UN နဲ့ နိုင်ငံတကာ သံတမန်တွေက မောင်တောအကြမ်းဖက်မှုကို ဒီတစ်ခါ ဘယ်လိုရှုမြင်သုံးသပ်ကြမလဲ

UN နဲ့ နိုင်ငံတကာ သံတမန်တွေက မောင်တောအကြမ်းဖက်မှုကို ဒီတစ်ခါ ဘယ်လိုရှုမြင်သုံးသပ်ကြမလဲ
Published 6 November 2016
သားရွှေဦး (ကစ္ဆပ)

အောက်တိုဘာ ၉ ရက်မှာ မောင်တောနယ်စပ် နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့မှူးရုံး (ကျီးကန်းပြင်) ဌာနချုပ် အပါအဝင် နယ်ခြားစောင့် ရဲစခန်းသုံးခုကို အကြမ်းဖက်သမားတွေရဲ့ အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်မှာ နယ်ခြားစောင့် ရဲအရာရှိတစ်ဦး အပါအဝင် ရဲကိုးဦး ကျဆုံးခဲ့ရပြီး ရဲတပ်ဖွဲ့ဝင် ငါးဦး ဒဏ်ရာရှိခဲ့ပါတယ်။ ဖြစ်စဉ်အတွင်း လက်နက်မျိုးစုံ ၄၈ လက်၊ ကျည်မျိုးစုံ ၆၆၂၄ တောင့်၊ လှံစွပ် ၄၇ ချောင်း၊ ကျည်အိမ် ၁၆၄ ခု ဆုံးရှုံးခဲ့ရပါတယ်။
အဲဒီဖြစ်စဉ်အပြီး လက်နက်ခဲယမ်းတွေနဲ့ အကြမ်းဖက်သမားများဟာ မောင်တောခရိုင်အတွင်း လှည့်လည်သွားလာ အကြမ်းဖက်မှုတွေ ဆက်လုပ်ဆောင်ခဲ့ရာ တပ်မတော် တပ်ရင်း တပ်ဖွဲ့များနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေက ပူးပေါင်း အကြမ်းဖက်တိုက်ဖျက်ရေး လုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလို နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးတွေ လုပ်တဲ့အခါ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး တပ်မတော်သားငါးဦး အသက်ပေး လှူခဲ့ရပါတယ်။ ဖမ်းဆီးရမိတဲ့ အကြမ်းဖက်သမားနှစ်ဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖမ်းဆီးရမိလို့ ပြန်လွှဲပေးတဲ့ အကြမ်းဖက်သမားနှစ်ဦးကို ပဏာမ စစ်ဆေးဖော်ထုတ်တဲ့အခါ ပြည်ပမှ ငွေကြေးထောက်ပံ့မှု၊ ပြည်ပ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ ပံ့ပိုးကူညီမှုတွေနဲ့ အချိန်ယူပြီး စနစ်တကျ ကြိုတင် ဆောင်ရွက်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီအကြမ်းဖက် တိုက်ခိုက်မှုဟာ  RSO အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်တဲ့ မောင်တောဒေသမှာ လှုပ်ရှားနေတဲ့ Aqa Mul Mujahidin (အကာလ်မူလ်မူဂျာဟီဒင်န်) အဖွဲ့က လုပ်တာလို့ ဖော်ထုတ်နိုင်ခဲ့ပြီး အဓိကခေါင်းဆောင်ဟာ မောင်တောမြို့နယ် ကျော်ပြင်ဆိပ်ရွာသား ဟာဗစ်တူဟာရ်ဖြစ်တယ်လို့လည်း အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှု၊ အကြမ်းဖက် တိုက်ခိုက်ရန် ကြံစည်မှုတွေကို ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ နဲ့ အခြားလုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ တည်ဆဲဥပဒေတွေနဲ့အညီ ထိထိရောက် ရောက် ကာကွယ်တုံ့ပြန် ချေမှုန်းတိုက်ဖျက် သွားမယ်ဖြစ်ကြောင်းနဲ့ အကြမ်းဖက်သမားတွေရဲ့နောက်ကွယ်က ကြိုးကိုင်သူတွေ၊ တိတ်တဆိတ် ပံ့ပိုးကူညီသူတွေ၊ အကြမ်းဖက်အားပေး အဖွဲ့အစည်း လူပုဂ္ဂိုလ်အားလုံးကို ဆက်လက်စုံစမ်း ဖော်ထုတ် ထိထိရောက်ရောက် အရေးယူသွားမယ်လို့ အစိုးရက  အကြမ်းဖက်မှု ဖြစ်စဉ်အပြီး ခြောက်ရက်မြောက် အောက်တိုဘာ ၁၄ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနေ့မှာပဲ မောင်တော ခရိုင်တစ်ခုလုံးကို စစ်ဆင်ရေးနယ်မြေအဖြစ် ကြေညာခဲ့ပြီးတော့ နယ်မြေရှင်းလင်းမှုတွေ၊ အကြမ်းဖက်သမားများကို ဖမ်းဆီးရမိရေးတွေအတွက် ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ရခိုင်ပြည်နယ် မောင်တောဒေသတွင်း လုံခြုံရေးတပ်ဖွဲ့တွေ ဆောင်ရွက်နေတဲ့ နယ်မြေရှင်းလင်းမှုတွေမှာ မွတ်စလင်အမျိုးသမီးတွေကို အဓမ္မပြုကျင့်မှုတွေရှိကြောင်း ၊ မြန်မာတပ်မတော်ဘက်က အပြစ်မဲ့ ဒေသခံတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်တွေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ဝေဖန်ထောက်ပြတာတွေကို ပြည်ပမီဒီယာတွေမှာ ဖော်ပြလာပါတယ်။
အာဏာပိုင်တွေဘက်က လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးအခြေအနေအောက်မှာ နေအိမ်တွေ မီးရှို့တာ၊ တရားလက်လွတ် ဖမ်းဆီးသတ်ဖြတ်တာတေ ွဖြစ်နေတယ်ဆိုတဲ့ စွပ်စွဲ ချက်တွေကို သူတို့အနေနဲ့ ထပ်ခါတလဲလဲ လက်ခံရရှိထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စယန်ဟီးလီက ပြောတာတွေကိုလည်း ပြည်ပမီဒီယာတွေကတစ်ဆင့် တွေ့ရှိလာရပါတယ်။
