ကျွန်တော့်သူငယ်ချင်းတွေထဲမှာ အရမ်းကို ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့သူ တွေရှိပေမယ့် ကျွန်တော်ကတော့ ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့သူတစ်ယောက် မဟုတ်ပါဘူး ။ ဒါကို ကျွန်တော်ကိုယ်တိုင်လည်း သိပေမယ့် ကျွန်တော်က ခပ်အေးအေးနေတတ်သူမို့ ပြင်ဖို့ခက်ပါတယ်။ အသိမိတ်ဆွေတွေ ပြောတာကတော့ ကျွန်တော်က အပြုံး အရယ် နည်းတယ်။ ခပ်တည်တည်ကြီးနေတယ်။ မြင်ရုံနဲ့ ခင်မင်ချင်စရာ မကောင်းဘူးလို့ ဆိုပါတယ်။ ကျွန်တော့်ရဲ့ စိတ်ထဲမှာတော့ လူတိုင်းကို ခင်မင်ရင်းနှီးချင်စိတ်ရှိပေမယ့် စကားကို ကိုယ်ကစပြီး အတင်းကာရော ပြောကာ ပြုံးရယ်ပြီး ဖော်ရွေနေတာမျိုးတော့ မလုပ်မိတတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ကို လာပြီး စပြီး စကားပြောဆို ဆက်ဆံတဲ့သူတိုင်းကိုတော့ ကျွန်တော်က အလေးထားတန်ဖိုးထား ဆက်ဆံတတ်ပါတယ်။ အမှန်က ကျွန်တော်က တစ်ယောက်တည်း အထီးကျန်နေရတာကို မကြိုက်ပါဘူး။ အပေါင်းအသင်းတွေနဲ့ နေရတာကို သဘောကျတာပါ။ ဗီဇအရ ကျွန်တော်က အေးစက်စက် ဖြစ်နေတာကိုတော့ အခုတော့ တတ်နိုင်သမျှ ပြုပြင်နေပါပြီ။
အမေရိကန်သမ္မတ သီအိုဒိုရုစဗဲ့ကတော့ “လူတွေနဲ့ ခင်မင်ရင်းနှီးအောင် ပေါင်းသင်းဆက်ဆံတတ်တယ်ဆိုတာ အောင်မြင်မှုရဲ့ အကြောင်းရင်းတစ်ခုပါပဲလို့” ပြောဖူးပါတယ်။ ဒီစကားက ဖြစ်နိုင်ပါတယ်။ ပုဂ္ဂိုလ်ခင်မှ တရားမင်တယ်ဆိုတဲ့ စကားကလည်း ရှိနေသေးတာကိုး။ နောက်တစ်ခု John C. Max-well ပြောဘူးတဲ့ စကားတစ်ခွန်းလည်း ရှိပါသေးတယ်။ “သင်ဘယ်လောက်သိတယ် တတ်တယ်ဆိုတာကို လူတွေက ချစ်ခင်တာမဟုတ်ပါဘူး။ သင်လူတွေကို ဂရုစိုက်တာ၊ အလေးပေးတာတွေကို လူတွေက ချစ်တာပါ” တဲ့။
အထူးသဖြင့် စီးပွားရေးလုပ်တဲ့နေရာမှာ ပေါင်းသင်းဆက်ဆံရေးဟာ သိပ်ကိုအရေးကြီးပါတယ်။ သူသူကိုယ်ကိုယ် ဆိုင်တစ်ဆိုင်ကို သွားတဲ့အခါ ဆိုင်ကဝန်ထမ်းတွေက ပေါင်းသင်းဆက်ဆံရေး မကောင်းဘူးဆိုရင် နောက်တစ်ခါထပ်သွားချင်စိတ် မရှိတော့ပါဘူး။ ပေါင်းသင်းဆက်ဆံရေး ကောင်းတယ်၊ ဖော်ရွေတယ်၊ ဝန်ဆောင်မှုကောင်းတယ်ဆိုရင် ကျွန်တော်တို့က အဲဒီဆိုင်ကတော့ ဆက်ဆံရေးကောင်းတယ်၊ ဝန်ဆောင်မှုလည်း