မြန်မာ့မြေထိပ်ဖျားက မြစ်ဆုံရတနာနှင့် ဧရာဝတီ၏ ငိုညည်းသံခရီး

မြန်မာ့မြေထိပ်ဖျားက မြစ်ဆုံရတနာနှင့် ဧရာဝတီ၏ ငိုညည်းသံခရီး
Published 8 November 2016
■ ဖြိုးဝေ

မြို့ပေါင်းများစွာဖြတ်၊ တောင်ပေါင်းများစွာကျော်၊ နေဝင်ရီတရော ညနေများစွာမှ သဘာဝအတိုင်း လှပနေသည့် တိမ်ရှုခင်းများရှိရာမြေသို့ အောက်တိုဘာလကုန်ရက်က ခြေချဖြစ်ခဲ့သည်။ ထိုသို့ ခြေချဖြစ်ခဲ့သည်မှာ မြန်မာအစိမ်းရောင်ကွန်ရက်၏ ငါးကြိမ်မြောက်တွေ့ဆုံပွဲကို မြစ်ကြီးနားမြို့တွင်ပြုလုပ်၍ သတင်းယူရန် လိုက်ပါခဲ့ခြင်းကြောင့် ဖြစ်သည်။
 သက်ရှိဒဏ္ဍာရီတစ်ခုဖြစ်သည့် မေခနှင့် မလိခမြစ်သည် အိန္ဒြေရရပင် တည်ငြိမ်စွာစီးဆင်းနေပြီး ဝိုင်းပတ်ခွေနေသည့် တောင်တန်းများကြားမှပင် မြန်မာနိုင်ငံ၏မိခင်ဟု တင်စားသည့်ဧရာဝတီမြစ်ကို မွေးဖွားပေးခဲ့လေသည်။ မြစ်သုံးခုပေါင်းဆုံရာဒေသမို့ မြစ်ဆုံဟုခေါ်ဆိုသည့် မြေသည် ကြမ်းတမ်းမာကျောသော ကျောက်တုံးများခင်းကာ တလျဉ်လျဉ်စီးနေသည့်ရေနှင့် တငြိမ့်ငြိမ့်ရွေ့နေသည့် တိမ်စိုင်တို့ဖြင့် ကဗျာဆန်ဆန်၊ မဟာဆန်ဆန်လှနေသည်မှာ နှစ်ပရိစ္ဆေဒ ကြာမြင့်ခဲ့ပြီဆိုသည်ကို သက်သေပြနေသလိုလို။
မြန်မာအစိမ်းရောင်ကွန်ရက်၏ ငါးကြိမ်မြောက် တွေ့ဆုံပွဲသို့တက် ရောက်ကြသူများတွင် ပြည်သူချစ်သည့် စာပေအနုပညာရှင်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များနှင့် ပြည်တွင်းပြည်ပ NGO အဖွဲ့အစည်းများစွာ ပါဝင်ခဲ့ပါတယ်။ ၂၈ မိုင်လောက်ဝေးတဲ့ မြစ်ကြီးနားကနေ မြစ်ဆုံဆီ နံနက် ၇ နာရီလောက်က ထွက်ခဲ့တော့ အသွားလမ်းဟာ တစ်နာရီသာသာ ကြာခဲ့ပြီး မြစ်ဆုံစီမရောက်ခင်အကွေ့မှာ ဆည်တည်ဆောက်မယ်ဆိုတဲ့ နေရာကို ဖြတ်ရပြန်ပါသေးတယ်။
မြစ်ဆုံကနေ ခုနစ်မိုင်လောက်ကွာတဲ့ ဆည်ဆောက်မယ့်နေရာမှာ ဓာတ်ပုံဆင်းရိုက်ကြရင်း မြစ်ဆုံဆီမျှော်ကြည့်တော့ နံနက်နေခြည်အတက်မှာ သပ္ပာယ်လှတဲ့ မြစ်ဆုံဒေသစေတီ ဗုဒ္ဓသာသနာ ငါးထောင်စံစေတီကို တိမ်စိုင်တွေကြား ရောက်နေသလိုလိုနဲ့ ဖူးတွေ့ရပါတယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ မြစ်ဆုံပြည်သူတွေ ကိုးကွယ်ရာစေတီဟာ မြစ်ဆုံစီမံကိန်းသာ ဆက်လုပ်ရင် ရေအောက်မှာ ထာဝရနစ်မြုပ်ပျောက်ကွယ်သွားမှာလား တွေးမိတော့ ဆို့နင့်ရပြန်ပါတယ်။