ရခိုင်ပြည်နယ် မောင်တောဒေသမှာ မြန်မာတပ်ဖွဲ့တွေက အရပ်သားတွေကိုသတ်ဖြတ်ပြီး ရွာတွေကို မီးရှို့ခဲ့တယ်ဆိုပြီး ပေါ်ထွက်နေတဲ့စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂက တောင်းဆိုတာတွေ လုပ်လာပါ တယ်။
အောက်တိုဘာ ၉ ရက် အကြမ်းဖက်မှု ဖြစ်စဉ်နဲ့ပတ်သက်လို့ လေ့လာစုံစမ်းဖို့ ရခိုင်ပြည်နယ် လွှတ်တော်က အောက်တိုဘာ ၂၃ ရက်မှာ ၉/၁၀ အကြမ်းဖက်မှု လေ့လာစုံစမ်းရေး ကော်မတီဆိုတာကို အဖွဲ့ဝင် ၁၁ ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီ ၉/၁၀ အကြမ်းဖက်မှု လေ့လာစုံစမ်းရေးကော်မတီက မောင်တောခရိုင်ကို အောက်တိုဘာ ၂၄ ရက်နဲ့ ၂၅ ရက်တွေမှာ နှစ်ရက်ကြာ ကွင်းဆင်းလေ့လာခဲ့ပါတယ်။
 
■ ရခိုင်ပြည်နယ်လွှတ်တော် လေ့လာစုံစမ်းရေးအဖွဲ့က ဘာပြောခဲ့သလဲ
လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေလို အမှန်တကယ်မှာ စုံစမ်းလေ့လာသလောက် မတွေ့ခဲ့ရဘူး။ ယခုလို တစ်ဖက်သတ် စွပ်စွဲချက်တွေဟာ  သိပ်ပြီးထူးခြားမှုမရှိဘဲ ယခင် အစဉ်အဆက်ကလည်း မဟုတ်မမှန် စွပ်စွဲမှု တွေရှိခဲ့တယ်။ အိုင်အင်ဂျီအိုတွေ၊ ကုလသမဂ္ဂအဖွဲ့တွေကလည်း လူ့အခွင့်အရေးအရ ဝင်ခွင့်ရအောင် မသေချာမရေရာတဲ့ သတင်းတွေကို ခိုင်မာမှုရှိတဲ့သဘောမျိုး လုပ်နေခြင်းသာဖြစ်တယ်လို့ အကြမ်းဖက်မှု လေ့လာစုံစမ်းရေးကော်မတီက ပြောပါတယ်။ ၉/၁၀ အကြမ်းဖက်မှု စုံစမ်းလေ့လာရေးကော်မတီ (ရခိုင်ပြည်နယ်လွှတ်တော်) ၏ အဖွဲ့ဝင် ဦးခင်မောင်ကြီးက“အဲဒီလိုမျိုးတော့ မတွေ့ခဲ့ဘူး။ တစ်ဖက်က စွပ်စွဲချက်တွေက သိပ်ထူးခြားတဲ့ စွပ်စွဲချက်တွေတော့ မဟုတ်လောက်ဘူးထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အစဉ်အဆက်လည်း အရင်ကလည်း ဒီလိုပဲစွပ်စွဲနေတာပဲ။ ဒါပေမဲ့ လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ အနေအထားတော့မရှိဘူး။ အထူးသဖြင့်တော့  NGO တို့၊ ကုလသမဂ္ဂတို့ဆိုတာ ဒီလိုမျိုးအနေ အထားတွေအပေါ်မှာ မူတည်ပြီးတော့ သူတို့က လူ့အခွင့်အရေးအရ ဝင်လို့ရအောင် သူတို့ရဲ့ UN ရဲ့ ဒီ  Humenitarian လုပ်ငန်းတွေကို လုပ်လို့ရအောင်ဆိုတဲ့ ရည်ရွယ်ချက်ရှိပုံရတယ်။ အဲဒါကြောင့်မို့လည်း ဒီလိုမသေချာ မရေရာတဲ့ သတင်းတွေ အဲဒါတွေကို ခိုင်မာမှုရှိတဲ့ သဘောမျိုး သူတို့ပြောပြီးတော့ပဲ ဒီလိုမျိုး ဝင်ခွင့်ရအောင်လို့လုပ်နေတာဟာ ရှေ့အစဉ်အဆက်တွေမှာလည်း ရှိခဲ့တယ်။ ဦးတို့မှတ်မိသလောက်ဆိုလို့ရှိရင် ၁၉၇၈ နဂါးမင်း စစ်ဆင်ရေးလုပ်တယ်။ နောက် ဘင်္ဂလားဒေ့ရှ်ရယ်၊ ကုလသမဂ္ဂရယ်၊ မြန်မာနိုင်ငံရယ်။ အဲဒီ အချိန်တုန်းက ညှိနှိုင်းပြီးတော့ ဒီတစ်ဖက်ကို စိစစ်မခံနိုင်လို့ ထွက်ပြေးသွားတဲ့လူတွေကို ပြန်ခေါ်တဲ့ ဟင်္သာစီမံချက်လို့ ခေါ်တာပေါ့။အဲဒီကတည်းက UNHCR က ပတ်သက်သွားတယ်။ UNHCR က ပတ်သက်လာပြီးကတည်းက ဒီလိုမျိုးအတွင်းက မှန်တဲ့သတင်း၊ မမှန်တဲ့သတင်း အထူးသဖြင့်တော့ မမှန်တဲ့ သတင်းတွေ များလာတယ်။ လုပ်ကြံဖန်တီးထားတဲ့ သတင်းတွေက ပိုများတယ်။ အဲဒီ သတင်းတွေအပေါ်မှာ အခြေခံပြီးတော့ ဒီအင်ဂျီအိုတွေ၊ အိုင်အင်ဂျီအိုတွေ အဲဒီလိုမျိုးဝင်လာပြီးတော့ သူတို့နဲ့ဆက်ဆံခွင့်ရခဲ့တာပေါ့။ အဲဒီထဲ သူတို့နဲ့ ဆက်ဆံခွင့် ရတဲ့အချိန်မှာ သူတို့ဆီကရတဲ့ သတင်းတွေနဲ့ပဲ  NGO၊ INGO တွေဟာ နိုင်ငံတကာ သြဇာလွှမ်းမိုးမှုရှိတဲ့ သတင်းဌာနတွေကိုပို့တယ်။ အဲဒီလိုမျိုးပို့ရင်းနဲ့ ဒီကိစ္စက နိုင်ငံတကာ ပြဿနာဖြစ်သွားတယ်” လို့ ပြောပါတယ်။ ဆက်လက်ပြီးတော့ ပြောကြားရာမှာ” အခုလည်း လုပ်ပုံလုပ်နည်း အခြေအနေကို လေ့လာကြည့်မယ်ဆိုရင်  တွေ့မိတာဆိုရင် ဒါ ကိုဖီအာနန်ကော်မရှင်ရဲ့ ထောင်ချောက်တစ်ခုလား၊ ကြိုတင်ပြင်ဆင်မှုတစ်ခုလား အဲဒီလိုမျိုးတော့ သံသယရှိတာပေါ့။ ဒါပေမဲ့လို့ အခု အန်ကယ်တို့စုံစမ်းခဲ့တဲ့အခါမှာတော့ ခုနကပြောသလို သူတို့မီးရှို့ပြီး ထွက်သွားတဲ့ ရွာတွေရှိတယ်။ အဲဒါတွေကို မြင်ခဲ့ရတယ်။ ဒါပေမဲ့ သူတို့အများအားဖြင့် ဘင်္ဂါလီကျေးရွာတွေမှာ လူတွေဟာမရှိဘူး။ ပဏာမ လေ့လာ ထားသလောက်ဆိုရင် သူတို့က နေ့ခင်းဘက်ဆိုရင် ရွာမှာပျောက်နေတဲ့ သဘောတော့ရှိတယ်။ မိန်းမတွေနဲ့ ကလေးတွေပဲရှိတယ်။ ယောက်ျားတွေကတော့ ဘယ်ကို ပျောက်နေလဲတော့ မသိဘူး။ ဒါပေမဲ့ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ အခုလက်ရှိမှာ စုံစမ်းထားသလောက်ဆိုရင် နေ့ခင်းဘက်မှာ မရှိဘူး။ ညဘက်ဆိုရင် တချို့ကျေးရွာတွေကိုပြန်ပြီး ဝင်လာတဲ့ လူတွေရှိတယ်။ မိုးမလင်းခင် ပြန်ထွက်သွားတယ်။ အဲဒီလိုသတင်းမျိုး ရတာတွေတော့ရှိတယ်။ ဒါပေမဲ့ ဘယ်လောက်လောက် သေချာတယ်ဆိုတာကတော့ ပြောလို့ မရသေးဘူးပေါ့လေ။ ဒါဆက်ပြီး စုံစမ်းရဦးမယ်။ ဆက်ပြီး လေ့လာရဦးမယ်ပေါ့” လို့ ဦးခင်မောင်ကြီးက ပြောပါတယ်။
သေချာတဲ့ အချက်တစ်ခုမှာ မမှန်တဲ့ သတင်းကို အမှန်သဘော ဖြစ်သွားအောင် နိုင်ငံတကာကိုပို့ပြီး သူတို့ရည်မှန်းချက်ကို နိုင်ငံတကာ ကျောထောက်နောက်ခံနဲ့  ပြည့်ဝသွားလိမ့်မယ်လို့ ယုံကြည်နေတဲ့ သဘောကို တွေ့ရကြောင်းကိုလည်း ပြောပါတယ်။
“တစ်ခုတော့ရှိတယ်။ ဘာလဲဆိုရင် သေချာတာတစ်ခုက သူတို့ဟာ မမှန်တဲ့သတင်းကို မှန်တယ်၊ အမှန်သဘောမျိုး ဖြစ်သွားအောင် နိုင်ငံတကာကိုပို့မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရည်မှန်းချက်ကိုက နိုင်ငံတကာ ကျောထောက်နောက်ခံနဲ့ သူတို့ရဲ့ လိုအင်ဆန္ဒတွေ ဒီနေရာမှာ ပြည့်ဝသွားမယ်လို့ ယုံကြည်နေတဲ့ သဘောရှိတာပေါ့။ အဲဒါကြောင့်မို့လည်း ဒီလိုမျိုးသတင်းတွေ ထွက်လာတာပေါ့” လို့ ဦးခင်မောင်ကြီးက ပြောပါတယ်။
ဘင်္ဂါလီကျေးရွာတွေ မီးရှို့ခံထားရတာကိုတွေ့လို့ လေ့လာစုံစမ်းတဲ့အခါ သူတို့ကျေးရွာကို သူတို့ကိုယ်တိုင် မီးရှို့ထွက်ပြေးသွားပြီး နောက်စစ်တပ်နဲ့ ရဲကလုပ်သလို ပုံဖော်နေခြင်းသာ ဖြစ်တယ်။ ဖြစ်စဉ်ဖြစ်ရပ်အပေါ်မှာ ဘက်မလိုက်ဘဲ မီဒီယာတွေက သေသေချာချာ လေ့လာဖို့လိုတယ်လို့  ၉/၁၀ အကြမ်းဖက်မှု လေ့လာစုံစမ်းရေး ကော်မတီ (ရခိုင်ပြည်နယ်လွှတ်တော်) ၏ ဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောပါတယ်။
“ကျွန်တော်တို့သွားတဲ့အခါမှာ အဲဒီမှာရှိတဲ့ ဘင်္ဂါလီရွာတွေတွေ့တယ်။ တချို့ရွာတွေ မီးရှို့ထားတာတွေတွေ့တယ်။ ဒါပေမဲ့ ကျွန်တော် အသေးစိတ်လေ့လာတယ်။ လေ့လာတဲ့အခါမှာ ဌာနဆိုင်ရာပိုင်းက ပြောတဲ့စကားရှိတယ်။ ဒေသခံလူတွေက ပြောတဲ့စကားတွေရှိတယ်။ ကျေးရွာတွေ အနေအထားက ပြောတဲ့စကားတွေရှိတယ်။ အဲဒါတွေထဲမှာ ကျွန်တော်တစ်ခုပြောချင်တယ်။ ဘာကြောင့် ဒီ ဘင်္ဂါလီရွာတွေဟာ တံခါးပိတ်ပြီး နေနေသလဲ။ လူမရှိတဲ့ရွာတွေ အများကြီးပဲ။ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သုံးသပ်တယ်ဆိုရင် အဲဒီရွာတွေဟာ ဖြစ်ပျက်ခဲ့တဲ့အမှုတွေနဲ့ မကင်းဘူးဗျ။ ကျွန်တော် လေ့လာကြည့်သလောက် အဲဒီအကြမ်းဖက်မှုတွေမှာ တော်တော်များများ ပါဝင်ရွာတွေ တံခါးပိတ်ပြီး ရှောင်နေတာတွေရှိတယ်။ မနေ့ကလည်း ကျွန်တော်တို့ တွေ့တယ်။ တချို့ဆိုရင် မနက်ပိုင်းမှာ မရှိဘူး။ ညနေပိုင်းမှ ပြန်လာတဲ့လူတွေရှိတယ်။ တချို့ရွာတွေမှာဆိုရင်အကုန်လုံး မနက်လည်း မရှိဘူး။ ညလည်းမရှိဘူး။ အဲဒီလိုမျိုးရှိတယ်။တချို့ရွာတွေမှာဆိုရင် မီးရှို့ခံရတာတွေ ရှိတယ်။ အဲဒါစစ်တပ်ကပဲ မီးရှို့သလား၊ ရဲကပဲ မီးရှို့သလား ကျွန်တော်တို့ ပြန်သုံးသပ်တယ်။ မဟုတ်ဘူးဗျ။ သူတို့ ကိုယ့်ရွာကိုကိုယ် မီးရှို့ ပြီးတော့ ထွက်ပြေးသွားတာတွေရှိတယ်။ အဲဒါကို ထင်ယောင်ထင်မှား ဒီစစ်တပ်ကလိုလို၊ ရဲကလိုလို လုပ်တာတွေရှိတယ်။ အဲဒါကို မီဒီယာသမားတွေက သေသေချာချာ လေ့လာဖို့လိုတယ်။ တစ်ခုဖြစ်ရင် စစ်တပ်ကို မကောင်းပြောမယ်။ ရဲကို မကောင်းပြောမယ်။ အဲဒီလိုမျိုး မလုပ်ရဘူး။ ဘက်မလိုက်ရဘူး” လို့ ဦးအောင်ဝင်းက ပြောပါတယ်။
 
■ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေရဲ့အထက်မှာ နိုင်ငံတကာသံအဖွဲ့ ရှိနေသလား
အဲဒီနောက်မှာတော့ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်ဖြစ်ပြီး ၂၅ ရက်အကြာမှာတော့ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး Ms Renata Dessallien ဦးဆောင်ပြီး နိုင်ငံတကာ သံတမန် ၁၀ ဦးပါဝင်တဲ့ လေ့လာရေးအဖွဲ့ဟာ မောင်တောဒေသကို နိုဝင်ဘာ ၂ ရက်ကနေ နိုဝင်ဘာ ၃ ရက်အထိ ကွင်းဆင်းလေ့လာ ခဲ့ပါတယ်။ သံတမန်အဖွဲ့ဟာ  နိုဝင်ဘာ ၂ ရက် နံနက် ၉ နာရီခွဲမှာ ရဟတ်ယာဉ်နဲ့ စစ်တွေကနေ မောင်တောနယ်စပ် နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအဖွဲ့မှူးရုံး ဌာနချုပ် (ကျီးကန်းပြင်) ကို ရောက်ရှိခဲ့ပြီးတော့  ဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်ကို နယ်ခြားစောင့်ရဲ ကွပ်ကဲရေးမှူးက ရှင်းပြပြီး သံတမန်အဖွဲ့က သိလိုတာတွေကို