ကောင်းတယ် စသည်ဖြင့် အသိမိတ်ဆွေတွေကို လမ်းညွှန်မိတတ်ပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးတိုးတက်ပြီး ခေတ်မီတဲ့ နိုင်ငံကြီးတွေမှာရှိတဲ့ ကုန်တိုက်ကြီးတွေမှာ ဧည့်ကြိုတာဝန်ကို ထမ်းဆောင်မယ့်သူတွေကို အပြုံးသင်တန်းပေးပြီး လေ့ကျင့်စေသည် အထိအပြုံးကို အလေးပေး ကြိုးစားလုပ်ဆောင်တယ်ဆိုတာကို ကြားဖူးပါတယ်။
ကိုယ့်ကိုသိတဲ့သူ ဖြစ်စေ ၊ မသိတဲ့သူပဲ ဖြစ်စေ တစ်စုံတစ်ယောက်က ကိုယ့်ကိုပြုံးပြပြီး ဖော်ရွေစွာနဲ့နှုတ်ဆက်တဲ့အခါ သဘောကျနှစ်သက်တတ်တာ လူ့သဘာဝပါပဲ။ အပြုံးဟာ လူတိုင်းကို စိတ်ကြည်နူးစေပါတယ်။ အပြုံးကို မြင်ရတဲ့သူတိုင်း အေးချမ်းမှုရစေပါတယ်။ အပြုံးဟာ လူချစ်လူခင်ပေါစေတဲ့ ဆေးတစ်မျိုးလို့ ဆိုရမှာပဲဖြစ်ပါတယ်။
အပြုံးရဲ့ အံ့သြဖွယ်ရာ အစွမ်းရှိတဲ့ဆေးပါပဲ။ လူတစ်ယောက် ပျော်ရွှင်ချမ်းမြေ့မှုရဖို့ “နေ့စဉ် လူသုံးဦးကို ပြုံးအောင်လုပ်ပါ၊ နေ့စဉ် ၁၀ မိနစ်မှ မိနစ် ၂၀ ခန့် လမ်းလျှောက်ပါ၊ လမ်းလျှောက်စဉ်ပြုံးပါ” ဆိုတဲ့ ညွှန်ကြားချက် တစ်ခုကိုလည်း စာတစ်ပုဒ်မှာ ဖတ်ဖူးပါတယ်။ အပြုံးဟာ လူအချင်းချင်း ပေါင်းသင်းဆက်ဆံရေးမှာ အခြေခံကျပါတယ်။ အမြဲတမ်း ပြုံးချိုနေတဲ့ မျက်နှာရှိတဲ့သူကို လူတိုင်းက ခင်မင်ချစ်ခင်ရင်းနှီးချင်စိတ် ရှိတတ်ပါတယ်။ လူချစ်လူခင် ပေါများခြင်းဟာလည်း ဘဝမှာ အောင်မြင်ဖို့ လမ်းကြောင်းထဲက တစ်ခုပဲဖြစ်ပါတယ်။
အိန္ဒိယတွေးခေါ် ဒဿနပညာရှင် ကရိရှနမူရတီက “တကယ့်ကမ္ဘာလောကကြီးဟာ ကျွန်တော်တို့ အချင်းချင်းကြားမှာရှိနေတဲ့ ပေါင်းသင်းဆက်ဆံရေးသာ ဖြစ်ပါတယ်။ တကယ့်ကမ္ဘာလောကကြီးဟာ ကျွန်တော်တို့နှင့် သီးခြားစီဖြစ်နေတဲ့ သီးသန့်တည်ရှိနေတဲ့ အရာမဟုတ်ပါဘူး။ ကျွန်တော်တို့ လူသားအချင်းချင်းကြားမှာ ကျွန်တော်တို့ ဘာသာတည် ဆောက်ထားတဲ့ ဒါမှမဟုတ်ရင်လည်း တည်ဆောက်ဖို့ ကြိုးပမ်းနေတဲ့ လူမှုပေါင်းသင်းဆက်ဆံရေးကြီးပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
