(၁)မြန်မာတို့၏ ဆယ့်နှစ်လရာသီ၌ သီတင်းကျွတ်၊ တန်ဆောင်မုန်းနှစ်လကို မိုးအကုန် ဆောင်းအကူး စပ်ကူးမပ်ကူး ကာလဟု သတ်မှတ်လေ့ရှိသည်။ ယခုနှစ် သီတင်းကျွတ် လကုန်ပိုင်းက မိမိတို့ စစ်ကိုင်းနှင့် အနီးဝန်းကျင် ဒေသတို့၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ မိုးသည်းသည့်နေ့က စစ်ကိုင်းမြို့ အနောက်ခြမ်းကို ရေမြုပ်သွားသည်။ အချို့နေရာတို့၌ ရေကြီးရေလျှံ၍ ကားအသွားအလာ ရပ်ဆိုင်းသည်အထိ ဖြစ်ခဲ့ရသည်။ ထိုမိုးသည် ယခုနှစ် မိုးရာသီအတွက် နောက်ဆုံးပိတ် ရွာသွန်းလိုက်သည့် မိုးလည်း ဖြစ်ဟန်တူသည်။
သီတင်းကျွတ်၊ တန်ဆောင်မုန်း နောက်ဆုံးမိုးကြီး ရွာပြီးလေတိုင်း မိုးနှင့်ဆောင်း ရှေ့နောက်ဆက်ကာ နှင်းတွေဘာတွေ ကျလေ့ရှိသော်လည်း ယခုနှစ်၌ နှင်းမကျမီ ရောက်လာသည့်အရာက ‘တုပ်ကွေး’ ဖြစ်သည်။ ဟိုမှာလည်း တုပ်ကွေး၊ ဒီမှာလည်း တုပ်ကွေး၊ သူရောကိုယ်ရော ကွေးလိုက်ကြသည့် အကွေး။ တုပ်ကွေးက ရံခါမှ ကြုံရလေ့ရှိသော်လည်း ငွေနှင်းမှုန်ပျ ဆောင်းလရာသီ ရောက်လေတိုင်း နှစ်စဉ်မပြတ် ကြုံရတတ်သည့် ပုံမှန် အစဉ်အလာတစ်ခုက မင်္ဂလာဆောင်များပင် ဖြစ်တော့သည်။
(၂)ဟိုတစ်လောက ဆွမ်းခံအိမ်မှ ဒကာမကြီးတစ်ဦးက သူ့သား မိန်းမခိုးလာသည့် အကြောင်း ပြောနေသံ ကြားရသည်။ သူ့သား မိန်းမခိုးလာတာ မိမိနှင့် မဆိုင်သော်လည်း သူ့သားမင်္ဂလာပွဲကို ကျောင်းမှာ လုပ်ချင်ပါသည်ဆိုသည့် ကိစ္စကတော့ မိမိနှင့်ဆိုင်ခဲ့လေပြီ။ ထိုမင်္ဂလာပွဲမှာ ဧည့်ပရိသတ် ၂၅၀ လောက် ဖိတ်ထား၏ဟု ဆိုသည်။ မိမိတို့နေရာက ထိုပမာဏလောက်ကို မဆံ့။ ထို့ကြောင့် ကျောင်းမျက်နှာစာရှေ့ ကွင်းပြင်၌ စားပွဲကုလားထိုင် ခင်းပြီး ဧည့်ခံနိုင်ကြောင်း ပြောလိုက်ရသည်။