နှစ်နာရီနီးပါး မေးမြန်းစုံစမ်းခဲ့ပါတယ်။ အဲဒီကနေ ကျီးကန်းပြင်ဌာနချုပ်ကို အကြမ်းဖက်ရာမှာ ပါဝင်တဲ့ ရွာသားတွေဟာ နေအိမ်တွေကို ကိုယ်တိုင် မီးရှို့ ထွက်ပြေးသွားတဲ့ရွာမှာ လူတစ်ယောက်မှ မရှိတော့တဲ့ ဝါဘိတ်ဆိုတဲ့ရွာကို သွားရောက်ပြီး မီးရှို့ခံရတဲ့ နေအိမ်တွေနဲ့ မီးမလောင်ဘဲ ကျန်နေခဲ့တဲ့ နေအိမ်တွေကို ဝင်ရောက်ကြည့်ရှုလေ့လာခဲ့ပါတယ်။ အဲဒီကနေတစ်ဆင့် အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်ပြီး ဖမ်းဆီးခံရမှာကိုကြောက်လို့ ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေတဲ့ ကျီးကန်းပြင် (မြောက်ရွာ) ကို ရောက်ရှိစဉ်မှာတော့ မမျှော်လင့်ဘဲ ရွာနောက်ဘက်ကနေ ရွာသူရွာသားတွေဟာ စီတန်းထွက်လာပြီး သံတမန်တွေကို  ငိုယိုပြကြပါတယ်။ အဲဒီလူအုပ်ထဲက ထွက်ပြီး သံတမန်တွေကို ထပြောတဲ့ တစ်ယောက်ကတော့ သူတို့ဟာ ဝါဘိတ်ရွာက ထွက်ပြေးနေရသူတွေ ဖြစ်တဲ့အကြောင်း၊ အဖမ်းခံရမှာကို ကြောက်နေကြောင်း အခက်အခဲတွေ ရှိနေတယ်လို့ ပြောပါတယ်။
သံတမန်တစ်ဦးကတော့ ဘင်္ဂါလီတွေကို တီးတိုးမေးမြန်းတာကို လုပ်ခဲ့ပါတယ်။ အဲဒီသံတမန်တွေကို တိုက်ရိုက်ပြောဆိုသူဟာ နယ်ခြားစောင့်ရဲဌာနချုပ် (ကျီးကန်းပြင် ) ကို အကြမ်းဖက် တိုက်ခိုက်တာမှာ ပါဝင်သူဖြစ်နေလို့ သူ့ကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးဖို့လုပ်ပါတယ်။ နောက် လူအုပ်ထဲမှာပါလာတဲ့ အကြမ်းဖက်သမား နှစ်ဦးကိုလည်း ရဲတပ်ဖွဲ့က အသာအယာခေါ်ထားပါတယ်။ အခု စစ်ဆေးဖို့ ခေါ်ထားတဲ့သူတွေဟာ ကနဦး ဖမ်းဆီးမိထားသူတွေရဲ့ ထွက်ဆိုချက်အရ သူတို့ဟာ အကြမ်းဖက်မှုမှာ ပါဝင်သူတွေဖြစ်ကြောင်း နဲ့ ခေါ်ယူစစ်ဆေးဖို့ ခေါ်တာဖြစ်ပြီးတော့ အပြစ်မရှိရင် ပြန်လွှတ်ပေးမှာ ဖြစ်တဲ့အကြောင်းတွေကို သံတမန်အဖွဲ့ကို နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က ရှင်းပြပါတယ်။
ဒါပေမဲ့ သံတမန်အဖွဲ့က ကျေနပ်ပုံမရလို့ ခေါ်ထားတဲ့ အကြမ်းဖက်သမားသုံးဦးစလုံးကို သံတမန်ရှေ့မှာကို ပြန်လည်လွှတ်ပေးခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေရဲ့အထက်မှာ နိုင်ငံတကာသံအဖွဲ့ ရှိ နေသလားဆိုတာ မေးခွန်းထုတ်စရာတစ်ခု ဖြစ်ခဲ့ပါတယ်။ ယင်းနောက် ဇင်ပိုင်ညာ (ဘင်္ဂါလီ) ကျေးရွာသို့ သွားရောက်ကာ ဘင်္ဂါလီရွာသားတွေနဲ့ တွေ့ဆုံမေးမြန်းတာကို လုပ်ခဲ့ပါတယ်။
သံတမန်အဖွဲ့ဟာ  ဘင်္ဂါလီတွေကို ရွာက ဘာကြောင့်ထွက်ပြေးနေသလဲဆိုတာကို အဓိက မေးမြန်းခဲ့ပြီးတော့ ဖမ်းဆီးခံရမှာကို စိုးရိမ်သဖြင့် ထွက်ပြေးနေခြင်းဖြစ်တယ်လို့ ပြန်ပြောပါတယ်။ ဖြစ်စဉ်တုန်းက ဖမ်းဆီးမိထားတဲ့ အကြမ်းဖက်သမားရဲ့ ထွက်ဆိုချက်မှာ ပါဝင်တဲ့ သံသယရှိသူတွေကိုသာ ခေါ်ယူစစ်ဆေးနေပြီး မပါဝင်သူတွေကို ပြန်လည်လွှတ်ပေးနေကြောင်း နယ်ခြားစောင့်ရဲ ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်က  သံတမန်အဖွဲ့ကိုရှင်းပြပါတယ်။
 နေ့လယ်ပိုင်းမှာ ရဟတ်ယာဉ်နဲ့ ကြိမ်ချောင်းကျေးရွာကို သွားရောက်ပြီးတော့ ဘင်္ဂါလီရော၊ တိုင်းရင်းသားတွေနဲ့ပါ ခဏတာ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ပြီးနောက် မော်တော်ယာဉ်နဲ့ ပြောင်ပိုက်ရွာကိုသွားပြီး  ဘင်္ဂါလီရွာသားတွေနဲ့တွေ့ဆုံရာမှာစားနပ်ရိက္ခာလိုအပ်ကြောင်း ဘင်္ဂါလီတွေက တောင်းဆိုခဲ့ကြပါတယ်။ ပြီးရင် ရဟတ်ယာဉ်နဲ့ ကြက်ရိုးပြင်၊ ငါးစားကြူး၊ လိပ်အိုင်၊ ဒိုးတန်း၊ ငါးခူရ ကျေးရွာတွေကို ဝေဟင်ကနေ  ကြည့်ရှုလေ့လာခဲ့ကာ စစ်တွေမြို့ ကို ပြန်လည်ထွက်ခွာခဲ့ပါတယ်။ ဒုတိယနေ့ခရီးစဉ်ဖြစ်တဲ့ နိုဝင်ဘာ  ၃ ရက် နံနက် ၁၀ နာရီ မိနစ် ၅၀ မှာတော့  မောင်တောမြို့နယ်တောင်ပိုင်း အလယ်သံကျော်ရှိ အမှတ် (၄) နယ်ခြားစောင့်ရဲ ကွပ်ကဲမှု ဌာနခွဲရုံးရှေ့ကို ရဟတ်ယာဉ်ဖြင့် ရောက်ရှိလာပြီး ပထမဦးဆုံး မောရဝတီ တိုင်းရင်းသားကျေးရွာကို သွားရောက်ပြီးတော့ ကျေးရွာသားတွေနဲ့ တွေ့ဆုံရာမှာတော့ ရခိုင်တိုင်းရင်းသားတွေဟာ လူနည်းစုဖြစ်နေပြီးတော့ စိတ်မလုံမခြုံဘဲ ဘင်္ဂါလီတွေက လာရောက် အကြမ်းဖက်မှာကို စိုးရိမ်နေကြတယ်လို့ ပြောကြပါတယ်။
