လက်ဦးဆရာ သတိပြုပါ

လက်ဦးဆရာ သတိပြုပါ
Published 5 November 2016
မင်းသန်းထိုက် (ဒေးဒရဲ)

ပညာရေး အကြောင်းကိုရေးတိုင်း ကျောင်းသားမိဘများနှင့် ပတ်သက်၍ အလျဉ်းသင့်သလို ကျွန်တော် ထည့်သွင်း ရေးသားဖူးပါသည်။ အကြောင်းမှာ ကျောင်းသားတစ်ယောက် ထူးချွန်ထက်မြက်ဖို့ ကာယကံရှင် ဖြစ်သော ကျောင်းသားက အခရာကျသလို ထိုကျောင်းသား၏ အနီးကပ်ဆုံး ပတ်ဝန်းကျင်ဖြစ်သော မိဘလည်း အရေးကြီးပါသည်။ အထူးသဖြင့် ကျွန်တော်တို့ နိုင်ငံ၏ လူနေမှု ဓလေ့အရ အခြေခံပညာအဆင့် ကျောင်းသား တစ်ဦးသည် မိဘအဆုံးအဖြတ်ကို လွန်ဆန်၍ ကိုယ့်သဘော ကိုယ့်ဆန္ဒဖြင့် လုပ်ခွင့်၊ ဆုံးဖြတ်ခွင့်ရသူ အတော်နည်းပါသည်။ မိဘ၏ အဆုံးအဖြတ်၊ လမ်းညွှန်မှုအောက်တွင်သာ သူတို့၏ ဘဝလမ်းကြောင်းကို ရွေးချယ်ကြရသည်။ သို့အတွက် မိဘများ၏ အထိန်းအကွပ်၊ လမ်းကြောင်း ညွှန်ပြမှုတို့သည် ကလေးတစ်ယောက်၏ အနာဂတ်အတွက် လွန်စွာ အရေးကြီးပါသည်။
ကျွန်တော်၏ အထက်တန်းဆရာဘ၀ အနှစ် ၂၀ ကျော်အတွင်း ကျောင်းသားမိဘ အတော်များများနှင့် တွေ့ဆုံခဲ့ဖူးပါသည်။ အချို့သောမိဘများက သားသမီးများကို အမိန့်ပေးသည့် ပုံစံမျိုးဖြင့် ဆက်ဆံကြသည်။ အချို့မိဘများက လေသံပျော့ကလေးဖြင့် ချိုချိုသာသာ ပြောဆိုလျက် ကိုယ့်အလိုကျဖြစ်အောင် ခိုင်းစေကြသည်။ အချို့ကမူ ဆွေးဆွေးနွေးနွေး တိုင်တိုင်ပင်ပင်ဖြင့် ကိုယ်ပြောသည့်စကားကို နားလည် လက်ခံလာအောင် စည်းရုံးသိမ်းသွင်းကြသည်။ ကျောင်းသားမိဘ တစ်ဦးနှင့်တစ်ဦး သားသမီးကို ဆက်ဆံပုံချင်း မတူကြသော်လည်း သူတို့အားလုံးတွင် တူညီနေသည့် အချက်မှာ မိဘတိုင်းလိုလိုက သားသမီးများ၏ ဆန္ဒအမှန်ကိုမြင်အောင် မကြည့်ကြခြင်းနှင့် သူတို့ ရွေးချယ် ဆုံးဖြတ်လိုက်ကြသည့် အချက်ကိုသာ အမှန်ဟု တရားသေ စွဲမှတ်ထားခြင်း ဖြစ်လေသည်။