တကယ်တော့လည်း ဘဝဆိုတာ ပေါင်းသင်းဆက်ဆံရေးတွေနဲ့ တည်ဆောက်ထားတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ ဘဝတစ်လျှောက်လုံး ရှင်သန်နေထိုင်ရသမျှ ကျွန်တော်တို့ဟာ တစ်ယောက်မဟုတ် တစ်ယောက်နဲ့ ပေါင်းသင်းဆက်ဆံ နေရတာပဲဖြစ်ပါတယ်။ လူမှုဝန်းကျင်နှင့် စီးပွားရေးနယ်ပယ်မှာတော့ ဘယ်သူနဲ့မှ မပေါင်းမသင်းဘဲ နေလို့မရနိုင်ပါဘူး။ တစ်ယောက်တည်း သီးခြားနေလို့လည်း မဖြစ်နိုင်ပါဘူး။ ဒါကြောင့် လူအချင်းချင်း ပေါင်းသင်းဆက်ဆံမှုတော့ ပြုနေရမှာပဲဖြစ်တယ်။ ပေါင်းသင်းဆက်ဆံမှုဆိုတာ ဘဝရဲ့ ရှင်သန်ရုန်းကန် လှုပ်ရှားခြင်းတစ်မျိုးလို့ ဆိုရမယ်ထင်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးဟာ လူအချင်းချင်း ဖေးမကူညီရေး၊ ပျော်ရွှင်မှုရရှိရေး၊ ငြိမ်းချမ်းရေးစတာတွေကို ဖြစ်စေနိုင်တဲ့အတွက် ပေါင်းသင်းဆက်ဆံရေးကို ကိုယ်ကျိုးစီးပွား အောင်မြင်ဖြစ်ထွန်းဖို့ချည်း သက်သက်နဲ့ စီးပွားတွက်တွက်ပြီး တစ်ယောက်နဲ့တစ်ယောက် ပေါင်းသင်းရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။
တချို့က လိုအပ်နေတဲ့အခါမှာသာ ပေါင်းသင်းပြီး မလိုအပ်တော့တဲ့အခါမှာ မပေါင်းတော့ဘူး။ ကိုယ်လိုချင်တာလေး ရချင်တဲ့အခါမှာ ပေါင်းသင်းဆက်ဆံပြီး လိုတာလေးရပြီးတဲ့အခါမှာ စွန့်ပစ်လိုက်တယ်။ ဒါဟာ မမှန်ကန်တဲ့ ပေါင်းသင်းဆက်ဆံရေးလို့ ဆိုရမှာဖြစ်တယ်။ တချို့ပြဿနာတွေဟာ လူအချင်းချင်း ပေါင်းသင်းဆက်ဆံရေးကနေ ပေါက်ဖွားအခြေခံလာတာတွေ ရှိပါတယ်။ ဒါကြောင့် ပေါင်းသင်းဆက်ဆံတဲ့အခါ မေတ္တာတရားနဲ့ ပျော်ရွှင်ချမ်းမြေ့မှုကို ဦးတည်ပြီး ပေါင်းသင်းဆက်ဆံရမှာ ဖြစ်ပါတယ်။
ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်လို့ ပေါင်းသင်းဆက်ဆံရေး အရမ်းကောင်းတဲ့ ဒေါက်တာ ဝီလျံအော်(စ်)လာဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်အကြောင်းကို ဖတ်ဖူးပါတယ်။ သူက အင်မတန်ပဲ ပေါင်းသင်းဆက်ဆံရေး ကောင်းလို့ လူတိုင်းက သူ့ကိုသဘောကျနှစ်သက်ပြီး အမြဲတမ်းပဲ သူ့ကိုအကူအညီပေး ချင်နေတယ်။ လူတွေနဲ့ ခင်မင်ရင်းနှီးအောင် ပေါင်းသင်းဆက်ဆံရေးဟာ ဘယ်လောက်အရေးကြီးကြောင်းကိုလည်း ဝီလျံက အမြဲပြောလေ့ရှိပါသတဲ့။ သူကိုယ်တိုင်လည်း ပေါင်းသင်းဆက်ဆံတဲ့အခါ မေတ္တာ၊ ကရုဏာ ထားပြီး ဆက်ဆံလေ့ရှိရုံသာမကဘဲ သူ့ရဲ့ဆေးကျောင်းသား တပည့်တွေကိုလည်း “ကျွန်တော်တို့ ဆရာဝန်တွေက