“ကျွန်မတို့ လုပ်စားစရာမြေလည်း မရှိဘူး။ ဌာနဆိုင်ရာတွေကိုပဲ အားကိုးနေကြရတယ်။ သူတို့က စစ်သားကိုပဲ ကြောက်တယ်။ ရဲဆိုရင် မကြောက်ဘူး။ ကျွန်မတို့ ဈေးသွားရင်တောင် ကျွန်မတို့ကို ဆဲတယ်။ ကျွန်မတို့က ဘာမှ မပြောကြပါဘူး။ အဲဒီလိုဖြစ်နေတော့ ကျွန်မတို့ ဘယ်လို လုံခြုံမှာလဲ။ ကျွန်မတို့ အတူတူနေခဲ့ပါတယ်။ ဒါပေမဲ့ သူတို့နဲ့ အသင့်အတင့်နေလို့ မရပါဘူး။ သူတို့ရယ်ပြတယ်ဆိုတာက ကျွန်မတို့ကို သူတို့ တစ်နေ့သတ်မယ်ဆိုတဲ့ စိတ်ရှိနေပြီးသား ဖြစ်လို့ပါ။ ဒီနေရာတွေဟာ အရင် ဘိုးဘွားလက်ထက်က နေလာခဲ့တာပါ။ အခုဆိုရင် ရွာက သေးသေးလေးတွေ ဖြစ်သွားပါပြီ။ ကျွန်မတို့ မလုံခြုံပါဘူး။ တောင်ကိုတက်လည်း ကျွန်မတို့ကို ဓားနဲ့ခုတ်ဖို့ လိုက်ပါတယ်။ ပင်လယ်ကိုဆင်းလည်း သူတို့ပိုင်နေပါတယ်” လို့ မောရဝတီ ကျေးရွာသူတစ်ဦးက သံတမန်တွေကို ပြောပါတယ်။
နောက်ပြီး မောင်တောမြို့နယ်မြောက်ပိုင်းမှာ သေသလား၊ ရှင်သလားမသိဘဲ ပျောက်ဆုံးနေတဲ့ သားဖြစ်သူကို ကူညီရှာဖွေပေးဖို့ မိခင်ဖြစ်သူက ငိုပြီးတောင်းဆိုခဲ့ပါတယ်။ အောက်တိုဘာ ၉ ရက် အကြမ်းဖက်မှုနောက်ပိုင်း အောက်တိုဘာ ၁၁ ရက်က မောင်တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာကနေ ရွက်ညိုတောင်ကျေးရွာကို ထွက်ခွာသွားတဲ့ ရခိုင်တိုင်းရင်းသားသုံးဦးကို ရှာမတွေ့တာ အခုဆိုရင်  ရက်၂၀ ကျော်ကြာခဲ့ပြီဖြစ်ပေမယ့်  ပြန်မတွေ့သလို သတင်းအစအနလည်း မရပါဘူး။ တိုင်းရင်းသားတွေဟာ ရွာပြင်ထွက် မသွားမလာရဲ ဖြစ်နေကြဆဲဖြစ်ပါတယ်။ နေရပ်တိမ်းရှောင်သူတွေကို ရွာကို ပြန်သွားကြတယ် ဆိုပေမယ့် အလှူအထောက်အပံ့တွေနဲ့ ရွာပြင်မထွက်ရဲဘဲ  စိတ်ချလက်ချ ညမအိပ်နိုင်ဘဲ နေထိုင်နေကြရပါတယ်။ပျောက်ဆုံးနေသူသုံးဦးမှာ မောင်တောမြို့နယ် မြောက်ပိုင်း ရွက်ညိုတောင်ကျေးရွာက  အသက် ၁၈ နှစ်အရွယ် ညီချေ (ခ) လှထွန်းအေး၊ အသက် ၁၉ နှစ်အရွယ် ဝင်းမောင်သိန်းနဲ့ စံပ္ပါယ်ပင်ရင်းကျေးရွာက အသက် ၃၀ အရွယ် သိန်းထွန်းဆိုသူတို့ ဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီနောက်မှာတော့ ကိုင်းကြီးကျေးရွာ မှဖြတ်ကာ ဇော်မတက် (ဘင်္ဂါလီ) ကျေးရွာသို့ သွားရောက်ခဲ့ကာ ရွာသားတွေကို မေးမြန်းရာ မှာတော့ အကြမ်းဖက်ဖြစ်စဉ်အပြီး ရွာတွင် ဘာအပြောင်းအလဲရှိသလဲ၊ ဘာတွေဖြစ် ပျက်ခဲ့တယ်လို့ ကြားသိသလဲ၊ ရွာက ထွက် ပြေးနေရတာတွေ ရှိသလား၊ ရွာဟာ လုံခြုံရေး နယ်မြေထဲမှာပါသလား၊ ရွာနီးစပ်တိုင်းရင်းသားကျေးရွာတွေနဲ့က ဆက်ဆံရေးအခြအနေ ဘယ်လိုရှိသလဲ၊ ဘာအလုပ်အကိုင်လုပ်ကြ သလဲ ဆိုတာတွေကို သံတမန်တွေက မေးမြန်းခဲ့ပါတယ်။
ဇော်မတက် ကျေးရွာသားတွေ ကိုယ်စားပြောဆိုခဲ့သူက “ဟိုဘက်မှာတော့ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တယ်လို့ ကျွန်တော်တို့ သတင်းကြားတယ်။ ဒီမှာတော့ ကျွန်တော်တို့ ရွာသားတွေ ထွက်ပြေးရတာလဲ မရှိပါဘူး။ အာဏာပိုင်တွေကလည်း အေးအေးဆေးဆေးနေကြပါ။ လုံလုံခြုံခြုံနေကြပါလို့၊ ကျွန်တော်တို့ကိုပြောထားပါတယ်။  လုံခြုံရေးက လမ်းနံဘေးမှာပဲ သွားလာတာရှိတယ်။ ရွာထဲမှာတော့ ဝင်ပြီးသွားတာမရှိဘူး” လို့ ပြန်လည်ဖြေကြားပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂရဲ့ အထောက်အပံ့တွေ ရနေတယ်လို့လည်း ပြောဆိုပါတယ်။ ထို့ပြင် အကြမ်းဖက်မှုဖြစ်ပွားပြီးနောက် တိုင်းရင်းသားကျေးရွာတွေနဲ့ ကူးလူးဆက်သွယ်မှု မရှိကြောင်းလည်း ရွာသားများက ပြောပါတယ်။ ထို့နောက် အလယ်သံကျော် ကျေးရွာကိုသွားပြီး  ရခိုင်တိုင်းရင်းသားတွေ နဲ့ ဘင်္ဂါလီတွေကို  တစ်စုတစ်ဝေးတည်း တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ဘင်္ဂါလီခေါင်းဆောင်တွေက အလယ်သံကျော်မှာ ဘာမှဖြစ်ပျက်တာမရှိဘဲ ထိန်းထားနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။ အလယ်သံကျော်ကျေးရွာဟာ အိမ်ခြေ တစ်သောင်းကျော်ရှိတဲ့ ရွာကြီးတစ်ရွာ ဖြစ်ပြီးတော့ ရခိုင်တိုင်းရင်းသားနဲ့ ဘင်္ဂါလီလူဦးရေအချိုးကို သံတမန်အဖွဲ့က မေးမြန်းခဲ့ရာ လူမျိုးဦးရေအချိုးမှာ ၁ အချိုး ၁၀၀၀ ဖြစ်ကြောင်း ၊ ရခိုင်တစ်ဦး၊ ဘင်္ဂါလီ တစ်ထောင် ဖြစ်ကြောင်း ဒေသခံများက ပြန်လည်ဖြေကြားခဲ့ပါတယ်။ တိုင်းရင်းသားအိမ်ခြေ ၁၀၀ သာသာရှိသော်လည်း  ဘင်္ဂါလီနေအိမ်မှာ တစ်သောင်းခန့်ရှိတယ်လို့ ပြောဆိုပါတယ်။ အလယ်သံကျော်မှ ပြန်လည်ထွက်ခွာပြီးနောက် နိုင်ငံတကာသံတမန်အဖွဲ့ဟာ ရဟတ်ယာဉ်နဲ့ အောက်တိုဘာ ၉ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်ခြင်းခံခဲ့ရတဲ့  ကိုးတန်ကောက်ကျေးရွာကို သွားရောက်ခဲ့ရာမှာတော့  ဘင်္ဂါလီကလေးတွေ အပါအဝင် ရွာသားတွေက  STOP RAPING ၊  STOP KILLING စတဲ့ လက်နဲ့ ရေးထားတဲ့ပိုစတာတွေ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်တာနဲ့ ကြုံခဲ့ရပါတယ်။ သံတမန်အဖွဲ့က ရွာမှာ မုဒိမ်းကျင့်ခံရသူ၊ ပစ်သတ်ခံရသူတွေ ရှိသလားလို့မေးတော့ ရွာသားတွေကမရှိဘူးလို့ ပြန်ဖြေခဲ့ပြီး သူတို့ကိုင်တဲ့ ဆိုင်းဘုတ်မှာ ဘာတွေရေးထားတယ်ဆိုတာတောင် မသိပါဘူး။ Viber ကနေပို့တဲ့ စာသားတွေလို့ ရွာသားတစ်ယောက်က ပြန်ဖြေခဲ့ပါတယ်။ အဲဒီကနေ  ရဟတ်ယာဉ်နဲ့ စစ်တွေမြို့ကို ထွက်ခွာသွားခဲ့ပါတယ်။