လမ်းမှာ မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခံရတဲ့ ဒေသခံတွေကို နေရာချထားပေးတဲ့ အောင်မြင်သာစံပြကျေးရွာကို မြင်ရပါတယ်။ စီမံကိန်းကြောင့် အတင်းရွှေ့ပြောင်းခံခဲ့ရတဲ့ တန်ဖရဲ၊ မြစ်ဆုံ(မလိဇွပ်) စတဲ့ရွာတွေက ဒေသခံတွေဟာ စံပြမဖြစ်တဲ့ စံပြကျေးရွာလို့တင်စားကြပြီး အမိုးအကာတွေဟာ နှစ်နှစ်လောက်အတွင်း ပျက်စီးသွားရတဲ့အကြောင်းတွေ၊ ကျိန်ခရန်ရေကာတာ ကျိုးပေါက်ထားတဲ့နေရာဖြစ်လို့ အပင်စိုက်ပျိုးဖို့ မဖြစ်ထွန်းဘူးလို့  ဒေသခံတွေပြောတာကြောင့် စံပြမဖြစ်တဲ့စံပြရွာကို လေ့လာမိချင်ပေမယ့် အောင်မြင်သာရွာဟာ လမ်းအတွင်းပိုင်းမှာ တည်ဆောက်ထားတာဖြစ်လို့ ညနေမစောင်းခင်သွားမယ်လို့ တွေးမိတာကလွဲရင် ရွာကိုမမြင်ခဲ့ရပါဘူး။
ဒီနေရာမှာ တစ်ဆက်တည်းတွေးမိတာက အောင်မြင်သာစံပြကျေးရွာကို မြစ်ဆုံဆည်ရဲ့ ရေဝပ်ဧရိယာ၊ ရေပိုလွှဲတွေကနေလွတ်အောင် ရွာတည်ပေးထားတာလားဆိုတာကိုပါ။ ဆက်တွေးမိတာက မြစ်ဆုံဆည်တည်ဆောက်ဖြစ်ခဲ့ပြီး ဆည်သာကျိုးကျမယ်ဆိုရင် စက္ကန့် ၂၀ အတွင်း မြစ်ကြီးနားမြို့ ရေမြုပ်သွားမယ်။ မိနစ် ၂၀ အတွင်း မန္တလေးမြို့ကို ရေဖုံးလွှမ်းသွားမယ်ဆိုတာပါ။ ဒီလိုဆည်ကျိုးကျတဲ့ အရှိန်အောက်မှာ မြန်မာနိုင်ငံရဲ့ ပြည်နယ်နဲ့တိုင်း ခြောက်ခုကိုဖြတ်၊ အဓိကမြို့ကြီး ၁၅ မြို့လောက် ဆည်ရေထဲမျောပါသွားမယ်ဆိုတဲ့ အချိန်မှာ အောင်မြင်သာကရော လွတ်လမ်းရှိပါ့မလား။
ကျိန်ခရန်ချောင်းတံတားအဖြတ်မှာ မြစ်ဆုံစီမံကိန်းဆိုတဲ့ ဆိုင်းဘုတ်ကြီးနဲ့ မြန်မာပြည်ကို သွေးလေခြောက်ခြားစေတဲ့ စီမံကိန်းကြီးအဝင်ဝကို မြင်ရပါတယ်။ လူ ၁၀၀ လောက် ဓာတ်ပုံဆင်းရိုက်ရင် စီမံကိန်းမှာရှိနေတဲ့ လုံခြုံရေးထောင်ပေါင်းများစွာနဲ့ အငြင်းပွားနေရမှာစိုးလို့ ဘယ်သူကမှ ဓာတ်ပုံရိုက်ဖို့ မတောင်းဆိုကြတော့ဘဲ မြစ်ဆုံဆီသာလှမ်းခဲ့ပါတော့တယ်။