မြို့တွေမှာတော့ မင်္ဂလာဆောင် အခမ်းအနားက အမျိုးမျိုးဖြစ်သည်။ ပိန်သူပိန်၍ ဝသူဝသည်။ အကျဉ်းရုံးသူရုံး၍ အကျယ်ချဲ့သူ ချဲ့သည်။ အကျဉ်းရုံးသူတို့က ကိုယ့်အိမ်မှာ ဘုန်းကြီးလေးငါးပါးပင့်၊ မိတ်ဆွေ အရင်းအချာတို့ကို ဖိတ်ကြား၊ ကျွေးမွေး ဧည့်ခံစသည်ဖြင့် ခပ်ကျဉ်းကျဉ်း လုပ်လေ့ရှိပါသော်လည်း အချို့ကတော့ မင်္ဂလာဆောင် ဖိတ်စာမှစ၍ ငွေကုန် ကြေးကျခံပြီး အပြောက်အမွမ်း တင်ချင်ကြသည်။ ထိုပွဲသဘင်မျိုး၌ အခမ်းအနားမှူးမှစ၍ ဘိသိက်မြှောက်မည့်သူ၊ အခါတော်ပေး သီချင်းဆိုမည့်သူ၊ ပန်းကြဲမည့်သူ၊ မိတ်ကပ်လိမ်းပေးမည့်သူ၊ မင်္ဂလာလက်စွပ် ဝတ်ဆင်ပေးမည့်သူ၊ မင်္ဂလာရက်ချုပ်၌ လက်မှတ်ထိုးပေးမည့်သူ စသည်ဖြင့် ထိုသဘင်ပွဲ မင်္ဂလာမြောက်ဖို့အရေး သိုင်းကြဝိုင်းကြသူတို့ကပင် မနည်းမနော။
(၃)မိမိတို့ အညာမင်္ဂလာဆောင်ပွဲများ ကတော့ မြို့ကြီးပြကြီး ပွဲသဘင်တို့ကဲ့သို့ ကိန်းကြီးခန်းကြီး မရှိလှ။ ဝါးလုံးတွေ တိုက်သွားသည့် လှည်းသုံးလေးစီး သတို့သမီး အိမ်ရှေ့မောင်းသွားပြီ ဆိုကတည်းက ဘယ်သူ့မင်္ဂလာဆောင်ဆိုတာ တစ်ရွာလုံးက သိကြပြီးသား။ ပန္နက်ရိုက်၊ ကျင်းတူး၊ ဝါးလုံးထောင်၊ နှီးဖြင့် တုပ်နှောင်ပြီး သကာလ ဖျာကြမ်း ခင်းလိုက်ကာမျှဖြင့် မင်္ဂလာအခမ်းအနား အပြင်အဆင်ပိုင်းက ပြီးသလောက် ဖြစ်သွားပြီ။ သတို့သမီးကို တောင်းရမ်းသည့်ပွဲပေမို့ သတို့သမီးအိမ်၌ မဏ္ဍပ်ထိုး၍ အခမ်းအနားသဘင် ဆင်ယင်ကြခြင်း ဖြစ်သည်။
မင်္ဂလာမဆောင်မီ တစ်ရက်အလိုကတည်းက ရောက်လာသည့် အသံချဲ့စက်က တစ်ရွာလုံး ဝက်ဝက်ကွဲအောင် ဖွင့်သည်။ မင်္ဂလာဆောင်က ကိုယ့်အိမ်နှင့်နီးပြီဆိုလျှင် အိမ်သူအိမ်သားချင်း စကားတောင် ပြောလို့မဖြစ်တော့။ အသံချဲ့စက် ခဏနားမှသာ ကိုယ်ပြောလိုရာ ပြောနိုင်ကြတော့သည်။ မိမိတို့ ငယ်စဉ်ကတော့ တွံတေးသိန်းတန် သီချင်းတွေကို အများဆုံးဖွင့်ကြသည်။ သပြေအနုတို့ ငွေခရုတို့ များများပါသည့် ဓာတ်ပြားကို အဖွင့်ဆုံး ဖြစ်သည်။ မင်္ဂလာဆောင်သည့် ပွဲဆိုတော့ မင်္ဂလာလည်း ယူချင်ကြ ပေလိမ့်မည်။