သံတမန်အဖွဲ့ ကွင်းဆင်းလေ့လာပြီး နောက် စစ်တွေလေဆိပ် သတင်းစာရှင်းလင်းပွဲလုပ်ပြီး လေဆိပ်က မထွက်ခွာခင်အချိန် နိုဝင်ဘာ ၃ ရက် ညနေ ၅ နာရီ မိနစ် ၅၀ မှာပဲ မောင်တောမြို့နဲ့ သုံးမိုင်ခန့်သာဝေးတဲ့  နူရူလာ (ဘင်္ဂါလီရွာ) ရွာထပ်က နယ်ခြားစောင့် ကင်းစခန်းတစ်ခုကို သေနတ်သမားတွေက ဆိုင်ကယ်သုံးစီးနဲ့ ရောက်လာပြီး ကင်းသမား ထပ်မံတိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်မှာ အပြန်အလှန် ပစ်ခတ်မှုတွေအပြီး  ရဲဒုတပ်ကြပ်တစ်ဦး ကျဆုံးကာ ရဲတပ်ကြပ်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့က လိုက်လံရှင်းလင်းရာ ဆိုင်ကယ်သုံးစီးနဲ့အတူ ပစ္စတိုသေနတ်အိတ် အလွတ်လေးအိတ်၊ ကျည်ခွံ  ၁၃ ခုနဲ့ လက်လုပ်မီးလောင်ဗုံးအဖြစ် အသုံးပြုတဲ့ ဓာတ်ဆီပုလင်းပိုင်းတစ်ခု သိမ်းဆည်းရမိခဲ့ပါတယ်။
 
ဖြစ်စဉ်နှင့်ပတ်သက်ပြီး မောင်တောမြို့သို့ရောက်ရှိနေသည့် ပြန်ကြားရေးဝန်ကြီးဌာနမှ အရေးပေါ် သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်ဦးရဲနိုင်က “ဒီမှာက တခြားရန်သူ ဧရယာလိုမတူဘူးဗျ။ ဒီမှာကလေ ရန်သူဆိုတာ အသွင်ရောနေတာပဲ။ ဒီမှာက တခြားနေရာတွေကို ယူနီဖောင်းတွေနဲ့ လက်နက်ကိုင်ပြီး အဲဒီလိုမဟုတ်ဘူး။ အသွင်ယူထားတာ။ အရပ်သားတွေချည်းပဲ။ ဒီမှာက ရောနှောနေတာ” လို့ မြေပြင်အခြေအနေကို ပြောပါတယ်။
ထို့ပြင် ကင်းစခန်းတိုက်ခိုက်ခံရပြီး နာရီပိုင်းအကြာ  နိုဝင်ဘာ ၄ ရက် နံနက် ၃ နာရီ တွင် မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွှတ်မြို့ ရွာသစ်ရပ်ကွက်တွင် နယ်ခြားစောင့် ကင်းစခန်းတစ်ခု မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
 
■ မောင်တောဒေသကို သွားရောက်လေ့လာပြီး နိုင်ငံတကာသံအဖွဲ့ ဘာပြောသလဲ
စစ်တွေလေဆိပ်မှာ လုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာတော့ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက အမျိုးသမီးတွေကို အဓမ္မကျင့်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာတော့  လေ့လာရေးအဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး  Ms Renata Dessallien က “ကျွန်မတို့  အခုခရီးစဉ်မှာ အဲဒီစွပ်စွဲချက်တွေ မှန်လားမှားလား ဆိုတာကို သက်သေအထောက်အထား ရှာဖွေဖော်ထုတ်ဖို့ မဖြစ်နိုင်ပါဘူး။ ကျွန်မတို့ အခုသွားရောက်ပြီး ရွာသားတွေနဲ့ တွေ့ဆုံပြောဆိုခဲ့ရတဲ့ အနေအထားက အဲဒီလိုမေးမြန်းဖို့ အခွင့်သာတဲ့ အခြေအနေမျိုး မဟုတ်ပါဘူး။ အဲဒီနေရာမှာ အဖြေရရှိအောင် မရမက မေးမြန်းမယ်ဆိုရင် ဒေသခံတွေရဲ့ လုံခြုံရေးအတွက် ကျွန်မတို့ အင်မတန် တာဝန်မဲ့ရာကျပါလိမ့်မယ်။ တွေ့ဆုံပွဲမှာ သူအဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ ကျွန်မကို ထွက်ပြီးပြောဆိုတဲ့ အမျိုးသမီးတော့ မရှိခဲ့ပါဘူး” လို့ ပြောခဲ့ပါတယ်။
နိုဝင်ဘာ ၄ ရက်က ရန်ကုန်မြို့ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး Andrew Patrick က ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာခဲ့ရာမှာ အများစွပ်စွဲထားသလို ကြီးကျယ်တဲ့ထိခိုက်မှုကို မတွေ့ရကြောင်း ပြောခဲ့ပါတယ်။