အိမ်တွေ၊ ခြံတွေဖျက်ခိုင်းပြီး လူနေခွင့်မပြုတော့လို့ ရွာပျက်ကြီးသာသာဖြစ်နေတဲ့ တန်ဖရဲရွာဆီရောက်တော့ နံနက် ၈ နာရီထိုးနေပါပြီ။ မြစ်ဆုံအဝင်ထိပ်ဆီမှာ မာရီယာကောင်းကင်ဘုံ သခင်မဘုရားကျောင်းကိုမြင်ရပြီး ဘုရားကျောင်းအလွန်မှာ  ဗုဒ္ဓသာသနာပြုဓမ္မရိပ်သာ အောင်သစ္စာကျောင်းတိုက်နဲ့ ဗုဒ္ဓသာသနာ ငါးထောင်စံစေတီကို ဖူးတွေ့ရပြန်ပါတယ်။ ဒါ့အပြင် မေခနဲ့ မလိခမြစ်ကြားက ကျွန်းပေါ်မှာ ခရစ်ယာန်ဘာသာဝင်တွေအတွက် ဒုတိယမြောက် ဆုတောင်းအပြည့်ဆုံး မြစ်ဆုံမယ်တော်ဂူလည်း ရှိနေတယ်လို့ သိရပြန်ပါတယ်။ လွတ်လပ်စွာကိုးကွယ်ခွင့်ရှိနေတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဘာသာတရားတွေရဲ့ မြင့်မြတ်တဲ့အဆောက်အအုံတွေဟာ လမ်းတစ်လမ်းတည်းမှာပဲ အတူတကွရှိနေတာကို သိလိုက်ရချိန်မှာ ကြည်နူးမိပြန်ပါတယ်။ ဒီကြည်နူးမှုလေးဟာ ကြာရှည်မခံဘဲ မြန်မာအစိမ်းရောင်ကွန်ရက်မှ သဘာဝပတ်ဝန်းကျင်ပညာရှင်က ဒီမြစ်ဆုံနေရာနဲ့ ကျွန်တော်တို့ ခြေစုံရပ်နေတဲ့ ဒီနေရာဟာ စီမံကိန်းသာလုပ်မယ်ဆို ရေအောက်မှာ ပျောက်ကွယ်သွားမယ်လို့ ပြောချိန်မှာတော့ ခရစ်ယာန်ဘာသာနဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ် အဆောက်အအုံတွေဟာ ရေအောက်မှာ ပျောက်ကွယ်တော့မှာလားလို့ ပူပန်အတွေးနဲ့ ရင်နင့်ရပြန်ပါတယ်။
မြစ်ဆုံစီမံကိန်းဟာ ရေနည်းရင်လှောင်ရမယ်။ ရေများရင်လွှတ်ရမယ်။ ဒီလိုအခြေအနေမှာ လှောင်ရေနည်းလို့ ရေလှောင်ရင် အောက်ကို ရေရောက်တော့မှာ မဟုတ်ဘူး။ ဒါဆိုရင် အောက်က ဧရာဝတီမြစ်ကြီးဟာ သေသွားမယ်။ ဝင်ရေများလို့ လွှတ်လိုက်ရင် အောက်ကပြည်သူတွေ ဒုက္ခရောက်မယ်။ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်မရှိဘဲ တိုင်းတစ်ပါးသားက ရေလွှတ်ပေးမှ ရေရမယ်ဆိုတဲ့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ရဲ့ မြစ်ဆုံစီမံကိန်း ကန့်ကွက်ကြောင်း ပြောနေသံတွေဟာ ကျွန်တော့်နားထဲကို မိုးကြိုးပစ်သလို ဝင်လာပါတယ်။ ရင်ထဲမှာနင့်နဲနေပြီး ဒီစီမံကိန်းဟာ မလုပ်သင့်ပါလားလို့ အသိ ဉာဏ်ကပြောနေချိန်မှာ ကျွန်တော့်တာဝန်ဟာ မြစ်ဆုံစီမံကိန်းကို မြစ်ဆုံဒေသခံတွေ၊ ပညာရှင်တွေ၊ ပြည်သူတွေက လုံးဝလက်မခံဘူးဆိုတဲ့ သတင်းအမှန်ကို အုပ်ချုပ်သူအစိုးရသိအောင် တင်ပြပေးရမယ့် တာဝန်ရှိနေတယ်ဆိုတော့ ကင်မရာကိုရိုက်၊ အသံကိုဖမ်း၊ စာရွက်မှာချရေးနဲ့ အလုပ်များရပြန်ပါတယ်။
ကချင်ပြည်နယ်ဝန်ကြီးက မြစ်ဆုံစီမံကိန်းကို လက်မခံနိုင်တဲ့ ပြည်သူတွေအတွက် ပြည်သူတွေနဲ့ တစ်သားတည်းပါလို့ပြောနေချိန်မှာ ဒေသခံတွေရဲ့ ရင်ဖွင့်သံကိုလည်း နားထောင်ရပြန်ပါတယ်။
စီမံကိန်းကြောင့် ရွှေ့ပြောင်းခဲ့ရတဲ့ ခြောက်နှစ်အတွင်းမှာ စားဝတ်နေရေးကြိုးပမ်းနေရလို့ သားသမီးတွေ ပညာရေးရှေ့မဆက်နိုင်ဘဲ ဘဝပျက်ခဲ့ရတာ၊ ဝါးပင်တစ်ချုံကို လျော်ကြေး ၅၀၀၀ ပဲပေးပြီး နှစ်ရှည်သီးပင်စားပင်တွေကို အင်မတန်နည်းတဲ့နှုန်းထားနဲ့ လျော်ကြေးပေးခဲ့တာ၊ စီမံကိန်းမှာပါတဲ့ ရွှေတောင်ကမြေတွေ တရုတ်နိုင်ငံဘက်သယ်သွားတာ၊ စီမံကိန်းရပ်ထားပေမယ့် တရုတ်တွေမပြန်ဘဲ ဆက်ပြီးလုပ်ကိုင်နေတာ၊ ရွာဟောင်းမှာ ပြန်နေခွင့်ရချင်တယ်။ CPI က မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရင် ဒေါ်လာ သန်း ၈၀၀ လျော်ရမယ် ပြောထားတယ်။ အဲဒီလျော်ကြေးယူပြီး ထွက်သွားမယ်ဆိုရင် ဒေသခံတွေဆန္ဒမပါဘဲလုပ်ခဲ့ပြီး အတင်းနှင်ထုတ်ခဲ့လို့  ဘဝပျက်ခဲ့ရတဲ့ ဒေသခံတွေကို လျော်ကြေးတွေပေးပြီးမှ ပြန်ထွက်သွားကြပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကော်မရှင်ဟာ CPI ကခေါ်ပေးတဲ့လူတွေရဲ့ အသံပဲနားထောင်သွားတယ်။ ဒေသခံတွေရဲ့ အသံအစစ်အမှန်ကို နားမထောင်ကြဘူးစတဲ့ နာကျင်စွာတိုင်တည်ပြောနေတဲ့ ရိုးသားတဲ့ ကချင်တိုင်းရင်းသားကြီးတွေရဲ့ စကားဟာ ကိုယ်ချင်းစာ ရင်နာတတ်သူတွေအဖို့ ဝမ်းနည်းစရာချည်းပါ။ ကိုယ့်မြေ၊ ကိုယ့်ရေပေါ်မှာ အားကိုးရာမဲ့နေတဲ့ မြန်မာပြည်သူတွေ၊ ရိုးသားလှတဲ့ ဒေသခံပြည်သူတွေနေရာမှာသာ ကျွန်တော့်မိသားစုဆိုရင်ဆိုတဲ့ အတွေးဟာ တွေးမိရုံနဲ့တင် မြစ်ဆုံရဲ့အလှအပတွေ ပျောက်ရှမိစေတဲ့အထိ CPI ရဲ့ စီမံကိန်း အပူကြီးက အစွမ်းထက်လွန်းလှပါတယ်။
