွက် မီးစိမ်းပေးထားလေ့ရှိသည်။  ပြီးတော့ သူတို့ ယာဉ်တန်းအားလုံး ဖြတ်သန်းပြီးစီးသည်အထိ ၁၅ မိနစ်၊ မိနစ်၂၀ ခန့် ကုန်လွန်ပြီးမှ ကျန်သည့်ယာဉ် ကြောရှိ ယာဉ်များအား စတင်လွှတ်ပေးသည်။  ယင်းအချိန်မှ မဖြစ်သင့်သည့်ယာဉ်ကြောကျပ်တည်းမှုများ စတင်ဖြစ်ပေါ်လာလေတော့သည်။ အချိန်အတန်ကြာသည်ထိ ရှင်း၍ မရဘဲဖြစ်ခဲ့သည်။
အဓိက သုံးသပ်လိုသည်မှာ VIP ပုဂ္ဂိုလ်များ၏ အခွင့်ထူးခံခြင်း၊ သို့မဟုတ် အောက်ခြေမှ ပုဂ္ဂိုလ်တို့က လိုအပ်သည်ထက်ပို၍ အခွင့်ထူးများ ဖန်တီးပေးကာ အသုံးတော်ခံခြင်း စသည့်ဖြစ်စဉ်ကို သုံးသပ်လိုခြင်းမဟုတ်၊ ယာဉ်ကြောကျပ်တည်း ပိတ်ဆို့မှုအား ဖြစ်စေသော မီးပွိုင့်တစ်ခု၌ လမ်းကြောင်းတစ်ခုတည်းအား ငါးမိနစ်ကျော်မျှကြာအောင် ယာဉ်များ မကုန်မချင်း တစ်ဖက်စောင်းနင်း လွှတ်ပေးခြင်း လုပ်ဆောင်ချက်ကို ဝေဖန်သုံးသပ်လိုခြင်းသာ ဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ် ပြောကြားသကဲ့သို့ ယာဉ်ထိန်းရဲ ရှင်းလင်းနေချိန်တွင် အဆင်ပြေသော်လည်း ရဲမရှိသောအခါ ယာဉ်များ ကျပ်မြဲကျပ်လျက်ပင် ဖြစ်သည်ဟုဆိုခြင်းမှာ မှန်သင့်သလောက်မှန်ပါသည်။  အင်းစိန်လမ်းမပေါ်သို့ ယာဉ်ထိန်းရဲများ အဆက်မပြတ် ခရာမှုတ်၍ စည်းကမ်းထိန်းသိမ်းနေချိန်တွင် စည်းကမ်း အဖောက်ဖျက်ဆုံး ခရီးသည်တင်ယာဉ်တို့ပင် စည်းကမ်းမဖောက်ဝံ့ကြတော့သဖြင့် အဆင်ပြေကြသည်။  သို့သော် အမှန်တကယ် ယာဉ်များပိတ်ဆို့မှုမှာ မီးပွိုင့်အား အချိန်ကြာမြင့်စွာ (ဥပမာ ငါးမိနစ်ခန့်)ကုန်ပြီးမှ တစ်ကြိမ်စိမ်းပေးခြင်းကြောင့် ဖြစ်သည်။ ယင်းကိုအလွယ်တကူ မှန်းဆ တွက်ချက်ကြည့်နိုင်သည်။  ဥပမာ - အင်းစိန်လမ်းပေါ်ရှိ ယာဉ်များအား စောင့်ဆိုင်းစေကာ အခြားလမ်းကြောများရှိ ယာဉ်များအား မကုန်မချင်း လွှတ်ပေးသည့်လုပ်ရပ်သည် ငါးမိနစ်ခန့် ကြာသွားသည်ဆိုပါစို့။  ထိုအခါ မြို့ထဲသို့ ဦးတည်စောင့်ဆိုင်းနေသော အင်းစိန်လမ်းပေါ်ရှိ ယာဉ်တန်းသည် ဆင်ရေတွင်းမှတ်တိုင်နားအထိ ရှည်လျားနေပေတော့မည်။ ထိုရှည်လျားသော ယာဉ်တန်းကို အလှည့်ကျ၍ မီးစိမ်း ပေးလွှတ်လိုက်ပြန်လျှင်လည်း ယာဉ်အားလုံးသည် ဟံသာဝတီအဝိုင်း၌ တစ်ဖန်စုပြုံတိုးလျက် ပိတ်ဆို့နေဦးမည်သာဖြစ်သည်။  အင်္ဂလိပ်လို Bottleneck ဟု ခေါ်နိုင်မည် ထင်သည်။ 
အဝကျဉ်းသော ပုလင်းထဲမှ ပစ္စည်းထုတ်ယူမရဘဲ တစ်ဆို့နေသော အဖြစ်မျိုးဖြစ်သည်။ အထက်ပါကဲ့သို့ မလုပ်ဆောင်ဘဲ အကယ်၍ လမ်းကြောတိုင်းရှိ ယာဉ်များအား အချိန်အားဖြင့် တစ်မိနစ်ခွဲ၊ တစ်မိနစ်မျှ ပုံမှန်အလှည့်ကျ မီးစိမ်းပေးမည်ဆိုပါက တစ်ဆို့သည့် ပြဿနာကိုဖြေရှင်းနိုင်မည်ဟု စာရေးသူ၏ ပညာရှင်မဟုတ်သော သာမန် အတွေ့အကြုံအရ သုံးသပ်မိသည်။ အခြေခံအလုပ်သမား လူတန်းစားလမ်းပေါ်တွင် နေ့စဉ် အလဟဿ အချိန်ကုန်လူပန်းဖြစ်သည့် ဖြစ်စဉ်အား အမြန်ဆုံး ပြေလည်စေချင်ပြီဟု ညည်းတွားသံမျိုးစုံအောင် ကြားနေရသည်။  ယင်းကိစ္စကြောင့် ရင်မှာလေးကန်လျက် အသက်ရှူမ၀ ဖြစ်နေခဲ့သည်မှာကြာပြီ။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကဏ္ဍစုံ အလွှာစုံတွင် အသေးအမွှားဟုထင်ရသည့် ကိစ္စမှအစ အချို့သော အမြစ်မှလှန်၍ အသစ် ပြန်လည် ထူထောင်ရမည့်ကိစ္စအဆုံး ပြုပြင်ထိန်းသိမ်းစရာ ဒုနှင့်ဒေး ကျန်ရှိနေပေသေးသည်။ သဘောမှာ ခံစားလွယ်ထိခိုက်လွယ် သူတို့အဖို့ ရင်မှာလေးကန်ပြီး အတွေးများ မည်သည့်အရပ်သို့ လွင့်ပျံ့မည်ကိုပင် မသိနိုင်တော့ပါ။

Most Read

Most Recent