ပင်လယ်ကမ်းခြေဒေသ တစ်ခုဖြစ်တဲ့ အယ်တူလာတာမြို့ကလေးဟာ ၁၉ လကြာ ဖြစ်ပွားနေတဲ့ ယီမင်ပြည်တွင်းစစ်ဒဏ်ကို ခံစားနေရတာဖြစ်တာကြောင့် မြို့မှာနေထိုင်တဲ့ ဖူတာယာနီအလီဟာ တခြားပြည်သူတွေလိုပဲ စစ်ဘေးဒုက္ခ ခံစားနေရပါတယ်။ ကလေး ငါးယောက်ဖခင် အလီဟာ အငတ်ဘေးကြုံ တွေ့နေရပြီလို့ ညည်းညူလိုက်ပါတယ်။
“ငတ်ပြီး သေတဲ့လူတွေကို ဖုံးဖို့ ခြုံထည်တောင် မဝယ်နိုင်ဘူး” လို့ အလီက ပြောလိုက်ပါတယ်။ ပင်လယ်ကမ်းခြေမြို့မှာ တံငါသည်ဘဝနဲ့ အသက်မွေးဝမ်းကြောင်း ပြုနေတဲ့ အလီဟာ အသက် ၅၀ အရွယ်ရှိနေပါပြီ။ သူတို့မြို့ဟာ တခြားမြို့တွေလိုပဲ စစ်ဒဏ်သင့်နေတာ ကြာပြီဖြစ်ပါတယ်။
ပင်လယ်နီကို မှီပြီး အသက်မွေးဝမ်းကျောင်း ပြုနေရတဲ့ တံငါသည်တွေဟာ ငါးဖမ်းလို့ရတဲ့ ဝင်ငွေဟာ ဒေါ်လာ ၃၀ ခန့် ရှိခဲ့ပါတယ်။ ဒါက ခေတ်ကောင်းစဉ်ကာလ၊ ပြည်တွင်းစစ်မဖြစ်မီ ကာလပဲဖြစ်ပါတယ်။
ဒါပေမဲ့ ၂၀၁၅ မတ်လမှာ ယီမင်နိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပါတယ်။ ဆာနာမြို့တော်ကို သိမ်းပိုက်ထားတဲ့ ဟူသီတွေနဲ့ အတူ ယခင်သမ္မတဟောင်း ဟာလေကို သစ္စာခံသူတွေက တစ်ဖက်၊ အေဒင်မှာ အခြေစိုက်နေတဲ့ မန်ဆူဟာဒီကို ထောက်ခံတဲ့ လက်နက်ကိုင်တပ်ဖွဲကတွေ့က တစ်ဖက်တိုက်ပွဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
၂၀၁၅ မတ် ၂၅ ရက်မှာ ဟူသီတွေ ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီက ဟာဒီ အစိုးရတပ်ဖွဲ့တွေကို ထိုးစစ်ဆင်ခဲ့သလို တောင်ပိုင်းခရိုင်ရှိ မြို့တွေကို သိမ်းပိုက်ခဲ့ပါ တယ်။ ၂၅ မတ်မှာ အေဒင်အနီးရှိ လာ့ဂျ်မြို့ကို ဟူသီတပ်တွေ သိမ်းပိုက်ခဲ့တယ်။ ဟာဒီ ရုံးစိုက်တဲ့ အေဒင်ကို သိမ်းပိုက်ခဲ့တဲ့နောက်မှာတော့ ဟာဒီဟာ နိုင်ငံက စွန့်ခွာ ထွက်ပြေးသွားခဲ့ပါတယ်။
ဒီနောက် ဆော်ဒီနဲ့အခြား မဟာမိတ်နိုင်ငံတွေက ယခင်ယီမင်အစိုးရဖြစ်တဲ့ ဟာဒီကို အစိုးရအာဏာရစေဖို့ စစ်ရေးအကူအညီတွေ ပေးခဲ့ပါတယ်။ အမေရိကန်ကလည်း သတင်းနဲ့ နည်းပညာအကူ အညီတွေ ပေးခဲ့ပါတယ်။
၂၀၁၅ မတ်လမှ ၂၀၁၆ သြဂုတ်လအထိ ယီမင်နိုင်ငံမှာ လူပေါင်း တစ်သိန်းခန့် အသက်သေဆုံးခဲ့ပြီး ၃၇၀၀ ကျော်ဟာ အရပ်သားတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဟူသီတွေကို အီရန်တွေက လက်နက်တွေ ထောက်ပံ့ပေးနေတယ်လို့ အမေရိကန်ပြည်ထောင်စုနဲ့ ဆွန်နီတွေက စွပ်စွဲခဲ့ပါတယ်။ အာဖရိက နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အီရစ်ထရီးယားကလည်း ဟူသီသူပုန်တွေကို အီရန်နိုင်ငံက လက်နက်ထောက်ပံ့ပေးဖို့ သွေးထိုးနေတယ်လို့ စွပ်စွဲမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ပါရှန်ပင်လယ် ကွေ့နိုင်ငံတွေက ယီမင်အစိုးရကို ထောက်ခံခဲ့ပါတယ်။
