ရုပ်ရှင်ဖန်တီးမူ နယ်ပယ်သစ်တစ်ခုဖြစ်လာတဲ့ မှတ်တမ်းရုပ်ရှင် ကဏ္ဍ

ရုပ်ရှင်ဖန်တီးမူ နယ်ပယ်သစ်တစ်ခုဖြစ်လာတဲ့ မှတ်တမ်းရုပ်ရှင် ကဏ္ဍ
Published 3 November 2016
■ လင်းလင်းခိုင်

ရုပ်ရှင်အနုပညာ ဖန်တီးမှုတွေထဲက နယ်ပယ်သစ်တစ်ခုအဖြစ် မြန်မာနိုင်ငံမှာ ရပ်တည်လာခဲ့တဲ့ ကဏ္ဍတစ်ခုက မှတ်တမ်းရုပ်ရှင်ကဏ္ဍပဲ ဖြစ်ပါတယ်။ မြန်မာ့ ရုပ်ရှင်သမိုင်းကြောင်းကို ပြန်လည်ခြေရာ ကောက်မယ်ဆိုရင်လည်း ဦးထွန်းရှိန်ဈာပန သတင်းမှတ်တမ်းဇာတ်ကားကို စတင်ဖန်တီးမှုနဲ့ ပေါ်ထွက်လာခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေက တစ်ဆင့် ဖတ်ရှုလေ့လာခဲ့ရဖူး ပါတယ်။ ဒီနောက်မှာတော့ မြန်မာ့ရုပ်ရှင် ဖြတ်သန်းမှုခေတ် အဆက်ဆက်မှာ သတင်းအချက်အလက်တွေကို မှတ်တမ်းဇာတ်ကားအဖြစ် ဖန်တီးမှုတချို့ ရှိခဲ့ဖူးပေမယ့် နည်းပါးလှတဲ့ အရေအတွက်၊ အားနည်းလှတဲ့ ထိန်းသိမ်းစောင့်ရှောက်မှု တွေကြားမှာ မထင်မရှား ကဏ္ဍတစ်ခုအဖြစ်ပဲ ရှိခဲ့တယ်လို့ ဆိုရမှာပါ။    ဒီလိုအားနည်းခဲ့တဲ့ မှတ်တမ်းဇာတ်ကား ဖန်တီးမှုကဏ္ဍက လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခု ဝန်းကျင်က မြန်မာလူငယ်တွေကြားမှာ စတင်ပျံ့နှံ့လာခဲ့ပါတယ်။ မြန်မာလူငယ် ဖန်တီးသူတွေ၊ ရုပ်ရှင်ချစ်ပရိသတ်တွေနဲ့ မှတ်တမ်းဇာတ်ကားတွေကို စတင်မိတ်ဆက်ခဲ့တဲ့ ဇာတ်ကားတစ်ကားကတော့ မြန်မာနိုင်ငံရဲ့အထင်ကရ အနုပညာရှင်တစ်ဦးဖြစ်တဲ့ ပန်းချီဝသုန်ရဲ့ မှတ်တမ်း ဇာတ်ကားပါပဲ။ ဒီဇာတ်ကားကို ဖန်တီးရိုက်ကူးသူကတော့ လူငယ်အမျိုးသမီး ဒါရိုက်တာတစ်ဦးဖြစ်တဲ့ မကြည်ဖြူသျှင်ပါ။ ၂၀၀၅ ခုနှစ်မှာ ရန်ကုန်ရုပ်ရှင်ကျောင်းက စီစဉ်ပြုလုပ်တဲ့ ရုပ်ရှင်ဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်ခဲ့ပြီး နောက်မှာတော့ မှတ်တမ်းဇာတ်ကားတွေ ရိုက်ကူးဖြစ်ခဲ့တဲ့အနက် A Sketch of Wathone မှတ်တမ်းဇာတ်ကားက ထင်ရှားတဲ့ဇာတ်ကားတစ်ကား ဖြစ်လာခဲ့ပါတယ်။         ပန်းချီအနုပညာရှင်ဝသုန်ရဲ့ ရိုးရှင်းအေးချမ်းလှတဲ့ ဘဝနေထိုင်မှု၊ ပန်းချီဆရာတစ်ဦးရဲ့ အနုပညာအပေါ် တန်ဖိုးထားမှုတွေကို ပကတိအရှိတရားအတိုင်း ပေါ်လွင်အောင် ဖန်တီးခဲ့တဲ့ A Sketch of  Wathone မှတ်တမ်းဇာတ်ကားက အမေရိကန်နိုင်ငံမှာ ကျင်းပတဲ့ All Roads National Geographic Documentary Award rSm Winner ဆုကို