ရောဂါကိုပျောက်အောင် ဘယ်လိုခေတ်ပေါ်နည်းသုံးမယ်၊ ဘယ်ဆေးသုံးမယ်ဆိုတာကိုပဲ အာရုံစိုက်နေကြတယ်၊ ဆေးကုတဲ့အခါ လူနာတစ်ယောက်ချင်းအပေါ်မှာ ဂရုစိုက်ပြီး နှလုံးသားထဲကလာတဲ့ အကြင်နာ၊ မေတ္တာ၊ ကရုဏာတွေကို မင်းတို့ပြစေချင်တယ်။ ရောဂါဝေဒနာ ခံစားနေရသူတွေကို ဘယ်သူဘယ်ဝါမခွဲခြားဘဲ လူတိုင်းအပေါ်မှာ ကြင်နာမှုပေးပါ” လို့ ပြောဆိုသင်ပြပါတယ်။
ဝီလျံကွယ်လွန်တော့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဆရာဝန်ကြီးက “ကျွန်တော့်ရဲ့ ဘဝသက်တမ်း တစ်လျှောက်မှာတော့ ဝီလျံလောက် ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့လူကို မတွေ့ဖူးပါဘူး။ ဝီလျံရဲ့ လူတွေကိုလေးစားတဲ့ ပင်ကိုစရိုက်၊ လူတွေကိုစိတ်ဝင်စားတဲ့ အလေ့အကျင့်တွေကို ကျွန်တော်အလွန်ပဲ လေးစားကြည်ညိုရပါတယ်” လို့ ဆိုပါတယ်။
လူတွေနဲ့ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံတတ်တယ်ဆိုတာ ထူးချွန်ထက်မြက်တဲ့ အရည်အသွေးတစ်မျိုးပါပဲ။ နိုင်ငံခြားက မဂ္ဂဇင်းကြီးတစ်စောင်က အလုပ်ရှင်တွေကို သူတို့ရဲ့ဝန်ထမ်းတွေမှာ မရှိမဖြစ်လိုအပ်တဲ့ အရည်အချင်းသုံးခုကို စစ်တမ်းကောက်ယူတဲ့အခါမှာ လူတွေနဲ့ ပြေပြေလည်လည် ပေါင်းသင်းဆက်ဆံတတ်တာက နံပါတ် ၁ နေရာရပါသတဲ့။ ၈၄ ရာခိုင်နှုန်းက လူတွေနဲ့ ဆက်ဆံရေး ပြေပြစ်တဲ့လူကိုပဲ အလိုရှိကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့်ပဲ အလုပ်ခေါ်စာတွေမှာ ပေါင်းသင်းဆက်ဆံရေး ချောမွေ့ပြေပြစ်ရမယ်ဆိုတဲ့အချက် ထည့်သွင်းကြော်ငြာတာ ဖြစ်ပါလိမ့်မယ်။
ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့သူဆိုတာ တကယ်တော့ ပတ်ဝန်းကျင်ကို အလေးထားတာ၊ လူတွေကို နားလည်မှုပေးတာ၊ လူတိုင်းကို အထင်မသေးတာ၊ မေတ္တာထားတာ၊ လေးစားချစ်ခင်တာ၊ လိုအပ်ရင် အကူအညီပေးတာ၊ နိမ့်ကျသူကို အားပေးစကားပြောကြားတာ၊ အတ္တမကြီးတာ စတဲ့အချက်တွေနဲ့ အခြေခံထားတာ တွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်လည်း ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်တဲ့သူတစ်ယောက်ဖြစ်အောင် ကြိုးစားရပါဦးမယ်။
အပြုံးနဲ့ ပေါင်းသင်းဆက်ဆံရေး
Most Read
Most Recent
3 hours ago