စာသင်နှစ်တစ်ခုတွင် ပန်းချီဝါသနာပါသော တပည့်တစ်ယောက်ကို တွေ့ခဲ့ဖူးသည်။ ထိုတပည့်က စာလည်း အသင့်အတင့် တော်သဖြင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် သင်္ချာ ဂုဏ်ထူးဖြင့် အောင်ခဲ့သည်။ သူက ပန်းချီဝါသနာပါသဖြင့် ယဉ်ကျေးမှု တက္ကသိုလ်တက်ကာ ပန်းချီပညာ သင်ချင်သည်။ သို့သော် သူ့မိဘများက လက်မခံ။ မအူပင် ဂျီတီစီကျောင်းသို့ အတင်းပို့ခဲ့သည်။ သားဖြစ်သူက မိဘ၏ အလိုဆန္ဒကို မပယ်လှန်ဝံ့သဖြင့် မအူပင် ဂျီတီစီကျောင်းကိုတော့ သွားတက်ခဲ့သည်။ သို့သော် ပထမနှစ်မှာပင် နှစ်နှစ်ဆက်တိုက်ကျပြီး အိမ်ပြန်ရောက်လာသည်။ ခုတော့ ရုံးတစ်ရုံးမှာ စာရေး ဝင်လုပ်နေသည်။ သူမျှော်မှန်းသည့် ပန်းချီပညာလည်း မသင်ဖြစ်တော့သလို မိဘများဖြစ်စေချင်သည့် အင်ဂျင်နီယာလည်း မဖြစ်ခဲ့ပေ။
အချို့မိဘများကျတော့ ကိုယ့်သားသမီး၏ အခြေအနေမှန်ကို မြင်အောင် မကြည့်ဘဲ အတင်းအကျပ် လက်ပူတိုက် ဖိအားပေးလျှင် ရမည်အထင်နှင့် ဓနအင်အားကို အသုံးချကာ အတင်းတွန်းကြခြင်း ဖြစ်သည်။ တက္ကသိုလ်ဝင်တန်းတွင် ကျွန်တော် စာသင်ပေးခဲ့ရဖူးသော အမြွှာမောင်နှမ နှစ်ယောက်ရှိသည်။ သူတို့သည် လိမ္မာရေးခြားရှိကြ၏။ ဆရာသမား၊ မိဘများက ခိုင်းလျှင်လည်း ဘယ်တော့မှ ငြင်းဆန် ပယ်ရှားသည်ဟူ၍ မရှိ။ အလွန်ချစ်ခင်စရာ ကောင်းပါသည်။ သို့သော် ပညာပါရမီ နည်းခဲ့ကြသဖြင့် ကျောင်းစာ၌ အလွန်ပဲနုံနဲ့ကြသည်။ မိဘများက ချမ်းသာသဖြင့် တက္ကသိုလ်ဝင်တန်းတွင် ဘာသာရပ်ဆရာ တစ်ယောက်ချင်းကို အိမ်မှာခေါ်၍ သင်ကြားစေသည်။ ပြီး တစ်ဘာသာချင်းလည်း ဂိုက်ဆရာများ ငှားပေးထားသည်။ အစိုးရကျောင်းလည်း တက်ရသေးသည်။ ဆိုတော့ သူတို့ခမျာမှာ နံနက် ၆ နာရီခွဲမှ ည ၁၀ နာရီခွဲအတွင်း ထမင်းစာချိန် လေးတစ်နာရီခွဲလောက်သာ နားရရှာသည်။ ညဂိုက်ပြီးသွားချိန် ၁၀ နာရီခွဲမှ ၁၂ နာရီအထိ ကျောင်းကြီးအိမ်စာ၊ ကျူရှင်အိမ်စာ လုပ်ရသေးသည်။
အလွန်ပဲ သနားစရာကောင်း၏။ မိဘစကား မငြင်းဆန် မဖယ်ရှားတတ်သူများမို့ ခိုင်းသမျှလုပ်ရှာ၏။ သို့သော် ကျောင်းပညာ ပါရမီနည်းရကား ဦးနှောက်ထဲ ရိုက်ထည့်သမျှ ဆရာများ ချက်ချင်းမေးလျှင်ရသည်။ နောက်တစ်ရက်ခြားသွားလျှင် ဘာမှမမှတ်မိတော့ချေ။ ကျွန်တော်တို့၏ ဦးနှောက်သည် ရေထည့်သောခွက်နှင့် တူ၏။ သကြားရည် မပြည့်တပြည့် ထည့်ထားသော ခွက်ထဲသို့ ရေထပ်ထည့်လျှင် ခွက်နှင့် မဆံ့ပါက လျှံကျမည် ဖြစ်သည်။ သို့လျှံကျသောအခါ နောက်ထပ် ထည့်သည့်ရေချည်း လျှံကျသည်မဟုတ်ဘဲ နဂိုရှိပြီးသား သကြားရည်ပါ လျှံကျသကဲ့သို့ ဦးနှောက်သေးကလေးထဲသို့ ကျောင်းစာတွေ ထပ်ထပ်ထည့်သောအခါ အကုန်လျှံကျပြီး ဘာမှမမှတ်မိတော့ခြင်း ဖြစ်လေ၏။ မိဘတွေကတော့ ဆရာခေါ်ပေးထား၊ ဂိုက်ငှားပေးထားလျှင် ပြည့်စုံပြီ ထင်နေကြသည်။ ကျောင်းစာ၌ ကိုယ့်သားသမီး ဖြစ်ထွန်းမည်၊ မဖြစ်ထွန်းမည် မစဉ်းစား။ စာဆိုလျှင် ကျက်လျှင်ရမည်ချည်း မှတ်ယူထားကြ၏။ အချိန်တန်၍ စာမေးပွဲ မအောင်တော့မှ ကုန်ရကျိုးမနပ်လိုက်တာဟု ဆိုကြ၏။
တစ်ခါတွေ့ခဲ့ဖူးသည့် ကျောင်းသားမိဘများကတော့ တစ်မျိုးတစ်ဘာသာ ဖြစ်သည်။ သူတို့သည် တစ်ဦးတည်းသော သားကလေး မွေးထားပြီး သူတို့၏ မျှော်လင့်ချက် မှန်သမျှကို ထိုသားကလေး အပေါ် ပုံထားကြသည်။ သားကလေး ပျက်စီးသွားမှာ၊ အပေါင်းအသင်း မှားသွားမှာ အလွန်ပဲ စိုးရိမ်ကြသည်။ ထို့ကြောင့် ငယ်စဉ်ကတည်းက ဘယ်အပေါင်းအသင်းကိုမှ အိမ်ကို အလည်ခေါ်လာတာ မကြိုက်။ ယုတ်စွအဆုံး ညီအစ်ကိုဝမ်းကွဲများနှင့် အပြင်သွားတာပင် မကြိုက်။ အိမ်မှာ စက်ဘီး၊ ဆိုင်ကယ် ရှိသော်လည်း ဟိုနားဒီနားကလွဲ၍ ကျောင်းသွားတာတောင် စက်ဘီးနှင့် သွားခွင့်မပြု။ ဖအေက ဆိုင်ကယ်နှင့် လိုက်ပို့သည်။ လာကြိုသည်။ ကျွန်တော်က “ရှစ်တန်း၊ ကိုးတန်း နွေရာသီ ကျောင်းပိတ်ရက်မှာရော၊ သူငယ်ချင်းတွေနဲ့ ဟိုဟိုဒီဒီ သွားဖူးလား” ဆိုတော့ ထိုတပည့်က ခေါင်းရမ်းပြသည်။ သား ၁၀ တန်းအောင်ပြီး တက္ကသိုလ် သွားရင်တော့ သူတို့ ဘယ်လိုက်လို့ရတော့မလဲလို့ ကျွန်တော်ကဆိုတော့ သူတို့ပါ အိမ်ငှားပြီး လိုက်နေကြမှာဟု ဆိုပါသည်။ ကျွန်တော်က “သူတို့သေ သွားရင်ကောကွာ” ဟုဆိုတော့ ကောင်လေးက မဲ့ပြုံးလေး ပြုံးရှာပါသည်။