အမေရိကန်နဲ့ ဆော်ဒီတို့ဟာ သူပုန်တွေ သိမ်းပိုက်ထားတဲ့ ဆာနာနဲ့ အခြားနေရာတွေမှာ မြေပြင်စစ်ဆင်ရေးတွေသာမက လေကြောင်းထိုးစစ်တွေပါ ဆင်နွှဲနေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ပွဲဒဏ်ကို ခံစားနေကြရပါတယ်။ တိုက်ပွဲတွေ ပြင်းထန်လေလေ အရပ်သားတွေနဲ့ဘဝက လုံခြုံမှုမဲ့ လေလေ အနေအထားရောက်နေပါတယ်။
“ကျွန်တော်တို့ဟာ သေမင်းရောက်လာမည့်အချိန်ကို စောင့်မျှော်နေကြတာ ဖြစ်ပါတယ်။ အစားအစာ ငတ်ပြတ်နေတဲ့ သားသမီးတွေအတွက် ဘာမှ ကျွန်တော်တို့ လုပ်မပေးနိုင်ကြပါဘူး” လို့ ကလေးမိဘတစ်ဦးက ပြောကြားပါတယ်။ သူတို့ဟာ သူပုန်တွေက သိမ်းပိုက်ထားတဲ့ တောင်ပိုင်းဒေသ ဟိုဒီယာဒါခရိုင်မှာ နေထိုင်သူတစ်ဦးဖြစ်ပါတယ်။
သူခမျာရှိသမျှ ပစ္စည်းတွေ ရောင်းချပြီး ဖြစ်ပါတယ်။ သူတို့အိပ်တဲ့ ခုတင်၊ စောင်စတာတွေ မရှိတော့ပါဘူး။ အိုးခွက်တွေကအစ ပြောင်တလင်းခါနေပါပြီ။
ပြည်သူ ၇၀၀၀ ခန့် သေဆုံးခဲ့ရတဲ့ ပြည်တွင်းစစ်၊ ပြည်သူ သုံးသန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ရတဲ့ ပြည်တွင်းစစ်၊ ပြည်တွင်းစစ်ဒဏ်ကြောင့် သေနတ်သံ၊ ဗုံးသံတွေ ညံနေခဲ့ပါတယ်။ လူတွေ သေဆုံးခဲ့ရုံနဲ့ မပြီးသေးဘဲ ပြည်တွင်းစစ်ရဲ့ နောက်ဆက်တွဲအဖြစ် အစာရေစာ ငတ်မွတ်ခေါင်းပါးမှု၊ ရောဂါဘယထူပြောမှုတွေ ဆက်တိုက်ပါလာခဲ့ပါတယ်။ ပြည်သူသန်းပေါင်းများစွာဟာ အစာအာဟာရ ငတ်ပြတ်နေကြပါတယ်။
ကလေးသူငယ် ငါးသိန်းခန့်ဟာ အစာရေစာ ချို့တဲ့မှုကြောင့် အိပ်ရာထဲလဲမည့် အနေအထား ရောက်နေကြပါပြီ။ ဟိုဒီဒါခရိုင်ဟာ ယီမင်နိုင်ငံရဲ့ အဆင်းရဲဆုံးဒေသထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။
ငတ်သေမယ့်ဘေး ကြုံနေရတဲ့ဒေသအဖြစ် ကျန်းမာရေးဌာနက သတိပေးထားရတဲ့ အရပ်ဒေသ ဖြစ်ပါတယ်။ လူတွေတော်များများဟာ အရိုးပေါ် အရေတင်၊ ကြုံလှီတဲ့ခန္ဓာ၊ မျက်တွင်းဟောက်၊ မေးရိုးတွေ ငေါထွက်နေတဲ့ ပုံသဏ္ဍာန်တွေ ဖြစ်နေကြပါတယ်။