မိမိတို့အရပ်၌ မင်္ဂလာဆောင်ရှိပြီဆိုလျှင် အိမ်တိုင်းစေ့အောင် လက်ဖက်ထုပ် ကမ်းရသည်။ နောက်ပြီး မင်္ဂလာပွဲအတွက် ဝယ်ခြမ်းထားသည့် အိုးသစ်အိမ်သစ် အသုံးအဆောင်များကို အပျိုကြီးအဖွဲ့က ခေါင်းပေါ်ရွက်ပြီး ဆွမ်းကြီးခံလမ်းအတိုင်း ရွာကိုလှည့်ပြသည်။ သူတို့အဖွဲ့ လှည့်လာချိန်၌ လူငယ်အဖွဲ့က လမ်း၏ ဟိုဘက်ဒီဘက်ကို ဝါးလုံးရှည်ကြီး ကန့်လန့်ဖြတ်ကာ တားထားလေ့ရှိသည်။ မိန်းမကြီးတွေက ယွန်းအုပ်ကြီးထဲ ထည့်လာသည့် မုန့်ပဲသရေစာ အနည်းငယ်ကို ပေးလိုက်မှ ထိုဝါးလုံးတန်းကို ဖြုတ်ပေးကြသည်။ ကာလသားတွေကတော့ ‘ခဲဖိုး’ ဆိုပြီး သတို့သားဆီမှာ တောင်းကြသည်။ ပြီးလျှင် သူတို့ ဘာသာဘာ၀ ဝိုင်းဖွဲ့ ချက်ပြုတ် စားသောက်ကြသည့် အလေ့ရှိခဲ့သည်။ ခုတော့ အစဉ်အလာ အတော်များများက ကွယ်ပခဲ့ပြီ ဖြစ်သည်။
(၄)တစ်ခါကတော့ မိမိတို့ဒေသ၏ ဧည့်ခံမုန့်က ညာတရာနှင့် လက်ဖက်သုပ် ချင်းသုပ် ဖြစ်သည်။ အချိုပန်းကန်ပြားဝိုင်းနီးနီး ပမာဏရှိသည့် အနီရောင် အကွင်းအကွင်းနှင့် ချိုရဲရဲ အရသာရှိသည့် မုန့်တစ်မျိုးကို မိမိတို့အရပ်က ‘ညာတရာ’ ဟုခေါ်ကြသည်။ မိမိတို့အရပ်၌ ဘာပွဲလမ်းရှိရှိ ထိုညာတရာမုန့်က ဇာတ်လိုက် ဖြစ်သည်။ ကိုယ်နှင့် အမျိုးတော်တော် မတော်တော် မင်္ဂလာဆောင်အိမ်မှာ အောက်လင်း ဓာတ်မီးတွေ ထိန်နေပြီဆို မိမိတို့ ကလေးတစ်သိုက်က ရောက်သွားတတ်သည်ချည်း။
မင်္ဂလာပွဲမတိုင်မီ အကြိုညများ၌ မင်္ဂလာဆောင်အိမ်မှာ လူကြီးတွေ စကားဝိုင်းရှိသည်။ ထိုဝိုင်း၌ ရေနွေးကြမ်းအိုးနှင့် လက်ဖက်သုပ် ရှိသည်။ ယောင်ပေပေ လုပ်နေသည့် မိမိတို့ ကလေးတစ်သိုက်အနီးသို့ အပျိုကြီး မခင်လှ ရောက်လာပြီး လက်ဖက်တစ်ရိုးစီ ဝေသည်။ တစ်ရိုးဆိုပေမင့် ကလေးလက်တစ်ဖက် အပြည့်၊ မိမိတို့က ညာဘက်၊ ဘယ်ဘက် နှစ်ဖက်ပြောင်းပြီး အလှူခံသည်။ သူကလည်း သိသိကြီးနှင့် နှစ်ဖက်စလုံး အပြည့်ထည့် ပေးလိုက်သည်။ သူတို့ မင်္ဂလာဆောင်သည့်ပွဲ၌ မိမိတို့ အမြတ်ရလိုက်သည်က ဒါပဲဖြစ်သည်။
(၅)မင်္ဂလာဆောင်၌ မင်္ဂလာလက်ဖွဲ့ခံယူသည့် ကိစ္စကတော့ တောရောမြို့ပါ ကျင့်သုံးနေသည့် ရိုးရာဓလေ့တစ်ခုပဲ ဖြစ်မည်ထင်သည်။ မိမိတို့ အရပ်၌လည်း မင်္ဂလာဆောင် ပွဲတစ်ပွဲရှိလေတိုင်း ‘လှည်းတစ်စီး၊ နွားတစ်ရှဉ်း၊ ဆွဲကြိုးတစ်ကုံး နားကပ်တစ်ရန်၊ မြေဘယ်နှဧက’ စသည်ဖြင့် သူတို့ စွမ်းနိုင်သည့် ပမာဏ အားလျော်စွာ ပေးအပ်လိုက်သည့် မိဘများ၏ လက်ဖွဲ့ပစ္စည်းစာရင်းကို အသံချဲ့စက်မှ ကြေညာစမြဲဖြစ်သည်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ အညာမင်္ဂလာဆောင်ဖွဲ့ လေးချိုးကြီး၌လည်း ‘လုပ်မှုကိုင်ဘွယ် တောလယ်ယာ တစ်ခင်းငဲ့ပြင်၊ ပြောင်းခင်း တစ်စလယ်ဝင်နှင့်၊ လယ်တစ်ရှင် စပါးနှစ်ဆယ်တွက်ကိုလ’ စသည်ဖြင့် နှစ်ဖက်မိဘတို့ ခွဲဝေပေးသည့် လက်ဖွဲ့ပစ္စည်း စာရင်းအချို့ကို တွေ့ရသည်။ ‘လမ်းချိုးအရှေ့၊ စမ်းရိုးအကွေ့ ခရောင်းယာမှာ၊ ‘ဟောသည်က’ အထုပ်တွေဖြေဖြေပြီး အကုန်သာကြဲလေ ရော့ဟဲ့လို့၊ ခရမ်းမျိုးစေ့ကောင်းစွာ ငရုတ်၊ ဂျုံ၊ ကုလားပဲသာပ၊ နှမ်းမျိုးသွေ့သွေ့ပြောင်း၊ ဝါ၊ ငပြုတ် ဖရုံပါ ဖရဲငဲ့ပြင်၊ ထမ်းပိုး၍ ရောင်းစရာ၊ အထုတ် မုန်လာ၊ ခဝဲတွေနှင့်၊ အလုပ် စုံစရာကပဲရယ်လို့များ လက်ဆောင်’ ဟုလည်း ဆရာကြီး ဖွဲ့နွဲ့ခဲ့သေးသည်။ ယာမြေကို သာမက ယာမြေ၌ ကြဲဖို့ မျိုးစေ့ကိုပါ လက်ဖွဲ့ခဲ့ကြသည့် ရှေးလူကြီးတို့၏ ရိုးရာ အစဉ်အလာနှင့် မေတ္တာတရားကို ပြက်ပြက်ထင်ထင် တွေ့လိုက်ရသည်။၊
“အို ကိုမင်းရာရဲ့၊ သားအတွက်ဆိုတော့၊ တအားတက်အောင် ရယ်လို့၊ ကျုပ်တို့အမေ အိုကလည်း ဓားမရှည်၊ ဓားမတိုတွေနှင့် အခြေကိုနှင်း၊ ကိုမင်းရာရယ်၊ မယားဘက်က မောင်တွေကလည်း ပလွေတိုနှစ်စင်း” တဲ့။ မိဘများကသာမက ယောက်ဖများကပါ ပလွေတို လက်ဆောင်ပေးပြီး တပျော်တပါး ဝိုင်းဝန်းပံ့ပိုးခဲ့ကြသည့် အညာမင်္ဂလာဆောင် တစ်ခု၏ ပုံသွင်ကို ဆရာကြီး စာတင်ခဲ့ပုံက လွမ်းဖို့ပင် ကောင်းသေးတော့သည်။
(၆)တစ်အိုးတစ်အိမ် ထူထောင်ကြမည့် သားသမီးတို့အား သူတို့လက် သူတို့ခြေဖြင့် ဥစ္စာဓနရှာဖွေ စားသောက်ကြဖို့ မိဘများက သူတို့ပိုင်ဆိုင်သည့် ဥစ္စာဓနထဲမှ ခွဲဝေပေးလိုက်သည့် သဘောဖြစ်သည်။ သားသမီးတို့ကလည်း မိဘတို့ ခွဲဝေပေးလိုက်သည့် လောကီအမွေကို မပျောက်မပျက်ရအောင် ထိန်းသိမ်း စောင့်ရှောက်ဖို့၊ ကြိုးစားပမ်းစား လုပ်ကိုင်ကြဖို့ လိုသည်။ ရလာသည့် စီးပွားဥစ္စာကိုလည်း ထုပ်ထုပ်ပိုက်ပိုက် ဖြစ်အောင် သိမ်းဆည်းတတ်ဖို့လိုသည်။