မြစ်ဆုံဆည်ဆောက်မယ့်နေရာကို သွားလေ့လာဖို့ စက်လှေပေါ်တက်မိချိန်မှာ တစ်ချိန်က ကြည်လင်စိမ်းလဲ့ပြီး ငါးကူးတာမြင်နေရတယ်။ ကျောက်တုံးတွေ မြင်နေရတယ်ဆိုတဲ့ မြစ်ဆုံနေရာဟာ ဒူးသာသာအနက်မှာပဲ ကြမ်းပြင်မမြင်ရလောက်အောင် နောက်ကျိနေပါပြီ။ မြစ်တစ်ဖက်ကမ်းဆီ လက်ညှိုးထိုးပြရင်း CPI ရဲ့ စီမံကိန်းတောင်ကြောက သစ်ပင်တောင်မပေါက်တော့ဘူးလေ။ မြစ်ဆုံက အရင်လိုမလှတော့ဘူးလို့ ဒေသခံတစ်ဦးက ပြောချိန်မှာ ဝမ်းနည်းမှုကဆင့်ကဲရပြန်ပါတယ်။
မီတာ ၁၄၀ (ပေ ၄၆၀) လောက်မြင့်မယ်။ ကချင်ပြည်နယ် အစိုးရအဖွဲ့တောင် စီမံကိန်းဧရိယာထဲ ဝင်ခွင့်မရဘူး။ လှောင်ရေပမာဏဟာ ကုဗပေသန်းပေါင်း ၁၂၀၈၂ ဆိုတဲ့ မြစ်ဆုံဆည် ဆောက်မယ့်နေရာကိုရောက်တော့ ဘယ်သူမှ ဖြတ်သန်းသွားလာခွင့်မရှိတဲ့ ဧရိယာပတ်ဝန်းကျင်မှာ တစ်ထီးတစ်နန်းဖြစ်နေတဲ့ CPI ရဲ့ စီမံကိန်းအဆောက်အအုံကြီးတစ်ခုနဲ့ ဧရာဝတီမြစ်ကို ကန့်လန့်ဖြတ်တည် ဆောက်မယ့် တံတားစီမံကိန်းက တံတားတိုင် ငါးတိုင်ကို မြင်ရပြန်ပါတယ်။ ဆက်သွားခွင့်မရှိတော့ဘူးဆိုပြီး ပြန်လှည့်လာရတဲ့အချိန်မှာ မြန်မာအစိမ်းရောင ကွန်ရက်ကပညာရှင်တွေ၊ ဒေသခံတွေနဲ့ သတင်းထောက်တွေဟာ စီမံကိန်းရဲ့ဆိုးကျိုးကို သိနေသူတွေပီပီ တူညီတဲ့မျက်နှာဟာနွမ်းလျလျပါ။
မကြာခင် နိုဝင်ဘာ ၁၁ ရက်မှာ ဧရာဝတီ-မြစ်ဆုံမြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေးကော်မရှင်ရဲ့ အစီရင်ခံစာထွက်လာပါတော့မယ်။ နိုင်ငံရေးအရလည်း ဆုံးရှုံးမယ်။ မြန်မာ့ပိုင်နက် ဧရိယာအမှီပြုနေရတဲ့ ဧရာဝတီမြစ်ကိုလည်း ဆုံးရှုံးမယ်။ သဘာဝဘေးဒဏ် အခံရဆုံးနိုင်ငံစာရင်းမှာ အဆင့်နှစ်နေရာရှိနေတဲ့ မြန်မာနိုင်ငံဟာ မိုးများလို့လှောင်ရေများပြီး ဆည်ရေဖောက်ချရင်၊ ဆည်ကျိုးကျရင် တစ်နိုင်ငံလုံးရဲ့ ၆၄ ရာခိုင်နှုန်းကျော်ကို အတိဒုက္ခရောက်စေမယ်ဆိုတဲ့ မြစ်ဆုံနဲ့ အခြားဆည်စီမံကိန်းတွေဟာ ဆက်မဆောက်သင့်ပါဘူးလို့ ကော်မရှင်ကအဖြေထုတ်လာပါစေ ဆုတောင်းရင်းနဲ့ မြစ်ဆုံမြေကပြန်လာခဲ့ပါတယ်။

Most Read

Most Recent