အယ်တူလာတာမှာ နေထိုင်တဲ့ ပြည်သူ ၅၀၀၀ ခန့်ဟာ အစာငတ်ပြီး သေမယ့်အခြေအနေ ရှိနေပါတယ်။ ထို့အတူဆိုသလိုပဲ ဟိုဒီ ဒါမှာနေထိုင်တဲ့ ဆာအီးဒါအမည်ရှိ ၁၈ နှစ် သမီးလေးဆိုရင်လည်း လက်တွန်းလှည်းပေါ် မှာ ထိုင်ရင်း အစားအစာပေးမယ့်သူကို မျှော်လင့်နေပါတယ်။ သူက တုန်ရင်ချည့်နဲ့စွာနဲ့ မကြာခင် အသက်သေဆုံးတော့မှာ ဖြစ်တယ် လို့ ပြောနေပါတယ်။
သူမအနေနဲ့ နေရပ်ကို ပြန်ချင်နေပေမယ့် စစ်ဒဏ်ကြောင့် နေအိမ်ကို စွန့်ခွာပြီး ဒုက္ခသည်စခန်းတစ်ခုမှာ နေနေရပါတယ်။
ကုလစားနပ်ရိက္ခာအေဂျင်စီက ဒုက္ခသည်တွေအတွက် အာဟာရတွေ တိုက်ကျွေးနေသလို ယီမင်မှာ အငတ်ဘေးဒုက္ခသည်တွေ ပိုမိုများပြားလာနေမှာ ဖြစ်ကြောင်း၊ တာဝန်ရှိသူတွေကို တပ်လှန့်ပြောကြားခဲ့ပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကလည်း ဟိုဒီဒါမှာရှိနေတဲ့ အသက်ငါးနှစ်အောက် ကလေးငယ်တွေဟာ အာဟာရချို့တဲ့မှုဟာ နှစ်ဆမြင့်တက်နေပြီး ၁၅ ရာခိုင်နှုန်းဟာ အသက်သေဆုံးမယ့် အနေအထားရှိနေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ယီမင်နိုင်ငံရှိ လူသားမျိုးနွယ်တွေဟာ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကြောင့် လူစဉ်မမီတဲ့ အခြေအနေရောက်နေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့မှ ယီမင်လူမျိုးဒေါက်တာ တိုဘင်ဒျူးက ပြောကြားလိုက်ပါတယ်။
အစားအစာ၊ ဆေးဝါးနဲ့ အခြေခံစား သောက်ကုန်တွေ ချို့တဲ့မှုဟာ သန်းပေါင်းများစွာသော ပြည်သူလူထုကြီးကို အငတ်ဘေးတည်းဟူသော ချောက်ကမ်းပါးထိပ်မှာ တွန်းပို့ထားသလိုဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားပါတယ်။
ယီမင်ပြည်သူ ၂၆ သန်းဟာ အငတ်ဘေးဒဏ်တွေကို ခံနေကြရပါပြီ။ ဆင်းရဲတဲ့ ပြည်သူတွေဟာ ဘယ်နေ့အသက်ပျောက်မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ စောင့်မျှော်နေကြရပါတယ်။ ဆေးရုံရောက်နေတဲ့ လူနာတွေရဲ့ အခြေအနေက အဆိုးရွားဆုံးအနေအထားမှာ ရှိနေပါတယ်။ ဆေးဝါးက မပြည့်စုံတဲ့အပြင် အစာအာဟာရကလည်း ချို့တဲ့နေတာကြောင့် ဆေးရုံတက်ရောက်နေရတဲ့ လူနာတွေက သေမင်းနဲ့ စစ်ခင်းရာမှာ ဘယ်နည်းနဲ့မှ အနိုင်ရဖို့ လမ်းမမြင်နိုင်တော့ပါဖူး။
ပြည်တွင်းစစ် ရပ်စဲရေးဆိုတာကလည်း ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ဖြစ်ပေါ်လာတတ်တဲ့ သဘောမရှိတာကြောင့် တိုက်ပွဲတွေ ကြာရှည်တာနဲ့အမျှ သေဆုံးသူဦးရေဟာလည်း တစ်နေ့ထက်တစ်နေ့ ပိုများနေမှာ ဖြစ်ပါတယ်။
မြေစာပင်များ
Most Read
Most Recent
3 hours ago