မိန်းကလေးရှင်တို့က သတို့သားလောင်းကို အကဲခတ်ရာ၌ ‘ဒီသူငယ် အသောက်အစား လောင်းကစားကင်း၊ မကင်း၊ လက်ကြောတင်း၊ မတင်း’ ဆိုသည့်အချက်ကို အသားပေး ကြည့်လေ့ရှိသကဲ့သို့ သတို့သမီးလောင်းကို အကဲခတ်ရာ၌လည်း ‘အိမ်တွင်းမှု လုပ်၊ သိမ်းထုပ်သေချာ’ ရှိမရှိ၊ ‘ဗိုင်းကောင်း ကျောက်ဖိ’ ဟုတ်မဟုတ်ကို စူးစမ်းလေ့ ရှိကြသည်။ ယခုကာလ၌ ဥစ္စာဓန အယိုအဖိတ်ကိစ္စက ရှေးကထက် ပိုများလာသည်၊ ပိုပြီး လွယ်ကူလာသည်။ အလောင်းအစားကိစ္စ ဆိုသည်မျိုးကလည်း ‘လွယ်လွန်းလို့ စိတ်တောင် ညစ်ရတယ်’ ဆိုသည့်ခေတ်ပေမို့ အများကြီး ဆင်ခြင်နိုင်ကာမှ တော်ကာကျမည့် ကာလ ဖြစ်သည်။
(၇)အိမ်ထောင်သစ် ထူထောင်ကြမည့် မောင်တို့မယ်တို့ အနေဖြင့် လူပျိုလူလွတ် ဘဝဖြင့် မိဘအိမ်နေစဉ်က ကဲ့သို့ ပေါ်ကြော့နေချင်၍ မဖြစ်တော့။ မကြာခင် ပွားစီးလာမည့် မိသားစုအရေအတွက်ကို ဆင်ခြင်၍ အပျင်းမဖက်ဘဲ အားကြိုးမာန်တက် စီးပွားရှာကြရတော့မည်။ အိမ်ရှင်မကလည်း ‘စီးတဲ့ရေ ဆယ်တဲ့ကန်သင်း’ နှလုံးသွင်းဖြင့် အိမ်ဦးနတ် ရှာဖွေနိုင်သမျှကို တစ်ထုပ်တစ်ပိုက် ဖြစ်အောင် စုတတ်ဆောင်းတတ်ဖို့ လိုပေလိမ့်မည်။
သို့မဟုတ်ပါက ဆရာကြီးမှိုင်း၏ လေးချိုး လင်္ကာကြီးထဲကလို ‘အဘွားပေးသည့် ကျီတစ်ဆောင်ကော အဘိုးပေးလိုက်ပါတဲ့ နွားညီနောင်’ ပါပြောင်သွားနိုင်သည်။ အကြွေး ၁၀၀ ကို ဒွေးခါက ပြန် ‘တောင်း’ တာမျိုးကိုလည်း ကြုံရနိုင်သည်။ သို့တည်းမဟုတ်ပါက ‘လှလှစွေ့စွေ့ ရယ်နှင့်၊ ၀၀ပြည့်ပြည့် နွားပြာတစ်ရှင်း ကိုလ၊ ကျောင်းဒကာကိုသာ အပ်လိုက်ပေရော့၊ ရသရွေ့ ဘာဘာညာညာရယ်လို့ မငြင်းလေနှင့်၊ မလေးရယ် ရောင်းကာသာ ဆပ်လိုက်ပေတော့ ရွာရှေ့ယာ တစ်ခင်း’ လည်း ဖြစ်သွားနိုင်သေး၏။ မိမိက ဤသို့ တွေးနေမိပါသည်။