ဆွတ်ခူးရရှိခဲ့ပြန်ပါတယ်။ ဒီဇာတ်ကားကတစ်ဆင့် မှတ်တမ်းဇာတ်ကားတွေနဲ့ မြန်မာပရိသတ်တွေ စတင်ထိတွေ့ခွင့်ရလာသလို လူငယ်အများအပြားကလည်း မှတ်တမ်းဇာတ်ကား ဖန်တီးမှုလမ်းကြောင်းသစ်အပေါ် စိတ်ဝင်စားမှု စတင်လာခဲ့ပါတယ်။    မှတ်တမ်းဇာတ်ကား ဖန်တီးမှုဆိုရာမှာ ရန်ကုန်ရုပ်ရှင်ကျောင်းလို အခမဲ့တက်ရောက်သင်ကြားခွင့် ရရှိနိုင်မယ့် သင်တန်းကျောင်းတွေ ပေါ်ထွက်လာတဲ့အပြင် အင်တာနက်အသုံးပြုနိုင်သူ လူငယ်တွေက အွန်လိုင်းကတစ်ဆင့် မှတ်တမ်းရုပ်ရှင်ရိုက်ကူးမှု အကြောင်းအရာတွေကို လေ့လာခဲ့ကြပါတယ်။ မှတ်တမ်းရုပ်ရှင် သင်တန်းတက်ရောက်ပြီးသူတွေက လက်တွေ့ဇာတ်ကားရိုက်ကူးမှုတွေ ပြုလုပ်ဖို့ ပြင်ဆင်လာကြပေမယ့် အခက်အခဲတွေ၊ ပိတ်ဆို့ထားမှုတွေလည်း များစွာရင်ဆိုင်ကြရပြန်ပါတယ်။ ၂၀၀၅ ခုနှစ်နဲ့ ၂၀၀၆ ခုနှစ်မှာစတင်ခဲ့ကြတဲ့ မှတ်တမ်းရုပ်ရှင်ဖန်တီးသူတွေရဲ့ အခန်းကဏ္ဍက တားဆီးပိတ်ပင်မှုတွေကြားထဲမှာပဲ နှစ်အလိုက် တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့ပါတယ်။    မှတ်တမ်းဇာတ်ကားရဲ့ အခြေခံအကြောင်းအရာလို့ဆိုရမယ့် ဖြစ်ရပ်မှန်အကြောင်းအရာပေါ် အခြေခံရိုက်ကူးရတာဖြစ်လို့ စစ်အာဏာရှင်အုပ်ချုပ်တဲ့ ခေတ်အခြေအနေမျိုးမှာ  လွတ်လပ်စွာ ဖန်တီးနိုင်ခွင့်တွေက အားနည်းနေခဲ့ပါတယ်။ အကြောင်းအရာတစ်ခုကို ရိုက်ကူးဖန်တီးနိုင်ဖို့ အခက်အခဲတွေ၊ စစ်ဆေးမေးမြန်း ခံရမှုတွေ များစွာကြားကပဲ ရိုက်ကူးကြရတဲ့အတွက် အကြောင်းအရာရွေးချယ်မှု အပိုင်းမှာလည်း များစွာကျဉ်းမြောင်းနေသေးတဲ့ အချိန်ကာလတစ်ခုကို ဖြတ်ကျော်ခဲ့ရတယ်လို့ ဆိုရမှာပါ။ ဒါ့အပြင် မှတ်တမ်းရုပ်ရှင်တွေနဲ့ နီးစပ်မှုအားနည်းနေသေးတဲ့ ပရိသတ်တွေကြားထဲမှာ ဖြစ်ရပ်မှန် အကြောင်းအရာတွေကို ဖွင့်ဟရိုက်ကူးနိုင်အောင် ကြိုးပမ်းရတာဖြစ်တဲ့ အတွက်လည်း စိန်ခေါ်မှုများစွာနဲ့ ကြုံခဲ့ရတဲ့ကာလတွေလို့ ဆိုရမှာပါ။    ၂၀၀၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ နာဂစ်မုန်တိုင်းဒဏ်ခံရမှု၊ သဘာဝဘေးအန္တရာယ်ရဲ့ နောက်ဆက်တွဲကျိန်စာတွေကို ပုံဖော်ထားတဲ့Nagris When Time Stopped Breathing မှတ်တမ်းဇာတ်ကားက နိုင်ငံတကာရုပ်ရှင် ပွဲတော်တွေမှာ ရွေးချယ်ပြသခံရတဲ့အပြင် မှတ်တမ်းရုပ်ရှင်တွေရဲ့ အရေးပါမှု၊ ထိရောက်မှုကိုလည်း ပရိသတ်တွေနဲ့ လူငယ်ဖန်တီးသူတွေ ပိုမိုသတိပြုမိလာစေပါတယ်။ ရန်ကုန်ရုပ်ရှင်ကျောင်းကလည်း နှစ်နှစ်တစ်ကြိမ် မှတ်တမ်းရုပ်ရှင် ဖန်တီးမှုသင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးခဲ့တာကြောင့် မှတ်တမ်းရုပ်ရှင်ဒါရိုက်တာတွေ တဖြည်းဖြည်း ပိုမိုများပြားစွာထွက်ပေါ်လာခဲ့ ပါတယ်။ အခြေခံမှတ်တမ်း ရုပ်ရှင်ဖန်တီးမှုသင်တန်း အပြင်တည်းဖြတ်မှု၊ ကင်မရာရိုက်ကူးမှု စတဲ့ဆက်စပ်သင်တန်းတွေကိုပါ ပို့ချလာခဲ့တဲ့အတွက် မှတ်တမ်းရုပ်ရှင်တွေရဲ့ အခန်းကဏ္ဍကလည်း တစ်စထက်တစ်စ ကျယ်ပြန့်လာတယ်လို့ ဆိုရမှာပါ။
 မှတ်တမ်းရုပ်ရှင်တွေရဲ့ အခန်းကဏ္ဍကို ထပ်မံကျယ်ပြန့်လာစေတဲ့ အချက်တစ်ချက်ကတော့ ၂၀၁၀ ပြည့်နှစ်ကနေစတင်ပြီး ပြည်တွင်းမှာ ပြုလုပ်လာခဲ့တဲ့ ရုပ်ရှင်ပွဲတော်တွေပဲ ဖြစ်ပါတယ်။ ဝဿန်ရုပ်ရှင်ပွဲတော် အပါအဝင် ရုပ်ရှင်ပွဲတော်တွေမှာ ပြည်တွင်းက လူငယ်ဖန်တီးသူတွေရဲ့ မှတ်တမ်းရုပ်ရှင်နဲ့ ဇာတ်ကားတိုဖန်တီးမှုတွေ၊ အင်နီမေးရှင်း ဇာတ်ကားတိုဖန်တီးမှုတွေကို ကြည့်ရှုအားပေးခွင့် ရရှိလာပါတယ်။ ဒီပြိုင်ပွဲကတစ်ဆင့်လည်း မှတ်တမ်းရုပ်ရှင်နဲ့ ဇာတ်ကားတို ဖန်တီးသူတွေအတွက် အခွင့်အလမ်းသစ်တွေ ရရှိစေခဲ့ပါတယ်။ ဒါ့အပြင် နောက်ပိုင်းနှစ်တွေမှာတော့ အခွင့်အလမ်းသစ်တွေအဖြစ် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်အပါအဝင် ရုပ်ရှင်ပွဲတော်များစွာက ထွက်ပေါ်လာခဲ့ပါတယ်။    လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုဆီကနေ စတင်အခြေတည်လာခဲ့တဲ့ မှတ်တမ်းရုပ်ရှင် ဖန်တီးမှုတွေက စစ်အာဏာရှင် အုပ်ချုပ်မှုအောက်မှာ လွတ်လပ်စွာဖန်တီးခွင့်တချို့ အားနည်းခဲ့ပေမယ့် အချိန်ကာလရွေ့လျား လာတာနဲ့အတူ ဖြစ်ရပ်မှန်အကြောင်းတရားတွေကို ဖော်ထုတ်ရိုက်ကူးခွင့်ရလာပါတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ယိုယွင်းပျက်စီးနေမှုတွေ၊ ပုံစံအမျိုးမျိုးနဲ့ လူ့အခွင့်အရေးဆုံးရှုံးနေမှုတွေ၊ တိမ်မြုပ်ပျောက်ကွယ်သွားနိုင်တဲ့ မြန်မာ့ဓလေ့နဲ့ ရိုးရာလုပ်ငန်းတွေ၊ မှေးမှိန်သွားနိုင်တဲ့ အနုပညာဖန်တီးမှုတွေ၊ ဆင်းရဲမွဲတေမှုရဲ့ နောက်ဆက်တွဲပြဿနာ ၊ အာဏာရှင်စနစ်ဆိုးအောက်က လွဲမှားမှုတွေကို တတ်နိုင်တဲ့ ရှုထောင့်အသီးသီးက ဖော်ထုတ်ရိုက်ကူးတဲ့ မှတ်တမ်းရုပ်ရှင်တွေလည်း ပေါ်ထွက်လာပါတယ်။ ၂၀၁၂ ခုနှစ်ဝန်းကျင်ကစလို့ လူငယ်မှတ်တမ်း ရုပ်ရှင်ဖန်တီးသူ မျိုးဆက်သစ်တွေ များစွာထွက်ပေါ်လာခဲ့ပြီး လက်ရှိ အချိန်မှာတော့ အရှိန်အဟုန်ကောင်းတဲ့ အရေအတွက်တစ်ခုစီ ရောက်ရှိလာတယ်လို့ ဆိုရမှာပါ။ ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ ကျင်းပတဲ့ မှတ်တမ်းရုပ်ရှင်ပွဲတော်တွေ အပါအဝင် ရုပ်ရှင်ပွဲတော်များစွာမှာလည်း ပြည်တွင်းက မှတ်တမ်းရုပ်ရှင် ဖန်တီးသူတွေရဲ့ ဇာတ်ကားဖန်တီးမှုလက်ရာ ၅၀ ကျော်ကပြသနိုင်ခဲ့ပြီးဖြစ်သလို ထိပ်တန်းဆုများစွာကိုလည်း ရယူနိုင်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။    ၂၀၀၅ ခုနှစ်ဝန်းကျင်က အစပြုခဲ့တဲ့ ဆယ်စုနှစ်ခရီးတိုင် မှတ်တမ်းရုပ်ရှင်တွေရဲ့ ခရီးလမ်းမှာ မျိုးဆက်နှစ်ဆက်လို့ဆိုရမယ့် ဖန်တီးသူတွေလည်း ထွက်ပေါ်လာခဲ့ပြီးဖြစ်သလို ဖြစ်ရပ်မှန် အကြောင်းအရာများစွာကို ထင်ဟပ်ပုံဖော်ထားတဲ့ မှတ်တမ်းရုပ်ရှင် များစွာကလည်း နေရာတစ်ခုအနေနဲ့ ရပ်တည်နိုင်ခဲ့ပါပြီ။ ဒါတွေရဲ့ နောက်ဆက်တွဲအနေနဲ့ မှတ်တမ်းရုပ်ရှင် အကြောင်းအရာပိုင်းကို ကြည့်မယ်ဆိုရင်လည်း ခေတ်စနစ် ပြောင်းလဲလာတယ်လို့ ဆိုကြပေမယ့် ဆက်လက်ရှိနေမြဲဖြစ်တဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့ ပြည်သူတွေရဲ့ အခက်အခဲ၊ သတိပြုဆန့်ကျင်ရမယ့် စီမံကိန်းတွေ၊ အမြန်ဆုံး အကောင်အထည်ပေါ်လာသင့်တဲ့ အပစ်အခတ်ရပ်စဲရေး၊ လူအများရင်ဆိုင်ရဆဲဖြစ်တဲ့ ဆင်းရဲမွဲတေမှု၊ တရားဥပဒေစိုးမိုးမှု အားနည်းတာ၊ ယိုယွင်းဆဲ တရားစီရင်ရေး၊ ဆုံးရှုံးနေဆဲဖြစ်တဲ့ လူ့အခွင့်အရေး စတဲ့ ခေါင်းစဉ်ပေါင်းများစွာက မှတ်တမ်းရုပ်ရှင်ဖန်တီးသူတွေ မဖြစ်မနေ ရွေးချယ်ရမယ့် အကြောင်းအရာတွေအဖြစ် ဆက်လက်ရပ်တည်လို့ နေပါတယ်။    သတင်းအချက်အလက်တွေကို အနုပညာနဲ့ ပေါင်းစပ်ဖန်တီးခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်မယ့် မှတ်တမ်းရုပ်ရှင်ဖန်တီးမှုကို ပြည်သူတွေကြားက သတင်းစကားကို ဖလှယ်နိုင်မယ့် ကြားခံကိရိယာတစ်ခုအဖြစ် ဆယ်စုနှစ်တစ်ခုစာ အသုံးပြုလာခဲ့ပြီးပါပြီ။ လက်ရှိအချိန်မှာလည်း ပြုပြင်ပြောင်းလဲဖို့၊ ဝေဖန်ထောက်ပြဖို့ လိုအပ်နေဆဲ အကြောင်းအရာတွေ များပြားနေဆဲဖြစ်တဲ့အတွက် ဒီအခြေခံ အချက်အလက်တွေကိုပဲ ပြည်တွင်းက ပရိသတ်တွေသိအောင်၊ ကမ္ဘာ့နိုင်ငံအသီးသီးက ရုပ်ရှင်ချစ်ပရိသတ်တွေ သတိပြုမိအောင် ဆက်လက်ပုံဖော် သွားရဦးမှာဖြစ်ပါတယ်။ ဖြတ်သန်းလာတဲ့ ခရီးလမ်းအချိန်ကာလတစ်ခု ကျော်ဖြတ်အပြီးမှာတော့ စတင်ဖန်တီးခဲ့သူတွေ ကြုံခဲ့ရတဲ့ သင်ခန်းစာတွေ၊ အခက်အခဲတွေကို ဖြတ်ကျော်နိုင်ခဲ့ပြီးဖြစ်သလို ထပ်မံရင်ဆိုင်ရနိုင်တဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေအတွက် ပြင်ဆင်ထားရမှာပါ။    ဒါ့အပြင် မှတ်တမ်းရုပ်ရှင်ဖန်တီးမှု  လမ်းကြောင်းကို စိတ်ဝင်စားသူတွေအတွက် လေ့လာဆည်းပူးနိုင်မယ့် မှတ်တမ်းရုပ်ရှင် သင်တန်းကျောင်းတွေ၊ အွန်လိုင်းသင်တန်းတွေလည်း များစွာထွက်ပေါ်လာခဲ့ပါပြီ။ ရန်ကုန်၊ မန္တလေးလို မြို့ကြီးပြကြီးက လူငယ်တွေအပြင် နယ်မြို့အသီးသီး၊ တိုင်းရင်းသား လူငယ်များကပါ မှတ်တမ်းရုပ်ရှင် ဖန်တီးမှုအနုပညာကို လေ့လာဆည်းပူးနိုင်တဲ့ အခွင့်အလမ်းတွေလည်း ရှိနေပြီဖြစ်ပါတယ်။ နိုင်ငံတကာမှာတော့ မှတ်တမ်းရုပ်ရှင်ဖန်တီးမှု ဈေးကွက်သီးခြားရှိနေပေမယ့် ပြည်တွင်း မှတ်တမ်း ရုပ်ရှင်ဇာတ်ကားတွေကတော့ ဈေးကွက်တစ်ခုအသွင် ရပ်တည်နိုင်မှု အားနည်းနေပါသေးတယ်။ မှတ်တမ်းရုပ်ရှင် ဖန်တီးမှုတွေရဲ့ ရည်ရွယ်ရာ ပန်းတိုင်က ပြည်တွင်းပရိသတ်တွေဆီ ပေးပို့ချင်တဲ့ သတင်းစကားတွေ ရောက်ရှိစေဖို့၊ ပြည်တွင်း ပြည်ပက ရုပ်ရှင်ပွဲတော်တွေဆီ ပေးပို့ပြသနိုင်စေဖို့ ဆိုတာသာ ရှိပါသေးတယ်။ မှတ်တမ်း ရုပ်ရှင်ဈေးကွက်တစ်ခု ဖြစ်လာဖို့ကိုလည်း ကြိုးစားအားထုတ်မှု ခွန်အားအပြည့်နဲ့အတူ ရှေ့ဆက်သွားရဦးမှာပါ။    လက်ရှိအချိန်မှာတော့ ဆယ်စုနှစ်တစ်ခု ကျော်လာခဲ့ပြီဖြစ်တဲ့ မှတ်တမ်းရုပ်ရှင်ဖန်တီးမှုက ပြည်တွင်းအနုပညာ ဖန်တီးမှုတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုနေရာကို ရောက်ရှိလို့လာခဲ့ပါပြီ။ ပင်မအနုပညာ ဖန်တီးမှု လမ်းကြောင်းတစ်ခု မဟုတ်တဲ့၊ အရင်းအနှီး ကုန်ကျစရိတ် အတန်အသင့်နည်းပါးစွာ သာစိုက်ထုတ်ဖန်တီးနိုင်တဲ့၊ လူအများကြားက အခြေခံအကျဆုံး အကြောင်းအရာတွေကို အများသိအောင် ပြန်လည်မျှဝေနိုင်တဲ့ မှတ်တမ်းရုပ်ရှင် ကဏ္ဍက အချိန်တိုအတွင်း နိုင်ငံတကာလမ်းကြောင်းကို ခြေချနိုင်မှုနဲ့အတူ မတူကွဲပြားတဲ့ အနုပညာအရည်အသွေး၊ စဉ်းစားအားထုတ်မှုတွေနဲ့ ပိုမိုထင်ရှားတောက်ပတဲ့ အနာဂတ်ခရီးကိုဆက်လက်လျှောက်လှမ်း နိုင်ပါစေလို့လည်း ဆုမွန်ကောင်း တောင်းပေးချင်ပါတယ်။

Most Read

Most Recent