ပြောချင်သည်မှာ မိဘတိုင်းက သားသမီးတိုင်းကို အကောင်းဆုံး အခြေအနေအထိ မျှော်မှန်းထားတတ်ကြပါသည်။ သို့သော် သားသမီးကို ပြုစုပျိုးထောင်ခြင်းသည် သစ်ပင်တစ်ပင် ပြုစုပျိုးထောင်ခြင်း မဟုတ်ပါ။ သစ်ပင်တစ်ပင် ပြုစုပျိုးထောင်သည်က အချိန်တန်လျှင် ဘာသီးသီးမည်ဟု ကျိန်းသေပြော၍ ရသည်။ သရက်ပင် စိုက်လျှင် သရက်သီးသီးမည်။ ပိန္နဲပင်စိုက်လျှင် ပိန္နဲသီးသီးမည် ဖြစ်သည်။ သားသမီးကို ပြုစုပျိုးထောင်ရသည်က ကိုယ်ဖြစ်ချင်သည့် အတိုင်း၊ ကိုယ်မျှော်မှန်းသည့် အတိုင်း ဖြစ်ချင်မှဖြစ်ပေလိမ့်မည်။ သူတို့တွင်လည်း သူတို့ဆန္ဒ၊ သူတို့စိတ်ကူး၊ သူတို့ မျှော်လင့်ချက်ကလေးတွေ ရှိပေလိမ့်မည်။ မိဘက နေရာတကာမှာ ကိုယ့်ဆန္ဒ၊ ကိုယ့်စိတ်ကူးအတိုင်း လုပ်ချင်၍ မဖြစ်ပါ။ ကိုယ့်တုန်းက မဖြစ်ခဲ့တိုင်း ကိုယ်သားသမီး အလှည့်မှာ ဖြစ်အောင်လုပ်ခိုင်းမည် ဆိုလျှင်တော့ သားသမီးအပေါ် ရက်စက်ရာ ကျပါလိမ့်မည်။
မိဘတို့၏ ဆန္ဒနှင့် မျှော်လင့်ချက်ထက် သားသမီး၏ စိတ်ကူးနှင့် ဝါသနာကို ဦးစားပေးသင့်ပါသည်။ လူ့သဘာဝကား ဝါသနာပါရာ အတတ်ပညာ၌သာ ထူးချွန်အောင် ကြိုးစားတတ်ကြပါသည်။ မိဘ၏ ဆန္ဒအတိုင်း ဂျီတီစီတက်ပြီး သာမန် အင်ဂျင်နီယာဖြစ်တာထက် သားသမီး၏ ဝါသနာအရ ယဉ်ကျေးမှု တက္ကသိုလ်တက်ပြီး ထူးချွန်သော ပန်းချီဆရာ ဖြစ်သွားလျှင် ပိုမကောင်းပေဘူးလား။ သားသမီးက ကျောင်းစာမှ ပါရမီနည်းတာကို အတင်းအကျပ် ဖိအားတွေပေးပြီး ၁၀ တန်း မအောင်မချင်း စာတွေကျက်ခိုင်းနေမည့် အစား ဝါသနာပါရာ အတတ်ပညာ တစ်ခုခုသင်ကြားပေးလိုက်လျှင် သို့မဟုတ် လုပ်ငန်းတစ်ခုခု ထူထောင်ပေးလိုက်လျှင် ပိုမကောင်းပေဘူးလား၊ သားသမီး ပျက်စီးမှာစိုးလို့ အပေါင်းအသင်းပေါင်းတာ တင်းကျပ်ထားမည့်အစား လူ့အကြောင်း ပေါင်းကြည့်မှ သိဆိုသလို လူကောင်းလူဆိုး ခွဲခြားတတ်အောင် စာအုပ်စာပေတွေရဲ့ အကူအညီများနှင့် မှန်မှန်ကန်ကန်၊ တွေးတော ဆင်ခြင်တတ်သူဖြစ်အောင် ပျိုးထောင်ပေးလျှင် မကောင်းပေဘူးလား။
သားသမီးဆိုတာ တစ်ချိန်မှာ မိဘများရဲ့ အားထားမှီခိုရာ ဖြစ်လာကြမည့် သူတွေပါ။ သားသမီးများရဲ့ဘ၀ မှန်မှန်ကန်ကန် ကြီးပြင်းခွင့် ရကြမှသာ အားထားမှီခိုရာ အစစ်ဖြစ်လာမည်ဆိုတာ မိဘများ သတိထားဖို့လိုပါသည်။

Most Read

Most Recent