“ကျွန်တော်တို့ အခုသွားခဲ့ရတဲ့ ခရီးစဉ်ဆိုတာက ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်းစဉ်တွေအတွက် ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။ နောက်ထပ်လည်း ကျွန်တော်တို့ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေ အများကြီးရှိပါသေးတယ်။ ဒါကတော့ လူသားချင်းဆိုင်ရာ ကူညီမှုတွေ အထောက်အပံ့တွေ ပေးဖို့ဖြစ်ပါတယ်။ ခုနကတုန်းကပြောတဲ့အထဲမှာ ကျွန်တော်တို့ရွာတွေကိုသွားတယ်။ ရွာသားတွေနဲ့ စကားပြောတယ်။ ပြောတဲ့အခါမှာ ကျွန်တော်တွေ့ရှိချက်ကတော့ နှစ်ခုဖြစ်ပါတယ်။ အဲဒါကတော့ ဘာလဲဆိုရင် ဖြစ်စဉ်တွေအကုန်လုံးက အားလုံးစွပ်စွဲထားသလို သိပ်ပြီးတော့ကြီးကျယ်တဲ့ ထိခိုက်မှုတွေ မရှိဘူးဆိုတာရယ်၊ နောက်တစ်ခုက ဘာလဲဆိုရင်တော့ လုံခြုံရေးပေါ့။ နယ်ခြားစောင့်တပ်တွေကနေပြီးတော့ လုံခြုံရေး လာပေးတာကို ရွာသားတွေအနေနဲ့ ကြိုဆိုတဲ့အကြောင်း ဖြစ်ပါတယ်။ ကျွန်တော်ပြောချင်တာက ဘာလဲဆိုရင် ဘာပဲဖြစ်ဖြစ် လက်ရှိအခြေအနေမှန်ကို ပြန်ပြီးတော့ စဉ်းစားရမှာ ဖြစ်တယ်။ အဲဒါကိုကြည့်ပြီးတော့ ရေရှည်မှာ ဒီလိုပြဿနာတွေ မဖြစ်အောင် ပြဿနာဖြေရှင်းတဲ့ နည်းလမ်းတွေ ဘယ်လိုရှာကြမလဲ။အဲဒါကို စဉ်းစားရမှာဖြစ်ပါတယ်” လို့ ဗြိတိသျှအမတ်ကြီး Andrew Patrick က ပြောကြားခဲ့ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုရှိတယ်နေလို့ သတင်းတွေ ထွက်နေမှုအပေါ် သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ရာမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး Ms Renata Dessallien က “လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အကြောင်းဖြစ်တယ်။ ဒီကိစ္စကတော့ အင်မတန်ကို နက်နက်နဲနဲနဲ့ စိုးရိမ်ပူပန်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ ကျွန်မတို့ကလည်း ဒီဟာကို စိုးရိမ်ပူပန်နေတဲ့အကြောင်း အစိုးရကိုသိအောင် ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ကတော့ လူသားချင်း စာနာမှုရယ်၊ ဖွံ့ဖြိုးတိုးတက်မှုတွေ ကိစ္စအတွက်ကို အဓိကထားပြီး ဆွေးနွေးခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
အလားတူ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ လွတ်လွတ်လပ်လပ်နဲ့ တရားမျှတမှုရှိတဲ့ စုံစမ်းစစ်ဆေးပါက တားဆီးဖော်ထုတ်နိုင်မယ်လို့   Ms Renata Dessallien က ပြောကြားခဲ့ပါတယ်။
ထို့နောက် အခြားသတင်းထောက်တစ်ဦးက မုဒိမ်းကျင့်မှုများသည် တကယ်မဟုတ်ဟု ဆိုလိုချင်တာလားဟု မေးမြန်းရာ  မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး Ms Renata Dessallien က “ ခုနကပြောတဲ့ မုဒိမ်းကျင့်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ ဒါတွေကဘာလဲဆိုရင် တစ်ယောက်ယောက်ကနေပြီးတော့ စွပ်စွဲပြောဆိုလိုက်တယ် ဆိုတာကရှိတယ်လို့ ကြေညာလိုက်တဲ့ သဘောဖြစ်သွားတာပေါ့။ သို့သော်လည်းပဲ တကယ်ရှိလား။ မရှိလားဆိုတာကို စုံစမ်းစစ်ဆေးဖို့အနေနဲ့ကတော့ ကုလသမဂ္ဂရော၊ နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ရော သူတို့သွားပြီးတော့ စစ်ဆေးနိုင်တဲ့ အခြေအနေမှာ မရှိပါဘူး။ အဲဒီတော့ ကျွန်မတို့အနေနဲ့ စုံစမ်းစစ်ဆေးတဲ့ အခန်းကဏ္ဍတစ်ခုအနေနဲ့ ဝင်ပါလို့ မရသေးပါဘူး။ သို့သော် ရှိနေတယ်ဆိုရင်တော့ အင်မတန်စိုးရိမ်စရာ ကောင်းတယ်ဆိုတာ ကျွန်မတို့သိပါတယ်” လို့ ပြောပါတယ်။
“လုံခြုံရေးတပ်သားတွေ ၁၅ ယောက်လောက် အသတ်ခံရတယ်ဆိုတာ တရားဥပဒေ စိုးမိုးရေးရှိနေတဲ့ အချုပ်အခြာအာဏာပိုင် ဖြစ်နေတဲ့ နိုင်ငံတစ်ခုမှာ ဒါအင်မတန်ကြီးကျယ်တဲ့ အမှုတစ်ခုဖြစ်ပါတယ်။  ကျွန်တော့်အနေနဲ့ကတော့ အောက်တိုဘာ ၉ ရက်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေရယ်၊ မနေ့က (နိုဝင်ဘာ ၃ ရက်) ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေရယ် မြေပြင်မှာဖြစ်ခဲ့တဲ့ ကိစ္စတွေက ကြီးကျယ်တဲ့ကိစ္စတွေဖြစ်ပါတယ်။ ဒါတွေကို ဖြေရှင်းတဲ့အခါမှာ အခုလောလောဆယ် လက်ရှိ လက်ငင်းဖြေရှင်းနေတဲ့ ဖြေရှင်းနည်းတွေကိုလည်း ရှုမြင်သုံးသပ်ရပါမယ်။ နောက်တစ်ခါ ရေရှည်မှာရော ဘယ်လိုဖြေရှင်းမလဲပေါ့နော်။ အဲဒါကိုလည်း ကျွန်တော်တို့ရှာရပါမယ်။ ဒါမှသာလျှင် ကျွန်တော်တို့က လူသားချင်းစာနာထောက်ထားတဲ့ ဘက်ကနေကြည့်ပြီးတော့ နောက်ကို ဒီလိုပြဿနာမျိုးတွေမဖြစ်နိုင်အောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်” လို့ EU သံအမတ်ကြီးက ပြောကြားပါတယ်။
ယခုဖြစ်ပွားခဲ့တဲ့ ကိစ္စရပ်တွေဟာ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားတဲ့ ကိစ္စများဖြစ်တဲ့အတွက် အပြင်တွင်အဖြေရှာမရဘဲ အဖြေမှာ  ရခိုင်ပြည်နယ်နဲ့ နေပြည်တော်၌သာရှိမယ်၊ လတ်တလောပြဿနာတွေကို ဖြေရှင်းရာမှာ လူသားချင်းစာနာမှု အထောက်အကူပေးခြင်းကစလို့ ဖြေရှင်းလိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ တူရကီနိုင်ငံ သံအမတ်ကြီးက ဆိုပါတယ်။
 
■ ခေတ်အဆက်ဆက် အကြမ်းဖက်အဖွဲ့အစည်းများ၏ အကြမ်းဖက်မှုများ
တကယ်တော့ မောင်တောအကြမ်းမှု ဖြစ်စဉ်ဟာ အခုမှ ရုတ်တရက်ကြီး ပေါ်လာတာ မဟုတ်ပါဘူး။ အကြမ်းဖက်အဖွဲ့အစည်းတွေကလည်း ခေတ်အဆက်ဆက် ခေါင်းထောင်ခဲ့ကြပါတယ်။
အင်္ဂလိပ်ခေတ်ကစပြီး ခေတ်အဆက်ဆက် တရားမဝင် ဝင်ရောက်နေထိုင်ခဲ့ကြတဲ့ ရခိုင်ပြည်နယ်က စစ်တကောင်းသား ဘင်္ဂါလီတွေဟာ ၁၉၄၂ ခုနှစ်မှာ ‘ဂျာမီယာတူအူလမာ’ဆိုတဲ့အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၄၂ ခုနှစ် ကုလား-ရခိုင် အဓိကရုဏ်းကို ဖန်တီးခဲ့ကြတယ်။ အာရဗီဘာသာရေးကျောင်းတွေ ထူထောင်ပြီး အစိုးရဆန့်ကျင်ရေး၊ အကြမ်းဖက် လမ်းစဉ်တွေကို ပျိုးထောင်မျိုးစေ့ချပေးခဲ့ကြတယ်။ ‘မူဂျာဟစ်’ အကြမ်းဖက်ဇာတ်ကောင်တွေကို မွေးထုတ်ပြီး မူဂျာဟစ်သောင်းကျန်းမှုတွေ ဖန်တီးပေးခဲ့ကြတယ်။ မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်အထိ တက်လာပြီး နိုင်ငံရေးစင်မြင့်ပေါ်ကနေ တိုက်ပွဲဝင်လာကြတော့တယ်။ ရိုဟင်ဂျာဆိုတဲ့ လူမျိုးတစ်ခုကို အသစ်တစ်ခါ ဖန်တီးပြီး တိုင်းရင်းသားဖြစ်ရေး၊ ရိုဟင်ဂျာပြည်နယ် ထူထောင်ရေးတွေ ကြိုးပမ်းခဲ့ကြတယ်။ အဲဒီနောက် လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းမှုတွေ ဆက်လုပ်ခဲ့ကြတယ်။ တာလီဘန်၊ အယ်လ်ကိုင်းဒါး၊ အိုင်စစ် ‘ISIS’ တွေနဲ့ ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့ RSO,ARNO တို့ဟာ ညီအစ်ကိုတွေဖြစ်လာကြ တယ်လို့ မှတ်တမ်းတွေ ရှိနေပါတယ်။ အခု အောက်တိုဘာ ၉ ရက် အကြမ်းဖက်တိုက်ခိုက်မှုတွေဟာလည်း မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်ဟာ မောင်တောဒေသမှာ အများစု ရောက်ရှိနေထိုင်လျက်ရှိကတည်းက  အစ္စလာမ်ဘာသာဝင်များအတွင်း အစွန်းရောက် အကြမ်းဖက်ဝါဒ တိုးမြင့်လာစေရန် အချိန်ယူ စည်းရုံးသိမ်းသွင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မောင်တောဒေသကို ခြေကုပ်ယူပြီးတော့ ဘူးသီးတောင်၊ မောင်တောဒေသကို သိမ်းပိုက်နိုင်ရန် ကြိုးပမ်းအားထုတ်ခဲ့ခြင်းဖြစ်ပြီး အရှေ့အလယ်ပိုင်း နိုင်ငံအချို့ရှိ အစွန်းရောက်ပုဂ္ဂိုလ်များ၏ ငွေကြေးပံ့ပိုးမှု အလုံးအရင်း ရယူခဲ့ခြင်းဖြစ်ကြောင်းနဲ့ ငွေကြေးထောက်ပံ့မှုပြုရာမှာ အဖွဲ့အစည်းအလိုက် ဆောင်ရွက်ခြင်းမပြုဘဲ လူပုဂ္ဂိုလ် တစ်ဦးချင်း ဆက်သွယ်မှုဖြင့် လျှို့ဝှက်ဆောင်ရွက်ခဲ့ခြင်း ဖြစ်တယ်ဆိုတာ ဖော်ထုတ်ရရှိခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါရှိခဲ့ပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ံ H.E.Mr. Fumio Kishida နဲ့ နိုဝင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၉  နာရီ ၄၅ မိနစ်မှာ  The Imperial Hotel တွင် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က “ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြဿနာဟာ အလွန်သိမ်မွေ့ပြီး တုံ့ပြန်ဆောင်ရွက်ရာမှာ အလွန်ဂရုစိုက်ဖို့ လိုပါတယ်။ မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်အရေးကို တရားဥပဒေစိုးမိုးရေးရဲ့အခြေခံမူများကို အခြေခံပြီး တုံ့ပြန် ဆောင်ရွက်နေပါတယ်” လို့ ပြောကြားထားပါတယ်။
တကယ်တော့ မောင်တောအကြမ်းဖက်မှုဖြစ်စဉ်ဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးတဲ့ တိုက်ခိုက်မှုဖြစ်ပါတယ်။ ကွင်းဆင်းလေ့လာမှုမှာ ပါခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ တူရကီနိုင်ငံသံအမတ်ကြီး ပြောခဲ့သလိုပဲ ယခုဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ်တွေဟာ ရခိုင်ပြည်နယ်၌ဖြစ်ပွားတဲ့ ကိစ္စများဖြစ်တဲ့အတွက် အပြင်တွင်အဖြေရှာမရဘဲ ပြည်တွင်းရေးသက်သက်သာဖြစ်တယ်။ မိမိတို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို တစ်လက်မမျှ ထိပါးမခံရဖို့နဲ့ အနောက်ဘက်တံခါးမှာ မျိုးချစ်စိတ်နဲ့ နေထိုင်နေကြတဲ့ ရခိုင်တိုင်းရင်းသား တွေရဲ့ဘ၀ လုံခြုံမှုရှိရေးအတွက် တခြားပြင်ပကိုမကြည့်ဘဲ  မြန်မာနိုင်ငံရဲ့ ဥပဒေအတိုင်းသာ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။

Most Read

Most Recent